Sunday, March 25, 2012

မျက်မှောက်နိုင်ငံရေးအပေါ်ရှုမြင်ခြင်း (သက်ထွန်း)

ဗမာပြည်နိုင်ငံရေးမှာ တကယ်အပြောင်းအလဲ ဖြစ်ဖို့ အခြေတည်နေသလား သို့မဟုတ် အစပြုနေပြီလား၊ တချို့ရဲ့အမြင် မှာ အပြောင်းအလဲတောင်စတင်ဖြစ်နေပြီလို့ မြင်နေကြသလို၊ တချို့ကလည်း စစ်စစ်မှန်မှန်ပြောင်းလဲမှု မဟုတ်သေးဘူး လို့ သုံးသပ်ကြပါတယ်။ နိုင်ငံရေးရဲ့ သဘောသဘာဝအရ အမြင်အမျိုးမျိုးဟာ ရှုမြင်ပုံအမျိုးမျိုးကြောင့်ကွဲပြားနိုင်ပါတယ်။
သို့ပေမဲ့ အဲဒီအမြင် တမျိုးခြင်းစီဟာ ဘယ်ရှုထောင့် ဘယ်ချဉ်းကပ်ပုံကနေ ဆင်းသက်လာတယ်ဆိုတာကိုတော့ စိစစ် ကြည့်နိုင်သလို၊ ဘယ်အကျိုးစီးပွားပေါ် အခြေခံထားသလဲဆိုတာကိုတော့ ခွဲခြားကြည့်သင့်ပါတယ်။
တိုင်းပြည်တခုရဲ့ ခေတ်စနစ်တခုကနေ အခြားတခုကို ပြောင်းလဲကြတယ်ဆိုတာ ပြည်သူလူထုနဲ့ တိုင်းပြည်ရဲ့ အကျိုးစီး ပွားကို အဆင်ပြေတိုးတက်မှုရှိစေဖို့ဆိုတာ အခြေခံရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိမှာ ကြံ့ဖွံ့အစိုးရရဲ့ လုပ် ဆောင်နေမှုတွေကို သေသေချာချာ တွက်ဆသုံးသပ်ဖို့ လိုအပ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုဆိုတာကို လူ့အဖွဲ့အစည်း တခု လုံးအတွက် မရေရာတဲ့ မျော်လင့်ချက်ပေးမှုတွေသာ ဖြစ်နေစေပြီး၊ လက်တွေ့ခန်းမှာတော့ ခိုင်မာတဲ့ ဘာအကျိုးရလဒ်မှ ရမလာဘဲ၊ အကောင်အထည်ဖော်မှုဟာ ဘယ်လိုအဓိပ္ပါယ်သက်ရောက်ပါသလဲ၊ အာဏာရဖို့ရာ ပြည်သူကို လိမ်လည် တတ်တဲ့ အောက်တန်းစား နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေ လုပ်လေ့ရှိတဲ့ အမူအကျင့်ထက် မပိုဘူးဆိုတာပါဘဲ။
ဗမာပြည်နိုင်ငံရေး အခင်းအကျင်းနှင့်ပတ်သက်ပြီး ပြောင်းလဲတိုးတက်မူရှိလာပြီဆိုတဲ့ အချက်ဟာ စစ်အုပ်စုအတွက်ပဲ မှန် ပြီး ပြည်သူလူထုနဲ အတိုက်အခံတွေအတွက်တော့ မဟုတ်မှန်နိုင်ပါဘူး၊ ဘာကြောင့်ဆို စစ်အာဏာရှင်စနစ်ကို အခြေပြု ထားတဲ့ စစ်အုပ်စုဟာ ယူနီဖောင်းဝတ်ထားပြီး တိုင်းပြည်ကိုအုပ်ချုပ်နေတာနဲ့ အရပ်ဝတ်လဲပြီး အုပ်ချုပ်တာကို ပြောင်းလဲ မှုတရပ်ဖြစ်တယ်လို့ အတင်းကပ်သပ်ပြောနေမယ်ဆိုရင်တော့ အဖြေမှန်ရဖို့ခက်ပါတယ်။ ဒါမှမဟုတ် အချက်အလက်တွေ နဲ့ ထောက်ပြပြီး အပြောင်းအလဲပါလို့လည်း ဆိုလာနိုင်ပါတယ်။
အဲဒီ အချက်အလက်တွေကတော့၊ နိုင်ငံရေးအကျဉ်းသား တချို့ကို ပြန်လွတ်ပေးသည်ဆိုသည့်အချက်၊ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံဆွေးနွေးမူပြုလုပ်နေသည် ဆိုသည့်အချက်၊ ပါတီမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ဥပဒေအချို့ကို ပြင် ဆင်ပေးသည်ဆိုသည့်အချက်၊ ဧရာဝတီမြစ်ဆုံဆည်တည် ဆောက်ရေးနှင့်ပတ်သက်၍ ပြည်သူလူထု၏သဘောကို အ လေးထားသည်ဆိုသည့်အချက်၊ အင်တာနက်အသုံးပြုမှု အနည်းငယ်ပွင့်လင်းလာသည်ဆိုသည့်အချက်နှင့် သတင်းဂျာ နယ်များတွင် အချို့သတင်းများထည့်သွင်းဖော်ပြခွင့်နှင့် ပြည်ပမီဒီယာတချို့မှ ပြည်တွင်းသို့ ၀င်ရောက် သတင်းရယူနိုင် ခွင့်ရှိလာသည်ဆိုသည့်အချက်၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများအား အပစ်ရပ်ရေးနှင့်ဆွေးနွေးရေး ကမ်း လှမ်းသည်ဆိုသည့်အချက်၊ အမျိုးသား လူ့အခွင့်အရေးကော်မတီဖွဲ့စည်းလုပ်ဆောင်နေပါပြီ ဆိုသည့်အချက် စသဖြင့် ထည့်သွင်းစဉ်းစားနိုင်ပေမယ်လို့၊ အကျိုးသက်ရောက်မှုနဲ့ ဆုပ်ဆုပ်ကိုင်ကိုင် ရှိသလားဆိုရင်တော့ ဘာမှ မရှိဘူးဆိုတာ တွေ့ရပါလိမ့်မယ်။
တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ ဖြစ်စဉ်မှာလည်း တိုင်းပြည်အတွက် ဘာအဖြေမှမပေါ်ထွက်လာဘဲ ဆက်လက်အကောင်အ ထည်ဖော်မှု မရှိတော့ခြင်းဟာ နိုင်ငံတကာနဲ့ ပြည်သူလူထုကို စနစ်တကျ လိမ်ညာလှည့်ဖြားမှုတခုသာဖြစ်ပြီး၊ နိုင်ငံရေး အရ အရေးကြီးတဲ့အဆင့်တခုကို မေ့လျော့ဟန်ဆောင်ပြီး ကျော်လွှားသွားခြင်းသာဖြစ်တယ်၊ ဘာအကြောင်းပြချက်မှမရှိ ဘဲ ရပ်တန့်နေမှုဟာ၊ ဒေါ်အောင်ဆန်းစုကြည်ဖက်ကနေ မလိုအပ်တော့ဘူးလို့ဆုံးဖြတ်ပြီး ရပ်တန့်သွားခဲ့တာ မဟုတ်ဘူး ဆိုတာတော့ သေချာပါတယ်။ စစ်အုပ်စု (ကြံ့ဖွံ့) အနေနဲ့ လတ်တလောမှာ ရသွားတဲ့ (နိုင်ငံရေးဖြစ်စဉ်များ) အခြေအနေ တချို့အပေါ် အသာစီးရနေမှုကြောင့် မသိကျိုးကျွံပြုပြီး သူတို့ရဲ့မဟာဗျူဟာလုပ်ငန်းစဉ်တွေကို ဆက်လက်ပြီး အကောင် အထည်ဖော်နေတာကို တွေ့နေရပါတယ်။
