Thursday, April 5, 2012

စစ်အုပ်စုမှ ALP ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အား ဖယောင်းတိုင်အဖွဲ့ဟုအမည်တပ်


Written by သဇင်ဥ    Wednesday, 04 April 2012 15:11   PDFPrintE-mail
အိန္ဒိယ အခြေစိုက် တွဲဖက်အတွင်းရေးမှူး(၂) ခိုင်သုခ ဦးဆောင်သော ငြိမ်းချမ်းရေး အဖွဲ့ဝင် (၁၅)ဦးအား စစ်အုပ်စုမှ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ ခေါင်းဆောင်ဟူ၍ သုံးနှုန်းခြင်းမရှိဘဲ ဦးအောင်သောင်းအဖွဲ့မှ ယင်း ခိုင်သုခ ငြိမ်းချမ်းရေးအဖွဲ့အား ဖယောင်းတိုင်အဖွဲ့ဟု အမည်တပ်ခေါ်ဆို သုံးနှုန်းနေကြောင်း သတင်းရရှိသည်။ALP at Kyauttaw
ခိုင်သုခ ဦးဆောင်သော ငြိမ်းချမ်းရေးအဖွဲ့မှာ စစ်အုပ်စု တရားဝင်ဖိတ်ကြားချက်အရ တနင်္လာနေ့က ပလက်ဝမြို့နယ်မှ ကျောက်တော်မြို့သို့ စက်လှေဖြင့် မနေ့က နေ့လည်တွင် ရောက်ရှိသွားခဲ့ကြောင်းနှင့် မနေ့ကတည်းက စစ်တွေမြို့သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။
စစ်အုပ်စုမှ ယင်းရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ငြိမ်းချမ်းရေးအဖွဲ့အား ဖယောင်းတိုင်အဖွဲ့ဟု အမည်တပ်သုံးစွဲခြင်းမှာ အလင်းဝင်ရန်လာသောအဖွဲ့ဟု အဓိပ္ပါယ်ရကြောင်း နယ်စပ်အခြေစိုက် နိုင်ငံရေးဝါရင့်ဟောင်းများက ပြောဆိုနေကြသည်။
လွန်ခဲ့သောနှစ်များက စစ်အုပ်စုအနေဖြင့် ရခိုင်ပြည်နယ်စပ်မှ လက်နက်ချ (စစ်အုပ်စုအခေါ် အလင်းဝင်အဖွဲ့) ခဲ့ကြသော အဖွဲ့များကို ဖယောင်းတိုင်အဖွဲ့ဟူ၍ အမည်တပ်သုံးစွဲခဲ့ကြောင်း ဆိုသည်။
ယင်းငြိမ်းချမ်းရေးအဖွဲ့သည် ရခိုင်ပြည် စစ်တွေမြို့တွင် စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ဟူ၍ ခေါင်းဆောင် ဦးအောင်သောင်းတို့နှင့် ဒီနေ့စတင်ကာ ဆွေးနွေးကြမည်ဖြစ်ကြောင်းသိရှိရသည်။
ထိုင်းနိုင်ငံ အခြေစိုက် ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် ဦးဆောင်သော ငြိမ်းချမ်းရေးအဖွဲ့သည် ရန်ကုန်မြို့ရှိ ရခိုင် တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP)မှ အထွေထွေအတွင်းရေးမှူး ဦးလှစောနှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်တို့အား ဧပြီလ (၂) ရက်နေ့က တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။ALP at Kyauttaw2
ဘင်္ဂလာဒေ့ခ်ျနိုင်ငံဘက်မှ စောမြရာဇာလင်း ဦးဆောင်သော ALP ငြိမ်းချမ်းရေးအဖွဲ့သည် စစ်အုပ်စုနှင့် ဆွေးနွေးမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း သိရှိရသည်။
ရခိုင်ပြည်နှင့် ရခိုင်အမျိုးသားများ၏ အချုပ်အခြာအာဏာနှင့် ဒီမိုကရေစီရေး၊ တန်းတူရေး၊ လူ့အခွင့်အရေး၊ တရားမျှတရေးအပြင် စသည့်ဖွံ့ဖြိုးတိုးတက်ရေးတို့သည် နှစ်ပေါင်း (၂၂၇)နှစ်ကြာသည့်တိုင်အောင် ယခုအချိန်ထိ စစ်အုပ်စု၏ မတရားသော နည်းမျိုးစုံ နယ်ချဲ့မှုကို ခံနေရဆဲဖြစ်သည်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အခြေစိုက် ရခိုင်တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့နှင့် တသီးပုဂ္ဂလများအပြင် မျိုးချစ်ပြည်ချစ်များ အနေဖြင့် ယခုကဲ့သို့ စစ်အုပ်စုဦးဆောင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ALPသွားရောက်ခြင်းမှာ ရခိုင်ပြည်နှင့်လူမျိုးအတွက် အကျိုးဖြစ်ထွန်းမှုများ ရှိလာနိုင်မလားဆိုသည်ကို သံသယရှိနေကြသည်။
Last Updated ( Wednesday, 04 April 2012 15:39 )
 

No comments:

Post a Comment