Friday, October 5, 2012

ဆေခ် ဟာဆိနာ ကော့စ်ဘဇားခရိုင်သို့ လာရောက်မည်ဖြစ်သော်လည်း ယနေ့အခြေအနေ စိုးရိမ်နေရ

Written by သဇင်ဥ    Friday, 05 October 2012 13:40   


ShaAsahinaဘင်္ဂလာဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ် ဆေခ် ဟာဆိနာ ကော့စ်ဘဇားမြို့သို့ တနင်္လာနေ့ လာရောက်မည်ဖြစ်သော်လည်း ယနေ့သောကြာနေ့ ယင်းသောင်းကျန်းသူများ ကော့စ်ဘဇားမြို့အတွင်း တိုင်းရင်းသားများအား တိုက်ခိုက်မည့်သတင်းများ ထွက်ပေါ်နေ၍ ဒေသခံများမှာ စိုးရိမ်ကြောက်ကြမှုများ ဖြစ်ပေါ်နေကြကြောင်း သတင်းများ ထွက်ပေါ်နေသည်။

သောင်းကျန်းသူ မူဆလင်ဘာသာဝင်များမှာ သောကြာနေ့တိုင်း ဘုရားဝတ်ပြုလေ့ရှိပြီး ဗလီကျောင်းမှအပြန်တွင် အစုလိုက် အပုံလိုက် အကြမ်းဖက် မီးရှို့ဖျက်ဆီးသတ်ဖြတ်လေ့ရှိသောကြောင့် တခြားသော ဘာသာဝင်များမှာ စိုးရိမ်ကြောင်းကြမှုများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ကော့စ်ဘဇားမြို့ ပြည်သူ့ဆေးရုံကြီးမှ သူနာပြု ဆရာမတယောက်က "မနေ့ညဥ့်က တညလုံးအိပ်မရပါ၊ ကော့စ်ဘဇားမြို့တွင်းမှာ ဗုဒ္ဓဘာသာဝင် နေအိမ်တွေကို ၀င်ရောက်ခြိမ်းခြောက်မွှေနှောက်ပါတယ်၊ အကြမ်းဖက်သမားတွေပြောတာက BGB၊ စစ်တပ်နဲ့ ရဲတွေမှာ ကျဉ် တလုံးဘဲ ထွက်တယ်၊ ငါတို့မှာ ငါးလုံးထွက်တယ်လို့ ပြောဆိုခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။"ဟု ရှင်းပြသည်။

ဒေသခံမြို့မိ၊ မြို့ဘ တစ်ဦးက "မူဆလင်တွေ အကြမ်းဖက်လုပ်မှာက သီးသန့် ဗုဒ္ဓဘာသာဝင်တွေကိုမဟုတ်ဘူး၊ ခရစ်ယာန်၊ ဟိန္ဒူနဲ့ တခြား ဘာသာတွေကိုလည်း သတ်ဖြတ်မယ်လို့ သိရပါတယ်၊ မနေ့က ရွာရှင်မကို ပူဇော်ဖို့သွားတာတောင် ကြောက်လန့်တကြားနဲ့ ပြန်လာကြပါတယ်။"ဟု ပြောသည်။

ကော့စ်ဘဇားမြို့ကို ယခင်က အောင်ချမ်းသာမြို့ဟုအမည်တွင်ကြောင်းနှင့် မြို့ကို ရခိုင်ကျေးရွာများဖြစ်သော ကျောင်းနားရွာ၊ ငါးဈေးတန်း၊ ၀င်းဦးတန်း၊ ခေါ်ပဇာတန်း၊ တောင်ရွာ၊ ကျောက်ဦးတန်း၊ ပေါင်းဦးတန်း၊ သရက်တန်း၊ ကုလားစု၊ ရွှေဘုံတန်းနှင့် ချောင်းနားတန်း ရပ်ကွက်များဖြင့် တည်ဆောက်ထားခဲ့သော်လည်း တချို့ရပ်ကွက်များမှာ သောင်းကျန်းသူများ နည်းမျိုးစုံ ခြိမ်းခြောက်မှုများကြောင့် ပြိုပျက်ပျောက်သွားခဲ့ပြီး လက်ရှိရပ်ကွက်များရှိ နေအိမ်များမှာလည်း အနည်းငယ်မျှသာ ကျန်ရှိလျက် ရှိနေသည်။