စစ်အုပ်စုအနေနဲ့အသွင်သဏ္ဌာန်ပြောင်းလဲလှုပ်ရှားမူကြောင့် နည်းဗျူဟာအရ (တနည်းအားဖြင့်ဆိုသော်) နိုင်ငံရေးကစား ကွက်ပုံစံ ပြောင်းလဲသွားခြင်းသာဖြစ်ပြီး ၎င်းတို့အပေါ်အကဲခတ်ရှုမြင်ရပုံ (သို့) ၎င်းတို့အပေါ် မြင်ကွင်းပြောင်းလဲသွားခြင်း သာ ဖြစ်ပြီး အနှစ်သာရအားဖြင့် ပြောင်းလဲခြင်းမရှိ ဆိုသည်ကို တွေ့မြင်နိုင်ပါတယ်။
သမတအကြံပေးဆိုသူများရဲ့လက်ရှိတကယ်လုပ်နေတာက သမတရဲ့ရှေ့နေများသာဖြစ်နေတယ် ဘာကြောင့်ဆို အဲဒီ လူတွေရဲ့ အင်တာဗျူးဆိုတာတွေမှာ သမတကြီးဘယ်လိုသဘောကောင်းကြောင်း တော်ကောင်း စေတနာကောင်း ကြောင်းတွေနဲ့ ဆင်ခြေဆင်လက် အချက်အလက်တွေအပြင်၊ မြစ်ဆုံဆည်ကိစ္စ၊ မြောက်ကိုရီးယားနှင့် ပူးပေါင်းပြီး ညူက လီးယားထုတ်လုပ်ရေးကိစ္စ၊ တိုင်းပြည်၏ အထွေထွေအကြပ်အတည်းကိစ္စ၊ နိုင်ငံရေးအကျဉ်းသားရှိ မရှိ ကိစ္စ၊ တိုင်းရင်း သားများအရေးနှင့် ပြည်တွင်းစစ်ရပ်စဲနိုင်ရေးကိစ္စ စသဖြင့် အရေးကြီးအချက်အလက်များနဲ့ ပတ်သက်ပြီး အမှန်ကိုပြော တာထက် ကာကွယ်ပြောဆိုနေတာကိုသာ တွေ့မြင်ကြားသိနေရတာ ဖြစ်တယ်။
တိုင်းပြည်တခုမှာ ပြည်သူလူထုရဲ့လူနေမှုဘ၀ တည်ငြိမ်မှု၊ တိုးတက်မှု၊ လုံခြုံမှုရှိရေးစတာတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျမ်းမာရေးစတဲ့ နယ်ပယ်တွေမှာသာမက လူ့အဖွဲ့အစည်းတခုလုံးနဲ့ဆိုင်တဲ့ နယ်ပယ် အသီးသီးမှာ အဆင်ပြေမှု၊ တိုးတက်မှု ရှိအောင်လုပ်ဖို့ဆိုတာ၊ အစိုးရဆိုပြီး တိုင်းပြည်အာဏာကိုယူထားတဲ့ သူတွေ၊ ပါ တီတွေမှာ တာဝန်ရှိပြီး ဖြစ်တယ်။ ဒါကို ကိုယ့်ထမင်းကိုယ်စားပြီးတော့ ကြီးတော်နွား အလကားကျောင်းနေသလိုလို စ ကားတွေကို ကြံ့ဖွံ့ပါတီရဲ့သမတ ဆိုသူဟာ မရှက်မကြောက်ပြောလာခဲ့တယ်။
သမတ ဆိုသူကိုယ်တိုင်က ပတ်ချွဲနပ်ချွဲပြောပြီး လိမ်နေတယ်ဆိုတာ၊ တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ အပစ်အခတ်ရပ် စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စမှာ ကြည့်ရင်၊ သိသာထင်ရှားလွန်းတယ် (ကြံ့ဖွံ့အစိုးရ တိုင်းပြည်အာဏာရယူပြီး ၁နှစ် ပြည့် မိန့်ခွန်း)၊ သူတို့အနေနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် အဆင့်သုံးဆင့် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက် နေပါသည်၊ ၎င်းမှာ နိုင်ငံတော်၏လမ်းပြမြေပုံဖြစ်သည်ဟုဆိုသလို၊ ၎င်းတွင် နည်းဗျူဟာပေါင်းများစွာ ပါဝင်ဟု ပြောခဲ့ပါ တယ်။
ထိုအဆင့် ၃ ဆင့်ကို ကြည့်မည်ဆိုပါက …
၁။ ပြည်နယ်အဆင့် (ပထမအဆင့်)
နိုင်ငံရေးဆွေးနွေးမှုမပါသေး။
၂။ ပြည်ထောင်စုအဆင့် (ဒုတိယအဆင့်)
ဆွေးနွေးပွဲအတွက် အခြေခံထားသည့်မူ (သို့မဟုတ်) အချက်အလက်များ -
က – ပြည်ထောင်စုက ဘယ်တော့မှ ခွဲမထွက်ဖို့။
ခ – ဒို့တာဝန်အရေးသုံးပါးကို လက်ခံဖို့။
ဂ – စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့။
ဃ – မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့။
င – နိုင်ငံရေးပါတီများထူထောင်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်ဖို့။
စ – လွှတ်တော်ထဲရောက်လာလို့ရှိရင် အခြားသောတိုင်းရင်းသားများနဲ့ အကြေအလည်ညှိနှိုင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့။
ဆ – ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တခုတည်းသော လက်နက်ကိုင်တပ်မတော်အဖြစ် ရပ်တည်ရေး ဆောင်ရွက်ဖို့ စ တဲ့အချက်တွေ … ဖြစ်ပြီး ဒီအချက်တွေကို နှစ်ဦီးနှစ်ဖက်ညှိနှိုင်းပြီး သဘောတူညီချက်ရရှိပြီဆိုရင်ဖြင့် တတိယအဆင့်ကို ရောက်မယ်။
(တတိယအဆင့်)
နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးအင်အားစုတွေ ပြည်သူ့ကိုယ်စားလှယ်တွေ စတဲ့ political players တွေအားလုံးပါဝင်တဲ့  ဒီလွှတ်တော်ကြီးမှာ လက်မှတ်ရေးထိုးကြဖို့ ဖြစ်တယ်။ ဒုတိယအဆင့် ဖြစ် တဲ့ ပြည်ထောင်စုအဆင့် (တနည်း.. နိုင်ငံရေးဆွေးနွေမှု) ဆွေးနွေးပွဲအတွက် ကြံဖွံ့အစိုးရဖက်ကနေ တရားဝင်ပြောလာ တဲ့ စကားအရ ဆွေးနွေးမှုပြုလုပ်မဲ့၊ နှစ်ဦးနှစ်ဖက် (ကြံ့ဖွံ့အစိုးရနှင့် မည်သည့်တိုင်းရင်းသားအင်အားစုမဆို) ဆွေးနွေးရ မည့် အခြေခံအချက်များကို တဖက်သတ်ကြိုတင်သတ်မှတ်ထားပြီး ဖြစ်သလို၊ ထိုအချက်တွေထဲမှာ အလွန်ဆိုးဝါးတဲ့ (ဆွေးနွေးမှုပျက်ပြားစေမည့်) အချက်အလက်တွေကတော့ …
