Saturday, October 27, 2012

စစ်တပ်က ပစ်ခတ်မှုအပေါ်တွင် ရခိုင်နိုင်ငံရေးခေါင်းဆောင်များ သဘောထား

Written by အာရ်ကန်တိုင်းမ်စ်    Saturday, 27 October 2012 11:44   PDFPrintE-mail
Interviewsarakanleadersရခိုင်ပြည်နယ်အနှံ့ ဘင်္ဂလီ-ရခိုင် နှစ်ဘက်ပဋိပက္ခအတွင်း အသေအပျောက်များနှင့် ထိခိုက်ဒဏ်ရာရရှိမှုများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တစ်ဖက်သတ် ကိုင်တွယ်ဖြေရှင်းပုံကြောင့် သေဆုံးသူအရေအတွက်ပိုမိုများပြားခဲ့ရကြောင်း ရခိုင့်တော်လှန်ရေး၊ နိုင်ငံရေးခေါင်းဆောင်များနှင့် ရခိုင်လူမှု့အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။

"တစ်ဆင့်ချင်းစီ မတားဆီးဘဲနဲ့ အင်အားသုံးပြီး ဖြေရှင်းမယ်ဆိုရင် ပြည်သူတွေနစ်နာမှုအများကြီးရှိတယ်။ ဥပဒေအတိုင်း လုပ်ဖို့လိုအပ်တယ်။ အစိုးရအနေနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေကို စနစ်တကျဖြစ်အောင် ထိန်းသိမ်းပေးရန်လိုအပ်တယ်။ ပစ်မိန့်ကို တရားဥပဒေနည်းလမ်းတကျ ဖြစ်ဖို့နဲ့ အခုအနေအထားအရဆိုရင် စစ်တပ်က အဓိကရုဏ်းဖြစ်နေတဲ့နေရာတွေမှာ အဆင့်ဆင့် မတားဆီးဘဲနဲ့ တစ်ချက်လွှတ် ပစ်လိုက်တယ်လို့ဘဲမြင်တယ်"ဟု RNDP အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။

ယခုရက်ပိုင်းအတွင်းမှာ ဖြစ်ပျက်နေတဲ့ မြန်မာ့တပ်မတော်၏ အဓိကရုဏ်း ထိန်းသိမ်းရေး၊ ပဋိပက္ခဖြေရှင်းရေးတွေဟာ လိုအပ်မှုထက် ပိုမိုပြီးတော့ သွေးထွက်သံယို သေဆုံးမှုတွေဖြစ်အောင် အလွန်အကျွံအင်အားသုံး ရက်ရက်စက်စက် ကိုင်တွယ်နေမှုကို ကျနော်တို့ ရခိုင့်တပ်မတော်အနေနဲ့ လုံးဝရှုတ်ချသည်ဟု ရခိုင့်တပ်မတော်မှ ဆိုသည်။