သောင်းကျန်းသူများမှာ တနင်္လာနေ့ အာရုဏ်ကတည်းက ကော့စ်ဘဇားခရိုင် ပန်းဝါမြို့မှ စတင်ကာ မီးရှို့ဖျက်ဆီးသတ်ဖြတ်နေသောကြောင့် ပန်းဝါမြို့နယ်၊ အိုခီးယားမြို့နယ်၊ ၀ါးခွတ်ချောင်းမြို့နယ်၊ ပိုတီယာမြို့နယ်တို့တွင် ဘုန်းတော်ကြီးကျောင်းပေါင်း ၂၄ကျောင်း၊ သမုတ်သိမ် ၃ ဆောင်၊ အိန္ဒူကျောင်းများ၊ နေအိမ်ပေါင်း ၁၀၀ ခန့်၊ ရှေ့ဟောင်းဘုရားပေါင်း အမြောက်အများ၊ ကျမ်းဂန်အများအပြား၊ ဒဏ်ရာရရှိသူ ၁၀၀ ခန့်၊ ဈေးဆိုင်များနှင့် ဒေသခံနှင့် လုံခြုံရေး ရဲတပ်ဖွဲ့တချို့အား တိုက်ခိုက်မီးရှို့ဖျက်ဆီးခဲ့သည်။

သောင်းကျန်းသူများက တနင်္လာနေ့ ညဥ့်ဦးတွင် ကော့စ်ဘဇားမြို့ မဟာသိမ်တော်ကြီးရင်ပြင်ရှိ သိမ်တော်၊ ဘုရားနှင့် တခြားသော ကျောင်းများကို ဖျက်ဆီးရန် ကြိုးပမ်းခဲ့သော်လည်း လုံခြုံရေးတာဝန်ကျ စစ်တပ်နှင့် ရဲများက အချိန်မီ တားဆီးကာကွယ်နိုင်ခဲ့ကြောင်းနှင့် ယခုအချိန်ထိ ၂၄ နာရီ လုံခြုံရေးတပ်ဖွဲ့များက တာဝန်ယူလျက်ရှိသည်။

အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့သူများအား အချိန်မီဖေါ်ထုတ် အရေးယူနိုင်ရန် ပြည်ထဲရေးဝန်ကြီးမှ ဖွဲ့စည်းပေးခဲ့သည့် စုံစမ်းရေး ကော်မရှင်နှင့် အစိုးရက အကြမ်းဖက်သူများအတွင်း ရခိုင်ပြည်နယ်တွင် သောင်းကျန်းခဲ့သူများ အများအပြားပါဝင်ခဲ့ပြီး ဖမ်းဆီးရရှိထားသူများအတွင်း ယင်းတို့ပါဝင်ကြောင်း ကနဦးက အစီရင်ခံစာတွင် ထုတ်ဖေါ် ပြောဆိုထားသည်။

ဆေခ် ဟာဆိနာ အနေဖြင့် မနက် ၁၁ နာရီတွင် ကော့စ်ဘဇားမြို့သို့ ဆိုက်ရောက်မည်ဖြစ်ပြီး ပန်းဝါသို့ သွားရောက်ကြည့်ရှုမည်ဖြစ် ကြောင်းနှင့် နေ့လည် ၁ နာရီတွင် ကော့စ်ဘဇားမြို့သို့ ပြန်လာမည်ဖြစ်သည်။

