Saturday, April 21, 2012

သမိုင်းဝင် သက်ကြီး ရခိုင်တော်လှန်ရေးသမားများအား ဂုဏ်ပြုပူဇော်ပွဲ ပထမဆုံးအကြိမ် ကျင်းပပြီးစီး


April 17, 2012. (Aung Than)

ရခိုင်မျိုးစောင့်အုပ်စု (ARAKAN RAKKHITA GROUP)မှ ဦးဆောင်ပြီး ဘင်္ဂလာ-အိန္ဒိယ-ထိုင်းနိုင်ငံတို့ရှိ သက်ကြီး ရခိုင်တော်လှန်ရေး သမားများအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို နိုင်ငံအသီးသီး၌ တပြိုက်နက်တည်း ၁၃၇၃-၁၃၇၄ ရခိုင်နှစ်သစ်မင်္ဂလာနှင့်အတူ ဧပြီ (၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်း ARGမှ သုံးနိုင်ငံရှိ ရခိုင်တော်လှန်ရေးသမားဟောင်းများနှင့် အခြားကျန်းမာရေး ချို့တဲ့နေကြသည့် စုစုပေါင်း (၂၀၀)ဦးရေနီးပါးအား ငွေနှင့် ပစ္စည်းများ အလှူပေးသည့် ပူဇော်ပွဲအခမ်းအနားမှာ ပြည်ပတွင် သမိုင်းဝင် ပထမဆုံးအကြိမ်ဖြစ်သည်။

ARGမှာ ဂျပန်နိုင်ငံတွင် အခြေစိုက်ပြီး ယင်းသုံးနိုင်ငံတွင် ပူးပေါင်းကူညီဆောင်ရွက်နိုင်မည့် ကော်မတီကိုဖွဲ့စည်းကာ စနစ်တကျ အချိန်ယူ စာရင်းများကောက်ကာ အလှူပေးခြင်းဖြစ်သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဂုဏ်ပြုပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးကျော်မင်းအား ယင်းကဲ့သို့ လှူဒါန်းရသည့် အခြေအနေကို မေးမြန်းရာ အောက်ပါအတိုင်း ရှင်းပြသည်။

“စုစုပေါင်း လှူဒါန်းခဲ့တဲ့ သက်ကြီးအရေအတွက်က ၆၃ ဦးဖြစ်ပါတယ်၊ အဲဒီအနက် ၃၇ ဦးကို ၁၄၀၀၀ တာကာလှူဒါန်းခဲ့ပါတယ်၊ ကျန်သက်ကြီးတွေကို ၄၀၀၀ တာကာစီလှူဒါန်းခဲ့ပါတယ်။”ဟု ဆိုသည်။

ဦးခိုင်အာဏာနီက “ရခိုင်တော်လှန်ရေး နယ်ပယ်မှာ သက်ကြီးရခိုင်တော်လှန်ရေးသမားများအား အခုလို ပူဇော်လှူဒါန်းခြင်းဟာ အစအဦး သမိုင်းမှတ်တိုင် ဖြစ်ပါတယ်၊ ARGဟာ နိုင်ငံရေး-လူမှုရေး-စီးပွားရေးတွေကို မြင့်တင်ဖို့ ရွယ်ရည်ချက်ရှိပါတယ်၊ အခုဟာက လူမှုရေးဖြစ်တော့ သီးသန့်ရခိုင်သက်ကြီးတွေကို လှူဒါန်းခြင်းမဟုတ်ဘဲ ခါးခရာဆိုးရီမှာ ဘာသာခြားတွေဆီမှာ မီးတိုက်ခံရတဲ့ ဘုန်းတော်ကြီးကျောင်း၊ လားမားမြို့နယ်မှာ ဘာသာခြားတွေဆီမှာ သတ်ဖြတ်ခံရပြီး ကျန်ရှိခဲ့တဲ့ မိသားစုအပြင် မဟားစိုးမှာ အိမ်မီးတိုက်ခံရတဲ့ မိသားစု စတဲ့ရခိုင်အနွယ်ဝင် ရခိုင်ပြည်တော်လှန်ရေးကိုအားပေးသူတွေဖြစ်တဲ့ ဒိုင်းနက်မိသားစုတွေကိုပါ ပူဇော်လှူဒါန်းခြင်း ဖြစ်ပါတယ်၊ ဒါဟာ အရင်ကထင်မြင်ခဲ့တဲ့ သက်ကြီးတွေကို ပစ်ပယ်ခြင်း၊ ဂရုမစိုက်ခြင်း၊ မိန့်ထားခြင်းမဟုတ်တာကို သက်သီထူပြသလို မျိုးဆက်သစ်တွေကိုလည်း ဆက်နွယ်တိုးမြင့်ပေးခြင်းဆိုတဲ့ ရွယ်ရည်ချက်တွေနဲ့ ပြုလုပ်တာဖြစ်ပါတယ်။”ဟု ရှင်းပြသည်။