(င) နိုင်ငံရေးပါတီများထူထောင်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်ဖို့ဆိုတဲ့အချက်နဲ့
(စ) လွှတ်တော်ထဲရောက်လာလို့ရှိရင်၊ အခြားသောတိုင်းရင်းသားများနဲ့ အကြေအလည် ညှိနှိုင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပ ဒေ ပြင်ဆင်ဖို့ဆိုတဲ့အချက်ပဲ ဖြစ်တယ်။ နိုင်ငံရေးပါတီတခု ထူထောင်တယ်လို့ဆိုတာနဲ့တပြိုင်နက်၊ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ (စစ်မှန်သည့်ပြည်ထောင်စုစနစ်နဲ့ ဒီမိုကရေစီစနစ်ကို မျက်ကွယ်ပြုထားသည့် စစ်တပ်အခြေပြု အခြေခံဥပဒေ) ကို လက်ခံပြီး ဖြစ်တယ်။ ဒါဟာ အင်မတန်သိမ်မွေ့သလို အလွန်ကောက်ကျစ်စဉ်းလဲတဲ့ အချက်ပဲဖြစ်တယ်။
နောက်တခါ အချက် (စ) ဖြစ်တဲ့ လွှတ်တော်ထဲရောက်လို့ရှိရင် အခြားသောတိုင်းရင်းသားတွေနဲ့ညှိနှိုင်းပြီး ဖွဲ့စည်းပုံအခြေ ခံဥပဒေကို ပြင်ဆင်ဖို့ဆိုတာဟာလည်း၊ ပါတီထောင်တိုင်း မဲအနိုင်ရပြီး လွှတ်တော်ထဲ ရောက်လာဖို့ဆိုတာ မလွယ်ကူ သလို၊ လွှတ်တော်ထဲမှာ ဥပဒေ တခုကို ပြင်ဆင်ဖို့၊ ပြောင်းလဲဖို့ဆိုတာ ပါးစပ်ကပြောသလောက် အဆင်ပြေ မချောမွေ့ပါ ဘူး၊ လွှတ်တော်မှာ အဆိုတင်တိုင်း ဖြစ်ရမယ်ဆိုတာမရှိပါဘူး၊ အများထောက်ခံချက် (မဲအရေအတွက်နဲ့) ဆုံးဖြတ် တာ ဖြစ်သလို၊ လွှတ်တော်အဆင့်ဆင့် ဖြတ်သန်းပြီးမှ အတည်ပြုနိုင်တာဖြစ်သလို၊ တခါတရံ ပြည်သူလူထုထဲအထိ သဘော ထားကောက်ခံရတဲ့ အခြေအနေမျိုး၊ အကြောင်းအရာမျိုးတွေ ရှိနေတတ်ပါတယ်။ အခုချိန်မှာ ပိုဆိုးပါတယ်။ ဘာကြောင့် ဆို လက်ရှိလွှတ်တော်ဆိုတာမှန်သမျှ စစ်တပ်က ၂၅ ရာခိုင်နှုန်းဝင်ယူထားပြီး၊ ကြံ့ဖွံ့ပါတီ (အရပ်ဝတ်စစ်တပ်) က တဖက်၊ ဒီတော့ကာ လွှတ်တော်ထဲကနေ အခြေခံဥပဒေကို ၀င်ပြင်ပါဆိုတာ ပါးလှည့်နားရိုက် ကမ်းလှမ်းချက်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် တိုင်းရင်းသားအဖွဲ့အစည်းတွေအားလုံး၊ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ခြင်း ဆိုတာဟာ နအဖက ရေးဆွဲ ထားတဲ့၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တရားဝင် လက်ခံ အသိအမှတ်ပြုပေးခြင်းသာ ဖြစ်တဲ့အတွက်၊ တိုင်းရင်းသားတွေ လိုအပ်နေတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုတခု ပေါ်ထွန်းရေးဆိုတာ ဖြစ်မလာနှိုင်သေးသမျှ၊ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာဟာ ရွှေပြည်တော်မျှော်တိုင်းဝေး ဖြစ်နေဦးမှာသေချာပါတယ်။
အမှန်တကယ် တိုင်းပြည်တွင်းမှာ ပြည်တွင်းစစ်ရပ်စဲပြီး၊ ငြိမ်းချမ်းရေးကိုရယူချင်တယ်ဆိုရင်၊ မည်သည့်တိုင်းရင်းသား လူ မျိုးစုကိုမဆို၊ ပြည်ထောင်စုက ခွဲမထွက်စေချင်ဘူးဆိုရင် တိုင်းရင်းသားအားလုံးမှာ နိုင်ငံရေးအရတန်းတူမှု၊ လူမျိုးရေးအရ တန်းတူမှုနဲ့ ဘာသာရေးအရတန်းတူမှု စတာတွေအပြင် နိုင်ငံသားတဦးချင်းစီရဲ့ရပိုင်ခွင့်နဲ့ လုံခြုံမှုတွေရှိနေပြီဆိုတဲ့ အနေ အထားကို လက်တွေ့ဖော်ဆောင်ဖို့လိုအပ်တယ်။ အဲဒီလိုမဟုတ်ပဲ အစစအရာရာ လက်ဝါးကြီးအုပ် ကြီးစိုးချင်တဲ့ အပြုအ မှုနဲ့ ကျင့်အကြံတွေကို ဆက်လက်ဆုပ်ကိုင်ပြီး၊ ငြိမ်းချမ်းရေးကိုတည်ဆောက်နေပါတယ်လို့ ပြောနေဦးမယ်ဆိုရင်တော့ (ပါးစပ်ကဘုရား ဘုရား၊ လက်က ကားယားဆိုသလို) ဘယ်လိုကောင်းကျိုးမှ ဖြစ်မလာနိုင်ပါဘူး။
