Tuesday, October 2, 2012

အာရက္ခဖောင်ဒေးရှင်းမှ ရခိုင်လူငယ်ခေါင်းဆောင်များ အရည်အသွေးမြှင့်တင်ရေး သင်တန်းဖွင့်လှစ်

Written by ဇင်ကီး    Wednesday, 03 October 2012 00:00   PDFPrintE-mail
Arakkha Foundationအောက်တိုဘာ (၁)ရက်နေ့က ရခိုင်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော အာရက္ခဖောင်ဒေးရှင်း (Arakkha Foundation)မှ ပထမအကြိမ် လူငယ်ခေါင်းဆောင်များ အရည်အသွေးမြှင့်တင်ရေးသင်တန်းကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌ စတင်ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားသို့ အာရက္ခဖောင်းဒေးရှင်း အဖွဲ့ဝင်များ၊ ရခိုင်နိုင်ငံရေးနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ (၄၈)ဦး တက်ရောက်ခဲ့ပြီး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ဒုဥက္ကဌ ဦးကျော်မြင့်က လူငယ်များ ခေါင်းဆောင်မှု အရည်အသွေးတိုးတက် မြင့်မားအောင် လေ့လာသင်ယူကြရန်နှင့် သင်တန်းမှရသော ပညာရပ်များကို ကိုယ့်ပြည်ကိုယ့်ရွာအတွက် ကောင်းစွာအသုံးချရန် ပြောဆိုခဲ့သည်။

" အနာဂတ် ရခိုင်ပြည်သူလူထု အကျိုးစီးပွားကို ပိုမိုဆောင်ရွက်နိုင်မယ့် အရည်အသွေး ပြည့်ဝတဲ့ ရခိုင်လူငယ်ခေါင်းဆောင်တွေ ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီးတော့ ဒီသင်တန်းကိုဖွင့်လှစ်ရတာဖြစ်ပါတယ်။ ဒီသင်တန်းကို ရခိုင် Community က ဆရာတွေပြသမှာပါ။ ရခိုင်ပြည်နယ် (၁၀)မြို့နယ်မှ သင်တန်းသား (၂၇)ဦး တက်ရောက်ကြတယ်။ သင်တန်းကာလမှာ အောက်တိုဘာ (၁)ရက်နေ့မှ (၃၀)ထိ ဖွင့်လှစ်သင်ကြားမှာဖြစ်တယ်။ နောင်လဲဆက်လုပ်သွားမှာပါ။ " ဟု ဖောင်ဒေးရှင်း လုပ်ငန်းကော်မတီဝင် ALD အတွင်းရေးမှူး ဦးမျိုးကျော်က ဆိုသည်။

ရခိုင်လူငယ်များ ခေါင်းဆောင်မှုအရည်အချင်းမြှင့်တင်ရေး သင်တန်းပေးရန်၊ မိဘဆင်းရဲနွမ်းပါးသူများအား ထောက်ပံ့ပေးရန်၊ မိဘမဲ့ကလေးဂေဟာများ ထူထောင်ပေးရန်၊ ဘေးဒုက္ခသင့်ပြည်သူများအား ထောက်ပံ့ပေးရန် ရည်ရွယ်လျှက် အာရက္ခဖောင်ဒေးရှင်းကို ဖွဲ့စည်းထားသည်ဟု ဦးမျိုးကျော်က ပြောသည်။
အာရက္ခဖောင်ဒေးရှင်းကို စစ်တွေမြို့ ပုသိမ်ဆရာတော် ဦးပဏ္ဍိတ၊ ရန်ကုန်မြို့မှ ဦးအေးသာအောင်(ALD)နှင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့မှ အရှင်နာယကတို့က ဦးဆောင်ပြီး ပြည်တွင်းပြည်ပ အမှုဆောင်အဖွဲ့ဝင် (၂၀)ဖြင့် ယခုနှစ် မေလ(၂၇)ရက်နေ့က ရန်ကုန်မြို့၌ တည်ထောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
arakantimes.net

No comments:

Post a Comment