Friday, May 6, 2011

ရခိုင်ကွမ်းသီး ဘင်္ဂလီဈေးကွက်တွင်၍ ဘင်္ဂလာဒေ့ခ်ျ နိုင်ငံတော်ဝင်ငွေပိုမိုရရှိလာ

ဂစ္ဆပသတင်းဌာ
မေလ (၆)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ရခိုင်ကွမ်းသီး ဘင်္ဂလီဈေးကွက်တွင်၍ ဘင်္ဂလာဒေ့ခ်ျ နိုင်ငံတော်ဝင်ငွေပိုမိုရရှိလာ

မြန်မာနိုင်ငံ အနောက်ဖက်ရှိ ရခိုင်ပြည်နယ်မှ ကွမ်းသီးမှာ ဘင်္ဂလီဈေးကွက်တွင်၍ ဘင်္ဂလာဒေ့ခ်ျ နိုင်ငံတော်ဝင်ငွေမှာ ပိုမိုပြီး လွန်ခဲ့သော နှစ်များကထက် မြင့်တက်လျှက်ရှိနေကြောင်း တာခ်နာမြို့ရှိ မြန်မာကုန်စည်များ လက်ခံသည့် ဆိပ်ကမ်းသတင်းများက ဆိုသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် လွန်ခဲ့သော ၂၀၁၀ ခုနှစ်က ရခိုင်ကွမ်းသီး ဘင်္ဂလာသို့ တင်ပို့ကုန်မှ အကောက်အခွန်ရှိရသည့် နိုင်ငံတော် ၀င်ငွေမှာ ၃၃၁၀၆၆၀၀ တာကာ ရရှိကြောင်းနှင့် ယခုနှစ် ဧပြီလ(၂၇)ရက်အထိ ၁၉၃၇၁၅၀၀ တာကာ ရရှိကြောင်း ဆိပ်ကမ်း ကာစတင် အာနိုယာ မာဆူမ်မှ ပြောသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် မြန်မာနိုင်ငံအနောက်ဖက် ရခိုင်ပြည်နယ်မှ ယခုတလော ကွမ်းသီးပေါက်ဈေးမှာ အလုံးကြီး တပေါင် (၈၀)လုံးကို ၁၇၀ မှ ၁၉၀ တာကာအထိ ရရှိကြောင်းနှင့် အလုံးငယ်မှာ ၁၁၀ မှ ၁၃၀ တာကာရှိကြောင်းနှင့် ဘင်္ဂလီကွမ်းသီးမှာ တပေါင် အလုံး (၈၀)အကြီးကို ၁၃၀ မှ ၁၅၀ တာကာနှင့် အလုံးငယ် (၈၀)လုံးမှာ ၇၀ မှ ၉၀ တာကာသာ ရရှိကြောင်း ကွမ်းသီးဈေးကွက်မှ ဆိုသည်။

သို့သော်လည်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ၆၅ မြို့နယ်ဒေသများမှ ထွက်ရှိသည့် ဘင်္ဂလီကွမ်းသီးမှ အစိုးရနိုင်ငံတော်ဝင်ငွေမှာ လွန်ခဲ့သော နှစ်ထက် ၁၃၇၉၄၀၅၀ တာကာ လျော့ကျသွားကြောင်းနှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ မြို့နယ်လယ်ယာဝန်ကြီး ချေခ် ဇာမာလ် အူဒ်ဒိန်မှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ကွမ်းသီးတော ၃၀၀၀ ရှိကြောင်း ပြောသည်ဟု မေလ (၃)ရက်နေ့ထုတ် ဘင်္ဂလီနာမည်ကြီး သတင်းစာတစောင် ဖြစ်သော Prothom-alo သတင်းစာက ဆိုသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် လွန်ခဲ့သောနှစ်က အဆိုပါကွမ်းသီးတောများမှ ကွမ်းသီး ၃၀၀၀ မေတြိတန်ချိန် ထွက်ရှိကြောင်းနှင့် မိုးလေ၀သ ကောင်းလျှင် အဆိုပါကွမ်းသီးတောများမှ ၄၀၀၀ မေတြိတန်ချိန်အထိ ထွက်ရှိကြောင်းဆိုသည်။