နိုင်ငံရေးအရ (မူတွေ သဘောထားတွေကို တဖက်စောင်းနင်း ကိုင်စွဲထားပြီး) ကိုယ့်အလိုကျ လိုင်းကိုအသေချထားပြီးမှ ဆွေးနွေးမှုကို အကောင်အထည်ဖော်တဲ့အတွက်၊ တဖက်ကလက်မခံတဲ့အချိန်မှာ၊ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် နိုင်ငံ ရေးအရ ပြောဆိုဆွေးနွေးလို့မရတဲ့ သူတွေ၊ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ရေးအရ ပြင်းပြင်းထန်ထန် အ ရေးယူလုပ်ဆောင်ရပါတယ် ဆိုရင်တော့ (တိုင်းရင်းသားလူမျိုးစုတွေကို) လူမျိုးတုံး သတ်ဖြတ်ပွဲတွေအဖြစ် ပေါ်ပေါက်လာ တာကလွဲပြီး စစ်ရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း၊ ဥပဒေကြောင်းအရသော်လည်းကောင်း ဘယ်လိုနည်းနဲ့မှ လက်ခံနှိုင်စရာမရှိသလို၊ လူ့အဖွဲ့အစည်းတခုအတွက် ဆိုရင်လည်း၊ အင်မတန် စက်ဆုပ်ရွံရှာဖွယ် ကောင်းတဲ့ လုပ်ရပ်ပဲဖြစ်ပါလိမ့်မယ်၊ သို့သော်လည်း နိုင်ငံတခုမှာရှိတဲ့ လက်နက်ကိုင်အင်အားစု (အမျိုးသားစစ်တပ်) ဟာ လူတစုရဲ့အကျိုးစီးပွားနဲ့ လိုအင်ဆန္ဒပေါ်မှာသာ တည်ရှိနေပြီဆိုတဲ့အခါ၊ တိုင်းပြည်နဲ့ပြည်သူအပေါ်မှာ၊ အလွန်ကြောက် မက်ဖွယ်ကောင်းတဲ့ ကပ်ဆိုးကြီးတခု ကျရောက်နေတာနဲ့အတူတူပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ သတိပြုသင့်တာက မည်သည့်နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုမျိုးမဆို အောင်မြင်ဖို့ရာ၊ အပြန်အလှန်လေးစား အသိ အမှတ်ပြုမှု၊ ယုံကြည်နှိုင်မှု၊ ဆွေးနွေးပွဲအတွင်း တန်းတူရည်တူရှိမှု၊ ဆွေးနွေးပွဲကိုအမှန်တကယ် အောင်မြင်လိုစိတ်ရှိမှု၊ ဆွေးနွေးပွဲနှင့်ပတ်သက်သည့် အချက်အလက်များ (ဆွေးနွေးပွဲတွင်ဆွေးနွေးမည့် မူများ၊ ပေါ်လစီများ)အား တဖက်သတ် ကြိုတင်သတ်မှတ်ထားခြင်း မပြုလုပ်မှု စတဲ့အခြေခံသဘောတရားတွေကို လျစ်လျူရှုထားလို့မဖြစ်နိုင်သလို၊ အပြန်အ လှန် အလျော့အတင်းလုပ်နိုင်မှုစတဲ့ အခြေခံသဘောတရားတွေ နှစ်ဦးနှစ်ဖက် ကိုင်စွဲထားဖို့လိုပါတယ်။ (အပြန်အလှန်အ လျော့အတင်းလုပ်တဲ့အချက်ဟာ အပေးအယူသဘောကို မတိမ်းညွတ်ဖို့လိုပါတယ်။ ဘာကြောင့်ဆို တဖက်နဲ့တဖက် အ ပေးအယူလုပ်ပြီး၊ တိုင်းပြည်ကပိုင်ဆိုင်တဲ့ မြေပေါ်မြေအောက် သယံဇာတတွေနဲ့ နယ်မြေခွဲခြမ်းရယူမှုတွေ သက်သက် ဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်လို့ပဲ ဖြစ်တယ်။ ဒါကို နအဖလက်ထက်မှာ တွေ့ကြုံခဲ့ပြီးဖြစ်တယ်)။
ဒါပေမဲ့လည်း ကြံ့ဖွံ့စစ်ဗိုလ်ချုပ်တွေရဲ့လက်ငင်းအကောင်အထည်ဖော်မှုတွေဟာ နိုင်ငံတကာအနေအထားအရပဲ ဖြစ်ဖြစ်၊ ပြည်တွင်းအနေအထားအရပဲ ဖြစ်ဖြစ် သူတို့အပေါ်ရှိနေတဲ့ ဖိအားတွေလျော့ကျသွားဖို့နဲ့ စစ်တပ်လက်ဝါးကြီးအုပ် နိုင်ငံ ရေးစနစ် ခိုင်မာစေဖို့အတွက်ကိုပဲ အဓိကထားနေတယ်ဆိုတာ ထင်သာမြင်သာရှိလှပါတယ်။
နိုင်ငံတကာဖက်ကို ကြည့်မယ်ဆိုရင်လည်း အင်အားကြီးနိုင်ငံတွေရဲ့ယနေ့ကာလ နိုင်ငံရေးအရွေ့ဟာ အာရှကို ဦးတည် ချက်ထားနေတာ သိသာထင်ရှားလွန်းတဲ့ မြင်ကွင်းဖြစ်တယ်။ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းနဲ့ ပတ်သက်လို့၊ ပြောင်းလဲ ရွေ့ရှားမှုတွေဟာ ပထ၀ီနိုင်ငံရေး သဘောတရားပေါ်အခြေခံပြီး ဖြစ်ပေါ်နေတယ်လို့ဆိုပေမဲ့၊ တကယ့်အရင်းခံအကြောင်း ကတော့ အကျိုးစီးပွားသာ ဖြစ်ပါတယ်။ နိုင်ငံအများစုရဲ့ချဉ်းကပ်မှုဟာ ဒီမိုကရေစီရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ လူ့ အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှု အကူအညီပေးရေး၊ သံခင်းတမန်ခင်း ဆက်ဆံရေး၊ ကုန်သွယ်စီးပွားဖက်လုပ်ဆောင်ရေး အစရှိသဖြင့်၊ အကြောင်းပြကောင်းတဲ့ ခေါင်းစဉ်တွေကိုတပ်ပြီး လာလေ့ရှိတယ်။ တကယ့် နောက်ကွယ်က ရည်မှန်းချက် တွေကတော့ နိုင်ငံရေး၊ စစ်ရေးအရ သြဇာအာဏာတည်ရှိရေး နဲ့ဝင်ရောက်စွက်ဖက်မူကိုခံရတဲ့ နိုင်ငံတွေရဲ့မြေပေါ် မြေ အောက် သယံဇာတ အရင်းအမြစ်တွေကို ရယူလိုမှုသက်သက်သာ ဖြစ်တယ်။ ဒီသရုပ် သကန်ကို တရုတ်နိုင်ငံဟာ ထင် ထင်ရှားရှား ဖော်ဆောင်လှုပ်ရှားနေတာကို ကမ္ဘာ့နေရာ အစိတ်အပိုင်း အတော်များများမှာ တွေ့နေရပြီ ဖြစ်ပါတယ်။
ဗမာနိုင်ငံနဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့ အမျိုးသားအကျိုးစီးပွားကို တဖက်စောင်းနင်း အကောင်အထည်ဖော်မှုတွေဟာ၊ ဗမာနိုင်ငံရဲ့အချုပ်အချာပိုင်ဆိုင်မူနဲ့ အမျိုးသားရေးတွေကို ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်လာတဲ့အထိ တွေ့ကြုံနေရ ပြီ ဖြစ်တယ်။ အဲဒါဟာလည်း ဗမာစစ်ဗိုလ်ချုပ်တွေရဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ ကိုယ်ကျိုးရှာမှုတွေကနေ မြစ်ဖျားခံလာ တာသာဖြစ်တယ်။ ကမ္ဘာ့နိုင်ငံရေးရိုက်ခတ်မူတွေအတွက် တရုတ်နိုင်ငံရဲ့ကျောထောက်နောက်ခံပေးမူကို လိုချင်မူကြောင့် အလျော်အစားလုပ်ရင်း၊ တိုင်းပြည်ရဲ့အရင်းအမြစ်တွေတင်မက နယ်မြေပိုင်ဆိုင်မှုနဲ့ နိုင်ငံရေးအရ ချုပ်ကိုင်ခံရမူတွေကိုပါ အာသာငမ်းငမ်းရယူဖို့ ကျိုးစားလာတဲ့ တရုတ်အစိုးရရဲ့အရှက်မဲ့မှုတွေကြောင့်၊ ဗမာနိုင်ငံတခုလုံးကို တရုတ်အစိုးရလက် ထဲ ၀ကွက်အပ်ရတော့မလို အနေအထားကို ဆိုက်ရောက်လာတယ်။
