Thursday, April 5, 2012

စစ်အုပ်စု တည်ဆောက်သော ရခိုင့်ရေလှောင်တာတမံများ စိုးရိမ်စရာ


Written by သဇင်ဥ    Thursday, 05 April 2012 04:13   PDFPrintE-mail
ရခိုင်ပြည်နယ် တ၀ှမ်း စစ်အုပ်စု တည်ဆောက်သော ရခိုင့်ရေလှောင်တာတမံများမှာ တစုံတရာ အတိုင်းအတာအထိ ခိုင်ခံ့မှုမရှိ၍ ယခုအခါ တာတမံအနီးလူထုအတွင်း စိုးရိမ်မှုများ တဖြည်းဖြည်း ဖြစ်ပေါ်လာနေရကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင့်ရေလှောင်တာတမံများမှာ ဇီးချောင်း၊ ပြိုင်းချောင်း၊ ဟင်းရွက်၊ လေးမြို့ချာင်း၊ သဋ္ဌေးချောင်း၊ အမ်းချောင်းနှင့် စိုင်းတောင်အပြင် တခြားဆည်ကြီးများရှိပြီး မိုးရာသီတွင် ယုံကြည်စိတ်ချနိုင်ဖွယ်မရှိဟု သိရှိရသည်။
PraningKyaut Dam
လေးမြို့ချာင်း တာတမံမှာ မီကာဝပ် (၅၀၀)အထိ လျှပ်စစ်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ စိုင်းတောင်မှာ မီကာဝပ် (၇၆.၅)အထိ၊ သဋ္ဌေးချောင်းမှာ (၁၁၁)မီကာဝပ်အထိ၊ အမ်းချောင်းမှာ (၈)မီကာဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းနှင့် ဇီးချောင်းရေလှောင်တမံမှာ စိုက်ပျိုးရေးနှင့် သောက်သုံးရေအတွက်သာ တည်ဆောက်ထားခြင်း ဖြစ်ကြောင်း၊ ပြိုင်းချောင်းတမံမှာ သီးနှံဧရိယာ ဧက (၅၀၀၀)ကျော် စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်းနှင့် ဟင်းရွက်ရေလှောင်တမံမှာ သောက်သုံးရေနှင့် စိုက်ပျိုးရေးအတွက်သာ စီမံတည်ဆောက်ထားခြင်းများ ဖြစ်သော်လည်း တာတမံအားလုံးမှာ အာမခံ ခိုင်ခံ့မှုမရှိကြောင်း ကျောက်တော်မြို့မှ ဘင်္ဂလာသို့ရောက်ရှိလာသူတဦးက သုံးသပ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ စိုက်ပျိုးရေရရှိရေးနှင့် သောက်သုံးရေအတွက် တည်ဆောက်ပြီးဖြစ်သော ဇီးချောင်း၊ ပြိုင်းချောင်းနှင့် ဟင်းရွက်ရေလှောင်တမံများမှာ လယ်ဧကအနည်းဆုံး (၁၀၀၀၀)နီးပါးခန့်အထိ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

စစ်အုပ်စု အဆက်ဆက်မှ ရခိုင်ပြည်နယ်နှင့် လူထုအပေါ် မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ စိုးရိမ်ဖွယ်စီမံကိန်းများ ဆောင်လုပ် ပေးထားကြောင်း မေးမြန်းရာ အောက်ပါအတိုင်း ရှင်းပြသည်။

"ဒီဆည်တာတမံတွေကို လေ့လာရသလောက် အားလုံးက စစ်တပ်ကတည်ဆောက်တာ ဖြစ်ပါတယ်၊ အမြဲလိုလို နီးစပ်တဲ့လူထုတွေနဲ့ အကျဉ်းသားတွေကို အလုပ်ကြမ်းတွေ အဲဒီတမံတွေမှာ ခိုင်းတာတွေရှိတယ်၊ ဆိုတော့ နှစ်ကြာလာလို့ မိုးရာသီတွေဆို စိုးရိမ်မှုတွေ ရှိလာကြတာပေါ့၊ ဆောက်လုပ်ရေး အင်ဂျင်နီယာတွေနဲ့ စနစ်တကျတည်ဆောက်တာ မတွေ့ရဘူး၊ တာတမံဆည်တွေ ကျိုးပေါက်တာနဲ့ အနီးအနား ကျေးရွာတွေ၊ လယ်မြေယာကိုင်းတွေ အားလုံးကတော့ မတွေးဝံ့စရာတွေပါ၊ ခုတောင် ဆည်တမံတွေ ကွဲပြဲပြီး ရေစိမ့်တာတွေ ရှိနေတယ်လို့ မျက်မြင်သူတွေကပြောပါတယ်၊ စစ်တပ်ကလုပ်တာ ကျစ်လစ်ခိုင်မာဖို့ထက် သူတို့လုပ်ချင်တာ လုပ်ရရင်ကျေနပ်ကြတဲ့ သဘောလောက်ပါ။"ဟု အမည်မဖေါ်လိုသူက ပြောခြင်းဖြစ်သည်။

စစ်အုပ်စု အနေဖြင့် ဘူးသီးတောင်မြို့နယ်ရှိ စိုင်းတောင်လျှပ်စစ်ဓါတ်အားပေး စီမံကိန်းကို တည်ဆောက်ရန် ဆန္ဒမရှိသည့်အပြင် ပုံစံမျိုးစုံဖြင့် အကြောင်းပြကာ ရပ်ဆိုင်းလျှက်ရှိနေသည်။ ရခိုင်ပြည်သူများ အနေဖြင့် မိမိဒေသရှိ ရေအားလျှပ်စစ် စီးမံကိန်းများမှ လျှပ်စစ် မီးရရှိရေးကို အထူးလိုလားနေကြောင်းခြင်းမှာလည်း အများပြည်သူအားလုံးအသိပင်ဖြစ်သည်။

ရခိုင်ပြည်နယ်တ၀ှမ်း စစ်အုပ်စုမှ တည်ဆောက်ထားသော တာတမံစီမံကိန်းများအတွင်း ဒေသခံပြည်သူလူထုများ အနေဖြင့် လယ်ယာမြေကိုင်းများ ရှုံးဆုံးခဲ့မှုများ၊ အတင်းအဓမ္မ လုပ်အားခိုင်းစေခံရမှုများနှင့် ရေမြေသစ်တော ဒေသသဘာဝပတ်ဝန်းကျင်များပါ ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း ရခိုင်လူ့အခွင့်အရေးစောင့်ကြည့်လှုပ်ရှားသူများနှင့် သဘာဝပတ်ဝန်းကျင့် ထိမ်းသိမ်းစောင့်ရှောက် ကြည့်သူများ အဖွဲ့များက ဆိုသည်။

ယခုအခါ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရေမီတာခနှင့် လျှပ်စစ်မီးခတို့မှာ တခြားပြည်နယ်များထက် အဆမတန် တိုးမြင့်ပေးနေရကြောင်း ဒေသအတွင်း သတင်းများအရ သိရှိရသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/98-2012-04-05-04-42-52

No comments:

Post a Comment