Friday, April 6, 2012

၂၀၁၂ ဘဏ္ဍာငွေ ရ/သုံး လွှတ်တော်အစည်းအဝေးတွင် ရခိုင်အောင်လံနှင့် ရိုးရာဝတ်စုံ ဆန်းစစ်ရေးအဖွဲ့ ဖွဲ့စည်း


arakan victory flagရခိုင်ပြည်နယ်တွင် လွှတ်တော်အတွင်း ၂၀၁၂ ခုနှစ် ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာ ဥပဒေကြမ်းကို တင်သွင်းဆွေးနွေးမှုများ ပြုလုပ်နေရာမှ ပြည်နယ်အောင်လံတံဆိပ်နှင့် ရခိုင်ရိုးရာဝတ်စုံ ဆန်းစစ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းများကို ဆောင်ရွက်ပြီး ဧပြီလ(၃)ရက်နေ့၊ မွန်းလွဲ (၂)နာရီကျော်တွင် အစည်းအဝေး ကျင်းပပြီးစီးသွားခဲ့ကြောင်း လွှတ်တော်ဥက္ကဌ ဦးထိန်လင်းမှ ကြေငြာလိုက်ကြောင်း သတင်းရရှိသည်။

Written by သဇင်ဥ    Saturday, 07 April 2012 01:50   PDFPrintE-mail
ယင်းရခိုင်ပြည်နယ်အောင်လံနှင့် ရိုးရာဝတ်စုံ ဆန်းစစ်ရေးအဖွဲ့အား ပထမအကြိမ် လွှတ်တော်အထူးအစည်းအဝေး (၁/၂၀၁၂) စတုတ္ထနေ့တွင် အဖွဲ့ဝင် (၅)ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း လွှတ်တော်အစည်းအဝေး၏ အဓိကရည်ရွယ်ချက်မှာ ၂၀၁၂ ခု ရခိုင်ပြည်နယ်၏ ဘဏ္ဍာငွေ ရ/သုံးဆိုင်ရာ ဥပဒေကြမ်းကို တင်သွင်းခြင်း၊ ဆွေးနွေးခြင်းနှင့် ဆုံးဖြတ်အတည်ပြုခြင်းတို့ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယင်းအစည်းအဝေးသို့ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးထိန်လင်းနှင့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၄၁)ဦး တက်ရောက်ခဲ့ကြောင်း မြန်မာ့အလင်းတွင် ဖော်ပြထားသည်။

လွှတ်တော်တွင် ကိုယ်စားလှယ်များက မေးခွန်း (၁၃)ခုကို တင်သွင်းဆွေးနွေးခြင်း၊ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်၏ ဘဏ္ဍာငွေ ရ/သုံးဆိုင်ရာ ဥပဒေကြမ်းကို တင်သွင်းဆွေးနွေးခြင်းနှင့် အဆုံးအဖြတ် ရယူခြင်းများနှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ပြည်နယ်၏ အောင်လံတော်နှင့် ရိုးရာဝတ်စုံ ဆန်းစစ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းများကို အတည်ပြုလုပ်ပြီး လွှတ်တော်ပြီးဆုံးကြောင်း၊ နံနက် (၁၀)နာရီကျော်မှ စတင်ကျင်းပသည့် အစည်းအဝေးအား နေ့လည် (၂)နာရီကျော်တွင် ပြီးဆုံးကြောင်း ကြေငြာခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် အောင်လံတော်နှင့် ရခိုင်ရိုးရာဝတ်စုံ ဆန်းစစ်ရေးအဖွဲ့အား ခေါင်းဆောင် ဦးလှသိန်း (တရားသူကြီး)၊ ဦးဇော်ဇော်ထွန်း (ဗမာတိုင်းရင်းသား - ယဉ်ကျေးမှုပြတိုက်မှူး)၊ ဦးထွန်းမင်း (သမိုင်းဋ္ဌာနပါမောက္ခ)၊ ဦးဇော်ဝင်းလှိုင် (မြန်မာစာဋ္ဌာန)နှင့် ဦးမွှေးလှ (စာရေးဆရာ)တို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။

RNDPနှင့် ရခိုင်ပြည်သူလူထုများ အနေဖြင့် ယင်းအောင်လံတော်နှင့် ရိုးရာဝတ်စုံများမှာ မိမိရခိုင်တို့၏ ဂုဏ်အင်္ဂါလက္ခဏာနှင့်သာ သက်ဆိုင်နေ၍ ကြံ့ဖွတ်မှတင်ပြသော ပြုပြင်ပြောင်းလဲမည့်အဆိုကို ယနေ့တိုင်ကန့်ကွက်နေသည့်ကြားက ဆန်းစစ်ရေးအဖွဲ့အား ဖွဲ့စည်းခဲ့ခြင်းဖြစ်သဖြင့် မကြေနပ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း စုံစမ်းသိရှိရသည်။

လွှတ်တော်အတွင်း အဖွဲ့ အဖွဲ့စည်းရေးအား မဲခွဲဆုံးဖြတ်ခဲ့ကြရာ ကြံ့ဖွတ် ထောက်ခံမဲများသောကြောင့် ဖွဲ့စည်းရေး အနိုင်ရရှိသွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ ရခိုင်အမျိုးသားများအကြားတွင် ယင်းအဆိုအား မတ်လ(၂၉)ရက်နေ့က ဦးစွာတင်သွင်းသည့် မာန်အောင် လွှတ်တော်အမတ် ဦးသာညွှန့်နှင့် ထောက်ခံခဲ့ကြသည့် ဘူးသီးတောင်မြို့ အမတ် ဦးမောင်စံရွှေနှင့် ရမ်းဗြဲမြို့အမတ် ဦးသန်းနိုင်တို့အား မကြေနပ်မှုများ တိုးပွားလျှက် ရှိနေကြောင်း သိရှိရသည်။

RNDPမှ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးကို ကောင်းမွန်အောင်ပြုလုပ်မည့် စီမံကိန်းမှသည် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာငွေ အဆိုတခုကို လွန်ခဲ့သော လွှတ်တော်အစည်းအဝေးတခုတွင် တင်သွင်းခဲ့ရာ ကြံ့ဖွတ်မှ ကန့်ကွက်ပယ်ချခဲ့သေးသည်။

ယနေ့အချိန်အထိ ရခိုင်ပြည်နယ် ပြည်နယ်လွှတ်တော်အစည်းအဝေးများအတွင်း ဆွေးနွေးခဲ့ကြသော ဆုံးဖြတ်ချက်များမှာ ရလာဒ်ကောင်းဟု၍ ထင်သာမြင်သာရှိသည်ကို မတွေ့ရှိရသေးပေ။

No comments:

Post a Comment