ဒီအနေအထားကို ကာကွယ်တားဆီးနိုင်ဖို့ကို ကြံ့ဖွံ့စစ်အုပ်စုဟာ ပြည်သူလူထုရဲ့အားကိုရယူနိုင်ဖို့ သူတို့ကိုယ်တိုင်က လျို့ ၀ှက်ပြီးလုပ်ခဲ့တဲ့ မြစ်ဆုံစီမံကိန်းဆိုတဲ့အချက်ပေါ်မှာ ပြင်ပကို သတင်းဖောက်ထုတ်ပြီး နိုင်ငံရေးကစားခဲ့တယ်။ ဒီအ ကြောင်းအရာအတွက် ပြည်သူလူထုဟာ အမျိုးသားရေးကိစ္စရပ်တခုအဖြစ် ရှုမြင်မယ်ဆိုတာကို သိထားတဲ့အတွက် အဲဒီ ကနေတဆင့် အကျိုးအမြတ်တွေ ရယူသွားခဲ့တယ်။
သိန်းစိန်ရဲ့ စီမံကိန်းကိုရပ်ဆိုင်းထားကြောင်း ပြောဆိုမှုဟာ ပြည်သူလူထုရဲ့အုံကြွမှုကြီး တခုဖြစ်ပေါ်လာနိုင်ခြေကို တုံ့ ဆိုင်းသွားစေလို၊ ကြံ့ဖွံ့အစိုးရဟာ ပြည်သူ့ဆန္ဒကိုအလေးထားသယောင်ယောင် ဖြစ်သွားစေခဲ့တယ်။ အချိန်တည်းမှာပဲ တ ရုတ်အစိုးရရဲ့ စီးပွားရေးအကြောင်းပြပြီး နယ်မြေကျူးကျော်ပြီး ခံကတုပ်တည်ဆောက်လိုမှုကို ရပ်တန့်ထားဖို့ အကြောင်း ပြချက်တခုအနေနဲ့ ရရှိသွားခဲ့တယ်။ ဒီအပြင် တရုတ်ကိုမလိုက်လျောမှုဟာ အမေရိကန်နဲ့ အီးယူနိုင်ငံတွေဖက်က မျက်နှာ သာပေးမူကိုရဖို့အတွက် အကြောင်းအချက်တခု ထပ်တိုးလာပြန်တယ်။ (ထည့်သွင်းစဉ်းစားဖို့လိုတာက သိန်းစိန်အစိုးရရဲ့ မြစ်ဆုံဆည် စီမံကိန်းကို ရပ်တန့်ထားမှုဟာ သူတို့အစိုးရသက်တမ်းလို့ ဆိုထားတာဖြစ်တဲ့အတွက် ယာယီသဘောဆောင် နေတာဖြစ်သလို၊ နောက်ကွယ်မှာ ဘာဆက်ဖြစ်နေသလဲဆိုတာ ရှင်းရှင်းလင်းလင်းသိဖို့ ခက်ပါတယ်။ ဒါအပြင် တရုတ် အစိုးရအနေနဲ့ကကော သူ့ရဲ့အရေးကြီးစီမံကိန်းတခုဖြစ်တဲ့အတွက် လွယ်လွယ်နဲ့ အလျော့ပေးကျေနပ်သွားမှာလား၊ ဘယ်လိုတုံ့ပြန်ချက်တွေ ရှိလာမလဲ၊ သိန်းစိန်အစိုးရက ဘာတွေနဲ့ နှစ်သိမ့်မှုလုပ်မလဲ၊ အလျော်အစားက ဘာဖြစ်မလဲ၊ ဒါတွေဟာ လူတွေအပြင်မှာ မြင်၊ သိနေကြတာလောက် မလွယ်ဘူးဆိုတာပဲ ဖြစ်တယ်။) အာစီယံနိုင်ငံတွေကြားမှာလည်း တရုတ်ရဲ့တဖြည်းဖြည်းလွှမ်းမိုးလာမူကို မနှစ်သက်မှုနဲ့ မောက်မာလွန်းတဲ့ ပြောဆိုဆက်ဆံမှုတွေကို ရပ်တန့်စေလိုမှုတွေ ဟာ၊ ကြံ့ဖွံ့အစိုးရအတွက် အထောက်အပံ့ဖြစ်ပေါ်စေခဲ့တဲ့ အကျိုးဆက်တခုအဖြစ် အာစီယံအဖွဲ့တွင်း ဦးဆောင်မှုနေရာကို ပေးအပ်စေရန် ဆုံးဖြတ်ချက်ချစေဖို့ တွန်းအားတွေ ဖြစ်ခဲ့တယ်။
တရုတ်နိုင်ငံရဲ့ဗမာနိုင်ငံကို ခံကတုပ်လုပ်ပြီး အိန္ဒိယသမုဒ္ဒရာကို စိုးမိုးရေးရည်မှန်းချက်ဟာ၊ အိန္ဒိယနိုင်ငံ၊ အရှေ့တောင် အာရှ နိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံတို့ကိုပိုမို ပူးကပ်သွားစေတဲ့ တွန်းအားတရပ်လည်းဖြစ်တယ်။ အာရှဒေသတွင်းမှာ တ ရုတ်ရဲ့ စစ်ရေးအရခြိမ်းခြောက်မှုကို အငွေ့အသက်ရလာတဲ့အတွက် အင်အားချိန်ခွင်ရှာ ထိန်းညှိလိုမှုအရွေ့တွေဟာ စ တင်အသက်ဝင်နေပြီ ဖြစ်တယ်။ အမေရိကန်နိုင်ငံအနေနဲ့လည်း တရုတ်ရဲ့အားပြိုင်လာမှုဟာ အမေရိကန်နိုင်ငံရဲ့ အမျိုး သားအကျိုးစီးပွားကို၊ ထိခိုက်ခြိမ်းခြောက်နေပြီလို့ သုံးသပ်တွက်ဆထားတဲ့အတွက် အာရှတိုက်နဲ့ အိန္ဒိယသမုဒ္ဒရာအပေါ် အခြေခံတဲ့ နိုင်ငံခြားရေးမူဝါဒကို ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းအဖြစ် အဓိကထားပြီး လုပ်ဆောင်လာတာကို တွေ့နေရ ပြီ ဖြစ်တယ်။ အမေရိကန်နိုင်ငံရဲ့ မဟာဗျူဟာနဲ့ အခြေခံအကျဆုံးအရွှေ့ဟာ ဗမာနိုင်ငံအပေါ် အခြေခံထားတယ်။ ဒါက လည်း ဗမာနိုင်ငံရဲ့နိုင်ငံရေးပြဿနာတွေနဲ့ တိုင်းပြည်တည်နေရာကြောင့်ပဲ ဖြစ်တယ်။ တရုတ်ရဲ့ စီးမျောလာမှုကို ရပ်တန့် ဖို့ကျိုးစားတဲ့ ရှေ့တန်းစစ်မျက်နှာနေရာဟာ ဗမာနိုင်ငံပဲဖြစ်နေတယ်။ ဒါကြောင့် အင်အားကြီးနိုင်ငံနှစ်နိုင်ငံရဲ့ အားပြိုင်တဲ့ ကစားကွင်းဟာ အထိအခိုက်အများဆုံးနေရာ ဖြစ်လာမှာဖြစ်တယ်။