“ဒီကိစ္စရပ်နှင့်ပတ်သက်၍ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့မှာ အဓိကတာဝန်ရှိပါတယ်။ မြန်မာ့တပ်မတော်ရဲ့ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးမျက်နှာကို လက်တွေ့ကျကျ မြင်လိုက်ရတာပါပဲ။ ကျွန်တော်တို့ ရခိုင်ပြည်မှာ တပ်ရင်းပေါင်း ခြောက်ဆယ်ကျော်၊ ဓည၀တီရေတပ်နှင့် လုံထိန်းတပ်တွေအပါအဝင် လက်ညှိုးထိုးမလွဲ တပ်တွေနေရာချထားပါတယ်။ ဒီတပ်တွေ နေရာချထားခြင်းရဲ့ ရည်ရွယ်ချက်က ရခိုင်ပြည်နှင့် ရခိုင်လူထုကို ကာကွယ်ဖို့တော့ မဟုတ်ပါဘူး။ ကျွန်ပြု စိုးမိုးဖို့နှင့် သယံဇာတတွေကို ထုတ်ယူဖို့အတွက်ပါပဲ။ မြန်မာ့တပ်မတော်က အခုလိုဖြစ်နေတဲ့ အခြေအနေတွေမှာ ဘင်္ဂလီတွေကို အသုံးချပြီးတော့ ဒေသခံရခိုင်တွေကို တိုက်ခိုက်နေတာဖြစ်တယ်။ အဲဒီတော့ ရခိုင်တွေဟာ ကိုယ်ပိုင်ဇာတိမြေမှာနေပြီး အခွင့်အရေးတွေ ဆုံးရှုံးနေတာတောင်မကဘူး ကိုယ့်မြေကိုပါ ဆုံးရှုံးရတော့မယ် အခြေအနေမှာ ကျနော်တို့ ရခိုင်တွေဟာ တစ်ခုခုကိုတော့ ပြတ်ပြတ်သားသား ဖြစ်ဖို့တော့လိုတယ်လို့ နားလည်ပါတယ်။ မြန်မာ့တပ်မတော်ဟာ ရခိုင်ပြည်သူတွေအတွက် မဖြစ်ခဲ့ဘူးဆိုရင် ရခိုင့်တပ်မတော်ဟာ ရခိုင်ပြည်သူတွေအတွက် အပြည့်အ၀တာဝန်ယူနိုင်ရန် တပ်မတော်နဲ့အတူ ရခိုင်ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ရလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။”ဟု ရခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းမြတ်နိုင်က ပြောသည်။

စစ်တပ်က အခင်းဖြစ်ပွားနေသော နေရာများတွင် ပစ်မိန့်ကို အများသူငါသိရှိအောင် ကြေငြာခြင်းမပြုဘဲ ယခုလိုတစ်ချက်လွှတ် ပစ်ခတ်ခဲ့မှုကြောင့် ပဋိပက္ခတွင် နှစ်ဦးနှစ်ဘက် တိုက်ခိုက်၍ သေဆုံးသည်ထက် စစ်တပ်က ပစ်ခတ်မှုများကြောင့် သေဆုံးရခြင်းက ပိုမိုများပြားကြောင်း သိရှိရသည်။

“အဓိကအရေးအခင်းဖြစ်တာက ပြင်ပပယောဂကြောင့် ဖြစ်ရတာဖြစ်တယ်။ ပြင်ပကလှုပ်ရှားမှုတွေကြောင့် ဖြစ်တာလို့ပြောချင်တယ်။ ဒေသခံအစွန်းရောက်တွေကလည်း နိုင်ငံတကာကိုမျှော်တဲ့ အကြံအစည်တွေနဲ့ ပြုလုပ်ခဲ့ကြတာပါ။ ရခိုင်တွေက ခံခဲ့ရတယ်၊ ခုခံရတယ်။ အဲဒီလိုကိစ္စတွေမှာ ရခိုင်တွေကို လုံခြုံရေးတပ်တွေက ပစ်သတ်ခဲ့မှုတွေအတွက် လုံးဝစိတ်မကောင်းပါဘူး၊ ဖြစ်လည်း မဖြစ်သင့်လို့ထင်ပါတယ်။ အဓိက မူလခိုးဝင်လာသူတွေကို ဥပဒေအရ အရေးယူဖို့လိုပါတယ်။ မိမိတို့မှ အကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပြီးဖြစ်ပါတယ်”ဟု ALD သဘောထားကို ဦးအေးသာအောင်က ပြောသည်။

လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြားတွင်ဖြစ်သည့် ပြဿနာအပေါ် လုံခြုံရေးတပ်များ ကိုင်တွယ်ဖြေရှင်းပုံသည် နိုင်ငံတကာတွင်ဆူပူအကြမ်းဖက်မှုများ ဖြေရှင်းပုံ ဖြေရှင်းနည်းများကဲ့သို့မဟုတ်ဘဲ ရှေ့တန်းစစ်မြေပြင်တွင် ရန်သူများကို နှိမ်နင်းသကဲ့သို့ ပစ်ခတ်လိုက်ခြင်းသည် နိုင်ငံတစ်နိုင်ငံရဲ့ လူ့အခွင့်အရေးစောင့်ထိန်းမှုနဲ့ မကိုက်ညီဟု ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဆိုသည်။