သူမအနေဖြင့် ကော့စ်ဘဇားမြို့တွင် နိုင်ငံရေးအကြီးအကဲ ခေါင်းဆောင်များနှင့် အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းအကြမ်းဖက် တိုက်ခိုက်မှုနှင့် ပတ်သက်၍ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါက်တာ မိုဟာမတ် ယနိုးစ်မှ ရှုပ်ချသည့် အနေဖြင့် ကြေငြာချက် တစောင်ထုတ်ပြန်ပြီး၊ သတင်းပြန်ကြားရေး ၀န်ကြီး ဟာဆန်နုရ်ဟုပ် အီနုရ် က ရှုပ်ချသည့် အနေဖြင့် ဒက္ကားမြို့ အမျိုးသား သတင်းထောက်အသင်းအရုံးရှေ့သို့ သွားရောက်ပြီး ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင်များနှင့် လက်ချင်းချိပ် ဆန္ဒထုတ်ဖေါ်ပြသခဲ့ကြောင်း သိရှိရသည်။

၎င်းတို့အနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်မှုမှာ ကြိုတင်စီမံလုပ်ကြံမှုကြီးတခုအဖြစ် ခံယူပြီး တိုင်းပြည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်းရေးကို ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။

ယင်းမီးရှို့ဖျက်ဆီးလုယူခံရသော ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးကျောင်းများနှင့် ရှေ့ဟောင်းဘုရားဆင်းတုတော် တချို့မှာ ပန်းဝါမြို့တွင် နှစ်ပေါင်း ၃၀၀ ခန့်ကြာ တည်ထားကိုးကွယ်သီတင်းသုံး တည်ရှိနေသော ဘုရားကျောင်းများဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ယခုကဲ့သို့ ရှေ့ဟောင်းဘုရားကျောင်းတော် ပဋိကတ်များ မီးရှိုးဖျက်ဆီးခံရမှုမှာ ဗုဒ္ဓဘာသာဝင်များအတွက် အကြီးမားဆုံး ရှုံးဆုံးမှုတခုဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

သက်ဆိုင်ရာ အစိုးရအနေဖြင့် အကြမ်းဖက်သူများအား လိုက်လံဖမ်းဆီးဖေါ်ထုတ်နေသော်လည်း သောင်းကျန်းသူများက အစိုးရကို ထပ်မံ၍ ခြိမ်းခြောက်မှုများ ဆက်လက်ပြုလုပ်လျက်ရှိနေကြောင်း သိရှိရသည်။

ပန်းဝါမြို့ ရဲဋ္ဌာနက အခင်းဖြစ်ပွားမှုနှင့် ဆက်စပ်၍ ဥပဒေပုဒ်မ ၁၊ ၃၉၊ ၄၀၊ ၄၁၊ ၄၂နှင့် ၄၃ တို့ အမှု ၆ ခုဖြင့် တရားစွဲဆို၍ တရားခံ ၂၅၀၀ ဦး သတ်မှတ်ထုတ်ပြန်ထားကြောင်းနှင့် ယခုအချိန်ထိ တရားခံ ၂၀၀ နီးပါးဖမ်းဆီး ရမိထားကြောင်း သိရှိရသည်။

ဘင်္ဂလာဒေသခံ ကျွမ်းကျင်သူများ အနေဖြင့် ယခုကဲ့သို့ တန်ဖိုးမဖြတ်နိုင်သော ဗုဒ္ဓဆင်းတုစေတီပုထိုးတော်ကျမ်းဂန်များ အပြတ်အသတ် အဖျက်ဆီးခံရမှုမှာ ဘာသာရေးသမိုင်းကို ဖျက်ဆီးခံမှုအပြင် လူမျိုးဂုဏ်သမိုင်းနှင့် ရိုးရာအမွေအနစ်များကိုပါ ဖြိုဖျက်ခံရခြင်းဖြစ်ကြောင်း ဆိုသည်။

No comments:

Post a Comment