ဒီနေရာမှာက တရုတ်ရဲ့ဆိုးယုတ်မူကို ရပ်တန့်နိုင်တဲ့ အကျိုးတခုထဲကိုကြည့်လို့မရပါဘူး၊ ဘာကြောင့်ဆို အမေရိကန်နိုင် ငံကလည်း ဗမာနိုင်ငံနဲ့ပြည်သူလူထုကို ချစ်လို့မဟုတ်သလို၊ သူတို့အော်ဟစ်ကြွေးကြော်နေတဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့် အရေးတွေကြောင့်မဟုတ်ပါဘူး၊ သူတို့ရဲ့ကမ္ဘာ့လုံးဆိုင်ရာ ဖြန့်ကျက်ထိန်းချုပ်ထားလိုမှုနဲ့ အမျိုးသား အကျိုးစီးပွားတွေ ကြောင့်ပဲ ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သဘောပေါက်ဖို့လိုသလို၊ အီးယူအနေနဲ့ကလည်း စီးပွားရေးကျဆင်းမှု နဲ့ ကမ္ဘာ့နိုင်ငံရေးမှာ သြဇာကျဆင်းမှုတွေဖြစ်နေပြီး၊ အီးယူအထဲမှာကလည်း အားလုံးစည်းလုံးညီညွတ်နေတာ မဟုတ်သ လို၊ အဖွဲ့တွင်းက ချမ်းသာပြီးအင်အားရှိတဲ့ နိုင်ငံတချို့ရဲ့သဘောထားကိုသာ အလေးပေးလုပ်ဆောင်နေရတဲ့အတွက်၊ မူ ပေါ်လစီဆိုတာတွေဟာ အီးယူအနေနဲ့ သိပ်အလေးမထားနိုင်ဘဲ၊ ချိုချိုချောင်ချောင်နိုင်ငံရေးမျိုး၊ ပေါချောင်ကောင်း စီးပွား ရေးအကွက်အကွင်းမျိုးကိုသာ စိတ်ဝင်တစားလုပ်နေတယ် ဆိုတာကို သိထားဖို့လိုပါတယ်။
ကြံ့ဖွံ့ စစ်ဗိုလ်ချုပ်တွေအနေနဲ့ကတော့ သန်းရွှေ ခေါင်းဆောင်တဲ့ နအဖ လက်ထက်က အမျော်အမြင်မဲ့စွာ လုပ်သွားခဲ့တဲ့ လုပ်ရပ်တွေကြောင့် တရုတ်အစိုးရရဲ့ ကန်းတက်မှုတွေကိုကာကွယ်ဖို့ဟာ သူတို့တဦး တည်းအနေနဲ့ မဖြစ်နိုင်ဘူးဆိုတာ ကိုသိနေတဲ့အတွက် အမေရိကန်နဲ့ အီးယူနိုင်ငံတွေကို ပူးပေါင်းပြီး အကာအကွယ်ယူနိုင်ဖို့ ကျိုးစားလာပါတယ်။ အဲဒီ အနေအထားတွေကြောင့် ငိုချင်ရက်လက်တို့ဖြစ်နေတဲ့ အီးယူနဲ့ အမေရိကန်နိုင်ငံရဲ့အရှက်မဲ့စွာ အတင်းဝင်ရောက်ထိ စပ် မှုကို၊ ကြံ့ဖွံ့စစ်ဗိုလ်ချုပ်တွေဟာ သူတို့မျော်မှန်းထားတာထက် ပိုစောပြီး အလျင်အမြန်ရရှိခဲ့လိုက်တာပဲ ဖြစ်တယ်။
ဒီအနေအထားတွေရဲ့ အကျိုးဆက်ကတော့ လောလောဆယ်မှာ ဗမာနိုင်ငံရဲ့အတိုက်အခံ အင်အားစုတွေကြားရှိနေခဲ့တဲ့ အမျိုးသားရေးအခြေခံမူပေါ်မှာ ရပ်တည်ထားခဲ့တဲ့ ညီညွတ်ရေးပြိုကွဲစေခဲ့တာကို ကြုံတွေ့လိုက်ရပါတယ်။ အစစ်အမှန်အ ခြေအနေမှာက ကြံ့ဖွံ့စစ်အုပ်စုရဲ့အသွင်သဏ္ဌာန်ပေါ် အခြေခံထားတဲ့ နည်းပရိယာယ် ပြောင်းလဲမှုအပေါ် ရှုမြင်ပုံတွေ ကွဲ လွဲခြင်းဟာ အဓိက အချက်အလက်ဖြစ်တာကို တွေ့မြင်နိုင်ပါတယ်။ အသွင်ပြောင်းလဲမှုကို အခင်းအကျင်းပြောင်းလဲတိုး တက်ပြောင်းလဲမှုအဖြစ် လက်ခံလိုခြင်းနဲ့၊ စစ်အာဏာရှင်စနစ်အပေါ် တည်ထားတဲ့ အခြေခံမူပြောင်းလဲမှုမရှိတာကို လက် မခံနိုင်ခြင်းဆိုတဲ့ အတွေးအခေါ်ကွဲပြားမှုကနေ ရပ်တည်ချက်ဆိုတဲ့ အဆင့်အထိ ရိုက်ခတ်သွားခဲ့တာဖြစ်တယ်။
အမှန်ကလည်း နိုင်ငံရေး သဘောတရားအရ ရှုမြင်သုံးသပ်ပုံ ကွဲပြားခြင်းဟာ ပြဿနာတရပ်မဟုတ်ဘူးဆိုပေမဲ့၊ ဆွေးနွေး သုံးသပ်မှုမှာတင် ရပ်နေတာမဟုတ်ဘဲ၊ ရှုမြင်သုံးသပ်ပုံ ကွဲပြားမှုကနေ ရှေ့တဆင့်တက်ပြီး ဆုံးဖြတ်ချက်ချ အကောင်အ ထည်ဖော် လုပ်ဆောင်တဲ့အဆင့်ကို တက်လှမ်းသွားပြီဆိုတဲ့ အချိန်ဟာ ရပ်တည်ချက်မတူ ကွဲပြားမှုကို အသက်သွင်း လိုက်တဲ့ အချိန်ပဲ ဖြစ်တယ်။ ဒီအခြေအနေဟာ မူရင်းရှိနေခဲ့တဲ့ စည်းနှောင်မှုကို ပျက်ပြားစေတာပဲ ဖြစ်တယ်။ ဒီထက်ပိုမို ဆိုးဝါးတာကတော့ မတူကွဲပြားသွားတဲ့ ရပ်တည်ချက်ပေါ်အခြေခံပြီး ပဋိပက္ခအသွင်ကို ကူးပြောင်းသွားတာပဲ ဖြစ်တယ်။ တကယ်တော့ အဲဒီလိုအခြေအနေကို လက်ခံထားတဲ့ဝန်းကျင်ဟာ နိုင်ငံရေးအရ ရင့်ကျက်မှုနည်းပါးနေသေးတာကြောင့် သာ ဖြစ်တယ်။ သို့သော်လည်း ဒီအနေအထားမျိုးဟာ ဆန့်ကျင်ဖက်အင်အားစုအတွက် အင်မတန်အားသာစေမဲ့ အကျိုး သက်ရောက်မှုကို ဖြစ်ပေါ်စေတာကြောင့် အင်မတန်သတိထားရမဲ့ အကြောင်းအချက်တခုပဲ ဖြစ်တယ်။
အမှန်ကတော့ နိုင်ငံရေးရပ်တည်ချက်ဆိုတာ ယုံကြည်ချက်အပေါ် အခြေခံထားတာဖြစ်တာကြောင့် တဦးချင်း၊ တဖွဲ့ချင်း အနေနဲ့ ဘယ်အပေါ်မှာ တည်ဆောက်ထားတဲ့ ယုံကြည်မှုလဲ ကွာခြားနိုင်ပါတယ်။ တချို့အခြေအနေတွေဟာ လူပုဂ္ဂိုလ် ပေါ် အခြေခံထားတာဖြစ်နိုင်သလို၊ တချို့အခြေအနေတွေမှာတော့ မူပေါ်အခြေခံထားတာ တွေ့နိုင်ပါတယ်။ တခါတရံမှာ လူကိုအခြေခံမှုနဲ့ မူကိုအခြေခံမူဟာ အားပြိုင်ဖြစ်ပေါ်တတ်ပါတယ်။ မူ မူခြင်း ဆန့်ကျင်ကွဲပြားမှုဟာ ထင်သာမြင်သာရှိတဲ့ အတွက်၊ လုပ်ငန်းဖော်ဆောင်မှုအတွက် အစီအစဉ်ရေးဆွဲရာမှာ ရှင်းလင်းမှုရှိသော်လည်း၊ လူအပေါ်အခြေခံမှုနဲ့ မူအပေါ် အခြေခံမှုဟာ အားပြိုင်မှုအဖြစ် တည်ရှိနေပြီဆိုရင်တော့ အတွင်းပဋိပက္ခတွေဖြစ်ပေါ်လာနိုင်သလို၊ လုပ်ငန်းဖော်ဆောင်မှု အတွက် ရေးဆွဲတဲ့အခါမှာလည်း အနည်းငယ်ရှုပ်ထွေးမှုတွေ ရှိနေတတ်တာကို တွေ့နိုင်ပါတယ်။