“နိုင်ငံတကာမှာ ဆူပူအကြမ်းဖက်မှုတွေကို ဖြေရှင်းတဲ့အခါ အဆင့်ဆင့်ဖြေရှင်းသွားတာရှိတယ်။ ဒါကရန်သူကို ဖြိုခွင်းရတာမဟုတ်ဘူး။ လူမျိုး တစ်မျိုးနဲ့တစ်မျိုးကြားက ပဋိပက္ခကို ကြားဝင်ဖြေရှင်းရတာဖြစ်တယ်။ အဲလိုဖြေရှင်းတဲ့နေရာမှာ သေစေနိုင်လောက်တဲ့ တကယ့်ကျည်နဲပစ်တာထက် ရာဘာကျည်နဲ့ဘဲ မိုးပေါ်ကိုထောင်ပစ်လို့ဘဲဖြစ်ဖြစ်၊ တစ်ခြားနည်းလမ်းတွေကို သုံးလို့ဘဲဖြစ်ဖြစ် ဖြေရှင်းသင့်ပါတယ်။ အခုက အဲဒီလို မဖြိုခွင်းဘဲ ရှေ့တန်းစစ်မျက်နှာမှ ရန်သူတွေကို ပစ်သလို ပစ်တော့ ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခု ဖြစ်တယ်လို့ ကျနော်ထင်မြင်မိတယ်”ဟု ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဒါရိုက်တာ ကိုအောင်မင်းဦးက ပြောသည်။

ယခုပြဿနာအတွင်း ကူညီစောင့်ရှောက်မှု အများဆုံးပြုလုပ်နေသော ၀ံလက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ကိုသိန်းဝင်းက “ ကျနော့်အနေနဲ့ များစွာစိတ်မကောင်းဖြစ်မိတယ်။ ဆူပူအကြမ်းဖက်မှုကို နှိမ်နင်းတယ်ဆိုရင်တော့ ကျနော်မပြောလိုပါဘူး။ ပြဿနာဖြစ်ပွားချိန်၊ တင်းမာနေချိန်မဟုတ်ဘဲ မော်တော်ဘုတ်နဲ့ ပြန်သွားကြတဲ့ လူတွေကို လမ်းကဖြတ်ပြီး ပစ်ခတ်တာက အင်မတန်ကို ရက်စက်လွန်းပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းအထိ ချိန်ရွယ်ပစ်ခတ်ခဲ့မှုတွေကြောင့် သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူအရေအတွက် ပိုပြီးများပြားခဲ့ရတာပါ။”ဟု အာရ်ကန်တိုင်းမ်စ် သတင်းဌာနသို့ ၀မ်းနည်းစွာဖြင့် ဖြေကြားခဲ့သည်။

ယခုတစ်ဖန် ပြန်လည်ဖြစ်ပွားခဲ့သည့် ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းအတွင်း သေဆုံးသူ အမျိုးသား(၃၃)ဦး၊ အမျိုးသမီး(၃၁)ဦး၊ ဒဏ်ရာရရှိသူ အမျိုးသားက(၆၄)ဦး၊ လူငယ်(၄)ဦးရှိကြောင်း ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်က သတင်းမီဒီယာများတွင် ထုတ်ဖော်ပြောဆိုလိုက်ပြီး၊ ယင်းအထဲတွင် ပဋိပက္ခဖြစ်ပွားသူ နှစ်ဦးနှစ်ဘက် တိုက်ခိုက်၍ ဒဏ်ရာရသေဆုံးသူများထက် လုံခြုံရေးတပ်များက ပစ်ခတ်မှုကြောင့် သေဆုံးမှုနှင့် ဒဏ်ရာရရှိသူ ပိုမိုများပြားကြောင်း စုံစမ်းသိရှိရသည်။
Arakantimes

No comments:

Post a Comment