ရခိုင်ပြည်နယ်တွင် အဓိကကွမ်းသီးထွက်သည့် မြို့နယ်များမှာ မြောက်ဦး (မြို့ဟောင်း)မြို့နယ်နှင့် မင်းပြားမြို့နယ်များမှ အဓိက ထွက်ရှိပြီး ကွမ်းသီးစိမ်း၊ ရေစိမ်နှင့် အခြောက်များပါ ဘင်္ဂလာသို့တင်ပို့သည်ဟု သိရှိရသည်။ ရခိုင်ပြည်၌ ကျန်မြို့နယ်ဒေသများမှာလည်း ကွမ်းသီးနှင့် တခြားသီးနှံများ အများအပြား ထွက်နှုန်းကောင်းသော ပြည်နယ်တခုဖြစ်သည်။

ရခိုင်ပြည်မှ ကွမ်းသီးများ ဘင်္ဂလာတွင် ဈေးကောင်းသည်ကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကွမ်းသီးတောစီးပွားရေးသမားများက နှစ်သက်မှု လုံးဝ မရှိကြသော်လည်း ၎င်းတို့ကွမ်းသီးများထက်ကောင်းသည့် ရခိုင်ကွမ်းသီးများနှင့်အတူ ရောနှောရောင်းချကြကြောင်း စုံစမ်းသိရှိရသည်။

ရခိုင်ပြည် စစ်တွေမြို့တော်နှင့် တခြားမြို့နယ်များတွင် ကွမ်းတယာကို ၃၀ ကျပ်ဖြစ်ပြီး ကွမ်းလေးယာဆိုလျှင် ၁၀၀ ကျပ်ဖြစ်သည်။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ရိုးရိုးကွမ်းတယာကို ၃ တာကာမှ စပယ်ရှယ်ကွမ်းတယာကို ၅ တာကာမှ ၁၀ တာကာအထိ ပေါက်ဈေးရှိသည်။

သို့သော်လည်း ရခိုင်ကွမ်းသီးများမှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စီးပွားရေးသမားများထံတွင် ဘင်္ဂလီကွမ်းသီးဈေးထက် ဈေးနှိမ်ခံရပြီး မြန်မာ့ ကွမ်းသီးဈေးကွက်နှင့်ဆိုလျှင် အနည်းငယ်မျှ တွက်ခြေကိုက်ကြောင်း မြောက်ဦးမြို့မှ ကွမ်းသီးစီးပွားရေးသမားတဦးက ပြောသည်။

နှစ်ပေါင်း (၂၀)နီးပါးခန့်ထိ ကြာရှည်လာပြီးဖြစ်သော မြန်မာ-ဘင်္ဂလာဒေ့ခ်ျနှစ်နိုင်ငံ စီးပွားရေးတရားဝင် စာချုပ်တွင် ကွမ်းသီးနှင့် တချို့ ကုန်များ တင်ပို့လက်ခံရန် သဘောတူညီမှု မရှိသော်လည်း မြန်မာမှပို့ကုန်များကို ဘင်္ဂလာဒေ့ခ်ျအနေဖြင့် အဆမတန် ၀ယ်လိုအားကြီးပြီး တရားဝင် သဘောတူညီမှုမှအပြင် နည်းမျိုးစုံဖြင့် တခြားကုန်ပစ္စည်းများကိုလည်း မှာယူလေ့ရှိကာ မြန်မာ့ကုန်စည်များ ဆိပ်ကမ်းသို့ ရောက်သည့်အခါတွင် အမြဲတမ်း ဘင်္ဂလီစီးပွားရေးသမားများမှာ နည်းမျိုးစုံဖြင့် ဈေးနှိမ်ကြကြောင်း သိရှိရသည်။

တခြားတဖက်မှာ စစ်အုပ်စု၏ စီးပွားရေး လုပ်ငန်းစဉ်များ ညံ့ဖျင်းမှုများနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကို နိုင်ငံ့အတွင်း နည်းမျိုးစုံ ဖန်တီးမှု များကြောင့် အိမ်နီးချင်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံနှင့် တချို့နိုင်ငံများမှ အခွင့်ကောင်းယူကာ မြန်မာ့ကုန်စည်များကို အတမတန် လှည့်လည် သွေးဆောင်မှုများဖြင့် ဈေးနှိမ်လုပ်ဆောင်လျှက် ရှိနေကြောင်း နယ်စပ်စီးပွားရေးသမားများက ပြောဆိုကြသည်။

+ 88 01715445478

No comments:

Post a Comment