မူပေါ်အခြေခံတဲ့အခါ ရေးဆွဲတဲ့ လုပ်ငန်းစဉ်တွေဟာ တည်ငြိမ်မှုရှိပြီး၊ ဆင့်ကဲတာဝန်ယူမှုကို ပိုမိုပုံပေါ်စေတယ်။ ဦး ဆောင်မှုကို လက်ဆင့်ကမ်းသယ်ဆောင်နိုင်မှု ရှိစေပြီး၊ လုပ်ငန်းအကောင်အထည်ဖော်မှုကို ပုံမှန်စီးဆင်းစေတယ်။ အခြေ အနေ အချိန်အခါအရ ဖြစ်ပေါ်ပြောင်းလဲမှုများအတွက် ရှေ့နောက်ဆီလျော်သည့် လုပ်ငန်းစဉ်ချမှတ်မှု၊ လုပ်ငန်း အ ကောင်အထည်ဖော်မှုကို ရနိုင်တယ်။ ရေတို ရေရှည်လုပ်ငန်းစဉ်များကို ကြိုတင်ရေးဆွဲထားနိုင်ရန် ပိုမိုလွယ်ကူတယ်။ တည်တန့်မှုအတွက် အချိန်ကာလ အကန့်အသတ်ဖြစ်မှု ပိုမိုနည်းပါးတယ်။ နိုင်ငံရေးအရ တွက်ဆမှုကွဲပြားခြင်းဟာ အခြေ အနေ၊ အချိန်အခါနဲ့လိုက်ပြီး ဖြစ်ပေါ်လာနှိုင်သလို၊ တွေးခေါ်ရှုမြင်ပုံအရလည်းကောင်း၊ အကျိုးစီးပွားအရလည်းကောင်း ယုံကြည်မှုတွေ ရပ်တည်ချက်တွေကွဲပြားသွားကျတာ ဖြစ်ပါတယ်။ သေချာပေါက်ပြောနိုင်တဲ့ အချက်ကတော့ မည်သည့် နိုင်ငံရေးအခင်းအကျင်းမျိုးမဆို မူတရပ်အပေါ်မှာ ခိုင်ခိုင်မာမာ အခြေချတည်ဆောက်ထားတာမျိုး မဟုတ်ရင် တည်ငြိမ်ပြီး မြင်ကွင်းရှင်းတဲ့ အခြေအနေမျိုးကိုရဖို့ ခက်ခဲပါလိမ့်မယ်။
မည်သို့ပင်ဖြစ်စေ လက်ငင်းမှာတော့ ကြံ့ဖွံ့စစ်အုပ်စုအနေနဲ့ သူတို့ရဲ့ရွေ့ရှားမှုကို အပြောင်းအလဲပုံသဏ္ဌာန်တခုအဖြစ် လက်ခံလိုက်တဲ့ အတိုက်အခံတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးရဲ့ အင်အားနဲ့ ပကတိအခြေ အနေကို အလွယ်တကူ သိရှိသွားပြီးဖြစ်သလို၊ သူများထက်နောက်ကျကျန်နေမှာ စိုးကြောက်တဲ့သူတွေအားလုံးရဲ့ လက် ထဲကို မှုန်ဝါးဝါး မျော်လင့်ချက်တခုကို ထည့်ထားပေးလိုက်ပြီ ဖြစ်ပါတယ်။
ဒါကြောင့် တိုင်းပြည်အကျိုး၊ ပြည်သူအကျိုးကိုသာ တွက်ဆသူတွေအနေနဲ့ မိမိတို့ရဲ့ ယုံကြည်ချက်နဲ့ မျော်လင့်ချက်တွေ အပေါ် မျက်ခြေပြတ်မသွားဖို့နဲ့ စစ်အုပ်စုရဲ့အကျိုးစီးပွားအတွက် ရေလောင်းပေါင်းသင်သူတွေ မဖြစ်သွားရလေအောင် သတိကြီးစွာထားပြီး လုပ်ကိုင်ဖို့လိုအပ်ပါတယ်။
တိုင်းပြည်ရဲ့ ပစ္စက္ခအနေအထားအရ ကြံ့ဖွံ့အစိုးရ ကြိုးစားဖန်တီးနေတဲ့ နိုင်ငံရေး အရွေ့ဟာဆိုရင် စစ်အာဏာရှင်မှ ဦး ဆောင်ပြောင်းလဲပုံဖြစ်တဲ့အတွက် ဒီမိုကရေစီ၏ အခြေခံမူများနှင့် ကွာဟမှုများလွန်းသော နိုင်ငံရေးဝန်းကျင်ဖြစ်ပေါ်မှုကို သာ တွေ့မြင်ရပြီး၊ တဖက်သတ်ဆန်သော ဖြစ်ထွန်းတိုးတက်မှုများကိုသာ ပိုမိုများပြားလာစေနိုင်ပါတယ်။ စစ်အာဏာရှင် အုပ်စု၏ အရွေ့နောက်သို့လိုက်နေသော (တချို့က အစစ်အမှန်နိုင်ငံရေးဟုပြောဆို လက်ခံနေသော) နိုင်ငံရေးပြောင်းလဲ မှု ဆိုတာမှာ နိုင်ငံသည် မည်သည့်ဖက်သို့ ဦးတည်ရွေ့ရှားနေသနည်း၊ ပို၍မည်းမှောင်သော တိုင်းပြည်တခုအဖြစ်သို့ တ လှမ်းခြင်း တလှမ်းခြင်းရှေ့တိုး ရွေ့ရှား ပြောင်းလဲနေမှုကို ရှင်းလင်းစွာသိမြင်နိုင်ရန် အပေါ်ယံပြောင်းလဲမှု (စစ်အာဏာ ရှင်စနစ် တရားဝင်ဖြစ်တည်ခိုင်ခန့်ရေးအတွက် ဖော်ဆောင်နေမှုများ) ကို အသာအယာဘေးသို့ဖယ်ချထားပြီး၊ ပြည်သူ လူထု၏ လက်ငင်းဘ၀ အဆင့်အတန်းနှင့် ရုန်းကန်နေရပုံများကို မလိမ်မညာစတမ်း ရှုမြင်ကြည့်သင့်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့် နယ်ပယ် ကဏ္ဍပေါင်းစုံ၌ လူထု၏ အကျိုးစီးပွားပေါ်အခြေခံသည့် ပြောင်းလဲရွေ့ရှားမှု သည်၊ ရာခိုင်နှုန်းမည်မျှခန့်ရှိသည်ကို တွက်ချကြည့်ပါက အဖြေမှန်ကို တွေ့ရမှာဖြစ်ပါတယ်။
အပေါ်ယံပြောင်းလဲမှု၏ အကျိုးဆက်များမှာ.. နိုင်ငံတကာမှ NGO များ၊ စီးပွားရေးအဖွဲ့များ၊ နာမည်အသွင်မျိုးစုံဖြင့်၊ ၀င် ရောက်လာမည့် နိုင်ငံအသီးသီးမှ အဖွဲ့အစည်းပေါင်းစုံများနှင့် ခရီးသွားဧည့်သည်များဖြင့်၊ ရှုပ်ခတ်နေသော တိုင်းပြည်တခု အဖြစ်ထက်ပိုသော အနေအထားကို ရရှိနိုင်ရန် မလွယ်ကူပေ၊ နိုင်ငံရေးစနစ်တည်ငြိမ်မှုမရှိသော၊ စနစ်ကျသည့် စီမံခန့်ခွဲမှု ကင်းမဲ့သော၊ အကျင့်ပျက်ချစားမှုနှုန်း ကြီးမြင့်သော မည်သည့်နိုင်ငံတွင်မှ စစ်မှန်သောတိုးတက်မှုကို မရရှိခဲ့ပေ (ထိုင်းနိုင် ငံနှင့် ကမ္ဘောရီးယား ကိုကြည့်) ထိုကဲ့သို့အနေအထားမျိုးတွင် ရလာမည့်အကျိုးဆက်မှာ ကောင်းကျိုးထက် ဆိုးကျိုးက သာ ပိုများနေမည် ဖြစ်ပေသည်။