ထို့ပြင် နယ်သာလန်တွင် နေထိုင်သော ဦးချိုဇံ၏ ဇနီးနှင့် မိသားစုဝင်များမှ သက်ကြီးများအား ပစ္စည်းများလှူဒါန်းခဲ့ပြီး နှစ်သစ်တွင် လှူဒါန်းရရှိသော ကုသိုလ်အကျိုးကို ရေစက်ချအမျှဝေမှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင်တန်းဒေသရှိ ခါးခရာဆိုးရီခရိုင်အတွင်း လွန်ခဲ့သော ရခိုင်နှစ်ဆန်းတရက်နေ့က ဘင်္ဂလီများထံ ဘုန်းတော်ကြီး(၂)ကျောင်း၊ နေအိမ်များ၊ စပါးများနှင့် အသတ်ခံခဲ့ရသည့် မိသားစုတွင် ကျန်ရစ်ခဲ့သည့်သူများ အထောက် အပံ့ငွေ ချီးမြင့်ခဲ့သည်။

ယင်းကဲ့သို့ သက်ကြီးရွယ်အိုပူဇော်ပွဲ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မြောက်အောင် ဂျပန်၊ ဘင်္ဂလာ၊ အမေရိက၊ သြစတေးလျ၊ နယ်သာလန်၊ ထိုင်ဝမ်၊ နယူးဇီလန်၊ စင်္ကာပူ၊ ထိုင်း၊ နော်ဝေး၊ ကိုးရီးယားနှင့် ဘယ်ဂျီယန်နိုင်ငံရောက် မျိုးချစ်ပြည်ချစ် ပုဂ္ဂိုလ် စုစုပေါင်း (၂၃၁)ဦးတို့မှ တတ်အားသလောက် စုပေါင်းလှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။  

ARG အနေဖြင့် ယခုကဲ့သို့ သက်ကြီး ရခိုင်တော်လှန်ရေးသမားများအား ပူဇော်သည့် လှူဒါန်းငွေကို မတည်ငွေ အမေရိကန်ဒေါ်လာ (၄၀၀၀)ဖြင့် စတင်ခဲ့ကြောင်း၊ ARG အဖွဲ့ဝင်များမှ ပုဂ္ဂလိက အလှူထည့်ဝင်ငွေ ဒေါ်လာ (၃၅၃၆)၊ နိုင်ငံတကာရောက် ရခိုင်မျိုးချစ် ပြည်ချစ်များထံမှ အလှူထည့်ဝင်ငွေ ဒေါ်လာ (၉၂၃၀)ဖြစ်ကြောင်းနှင့် စုစုပေါင်း အလှူရရှိသည့် ဒေါ်လာ (၁၆၇၆၆)ထက်ပိုမိုတိုးချဲ့ပြီး သုံးနိုင်ငံရှိ သက်ကြီးများကို လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ သမိုင်းဝင် သက်ကြီး တော်လှန်ရေးသမားများအား ပူဇော်လှူဒါန်းသည့် အခမ်းအနားကို တပြိုင်နက်တည်း ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ARGက ယခုကဲ့သို့ အမျိုးသားရေးအရဖြစ်စေ၊ ကုသိုလ်ရေးအရဖြစ်စေ ၀ိုင်းဝန်းပါဝင် လှူဒါန်းကြသည့်အပေါ် အထူးကျေးဇူးတင်ရှိကြောင်း ဖေါ်ပြမှုများ ရှိသည်။

အပူဇော်ခံခဲ့ကြရသော သက်ကြီးပုဂ္ဂိုလ်တချို့ အနေဖြင့် မိမိအပူဇော်ခံရသော ငွေများကို သက်ကြီးရွယ်အိုများကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်းသို့ တဖန်လှူဒါန်းခဲ့ကြသည်။

No comments:

Post a Comment