ထိုသို့သော နိုင်ငံများတွင် ၎င်းတို့၏ မူရင်း ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် ကိုယ်ကျင့်သိက္ခာတန်ဘိုးထားမှုများ လျော့ကျလာပြီး၊ ဟိုမရောက် ဒီမရောက် အနေအထားများကို လက်ခံရဖွယ်ရှိလာမည်ဖြစ်ပြီး၊ တိုင်းပြည်၏ အနာဂါတ် အ တွက် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အခြေအနေမျိုးသို့ရွေ့ရှားသွားနိုင်ပါတယ်။ နိုင်ငံတနိုင်ငံအနေဖြင့် လူ့အဖွဲ့ အစည်း၏ အခြေခံတွင်ပါရှိနေသည့် အခန်းကဏ္ဍတခုခု ပျက်စီးပြောင်းလဲမှုအား အဖတ်ဆယ်နိုင်ရန်အတွက် ဆယ်စုနှစ် များစွာ ကြာမြင့်လေ့ရှိသည့်အတွက်၊ မလိုအပ်ပဲ မကြာခဏ ပြောင်းလဲမှုမျိုးမဖြစ်အောင် သတိထားသင့်ပါတယ်။ နိုင်ငံစုံ ယဉ်ကျေးမှုနဲ့ အမူအကျင့်တွေကို ဟန်မပျက်လက်ခံနိုင်ဖို့ဆိုတာ လက်ခံမဲ့ နိုင်ငံရဲ့ကိုယ်ခံအားက အင်မတန် အရေးကြီးပါ တယ်။
ဒါကြောင့် ယနေ့အချိန်မှာ ဗမာနိုင်ငံရဲ့အခြေအနေကိုကြည့်ပြီး  အသွင်ကူးပြောင်းရေးကာလ ဖြစ်ပါတယ်ဟုပြောလာမည် ဆိုပါက အလွန်ညံ့ဖျင်းသည့် ပျက်လုံးတခုကိုကြားရသည့်လား စိတ်ညစ်ညူးဘွယ်ကောင်းသည်မှလွဲ၍ ပြန်လှန်ဆွေးနွေး ဖို့ရာပင် မထိုက်တန်ချေ။ ဘာကြောင့်ဆို နိုင်ငံတ၀ှန်းလုံး၌ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ချက်များ၊ မယ်မယ် ရရ မရှိ၊ နေရာတကာ အာဏာရပါတီ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ပတ်သက်၍ အာဏာအလွဲ သုံးစားလုပ်မှုများ၊ ရပ်ကွက်လူမိုက်ဆန်ဆန် အနိုင်ကျင့် ဗိုလ်ကျသည့် လုပ်ရပ်များ၊ ဖြစ်ရပ်များအား နိုင်ငံအနှံ့အပြား မကြာခဏတွေ့နေရခြင်း။
- ပြီးခဲ့သည့်ကာလမှ တရားဥပဒေနှင့်မလျော်ညီပဲ ပြုလုပ်ခဲ့သည်များကို ပြန်လှန်စိစစ်သုံးသပ်ပြီး၊ ဖြေရှင်းမပြုခြင်း၊ အရေး ယူမှုပြုခြင်းစသည့် ဆောင်ရွက်ချက်များ မရှိခြင်း။
- နိုင်ငံရေးပဋိပက္ခများကို စနစ်တကျ ဆွေးနွေးဖြေရှင်းခြင်းများ ပြုလုပ်မှုမရှိခြင်း။
- ရှင်းလင်းသည့် စီးပွားရေးပေါ်လစီများရေးဆွဲချမှတ်ခြင်း၊ အလုပ်သမားများနှင့်ပတ်သက် ပြီး (စနစ်ကျပြီး အာမခံချက်ရှိ သည့် ဥပဒေများ၊ ပြဋ္ဌာန်းချက်များ မရှိဘဲ) ရှိသင့်ရှိထိုက်သည့် နိုင်ငံတကာစံချိန်စံနှုန်းမီ လုပ်ထုံးလုပ်နည်းများမရှိဘဲ၊ နိုင်ငံခြားကုမ္မဏီများ၊ လုပ်ငန်းများ ၀င်ရောက်အခြေစိုက်ခွင့်ပြုထားခြင်း၊ ထို၏ အကျိုးဆက်များမှာ ပြည်တွင်းအလုပ် သ မားများ၊ (အခြေခံ  ပြည်သူလူထု) သည်  ပြည်ပစီးပွားရေးလုပ်ငန်းရှင်များ (နိုင်ငံခြားသားများ) ၏ စက်ရုံအလုပ်ရုံ လုပ် သားများမဟုတ်တော့ဘဲ၊ (ပြည်တွင်းအာဏာပိုင်များနှင့် စက်ရုံ အလုပ်ရုံပိုင်ရှင်များ၏ ပူးပေါင်းကြံစည်မှုများကြောင့်) လုပ် ငန်းကျေးကျွန်များအဖြစ်သို့ ကူးပြောင်းရောက်ရှိသွားခြင်း။
- စစ်တပ်အမွန်းတင် နိုင်ငံရေး ဆက်လက်ကြီးထွားနေခြင်း။
- လယ်သမားများနှင့်ပတ်သက်သည့် (လယ်ယာမြေနှင့်ပတ်သက်သည့် ဥပဒေများ ရေးဆွဲ ပြဋ္ဌာန်းခြင်း၊ အတည်ပြုခြင်း) ရေးရာကိစ္စများအား လယ်သမားများ၏ အကျိုးပေါ်မူတည် ရေးဆွဲခြင်းများ မပြုလုပ်ဘဲ အာဏာပိုင်များ၊ ၎င်းတို့လက်ဝေ ခံနှင့် လက်သတ်မွေးစီးပွားရေးလုပ်ငန်းရှင်များ၏ အကျိုးစီးပွားပေါ်မူတည်ပြီး လုပ်ဆောင်နေခြင်း၊ တဖန် အာဏာနှင့် ဥပဒေကို အလွဲသုံးစားပြု၍လည်း၊ မြေယာများသိမ်းဆည်းရယူမှုများပြုလုပ်နေခြင်း။
- စစ်တပ်၏ ငွေသုံးစွဲခွင့်မှာ စာရင်းဇယားမရှိ၊ အတိုင်းအဆမရှိ၊ ထို့ကြောင့်တိုင်းပြည်၏ ၀င်ငွေ၊ ထွက်ငွေမမျှတတော့ဘဲ အကြပ်အတည်းတွေ့ကြုံနေရခြင်း၊
-  စိတ်ကူးပေါက်ရာ ချမှတ်ထားသည့် စီမံကိန်းများကြောင့် (ပြည်သူလူထုအကျိုးမရှိသော်လည်း) နိုင်ငံခြားကြွေးမှီများ အဆမတန်ဖြစ်နေခြင်း။
- အာဏာယူထားသည့် ကြံ့ဖွံ့အစိုးရတွင် စနစ်ကျသည့် တိုင်းပြည်တည်ဆောက်ရေးအစီအစဉ်မရှိဘဲ အုပ်ချုပ်နေခြင်း။
- သန်းရွှေမှာ စစ်တပ်မှအနားယူသွားသည်ဆိုသော်လည်း၊ တိုင်းပြည်အာဏာရယူထားသည့် ပါတီ၏ အကြီးအကဲအဖြစ် ဆက်လက်ရှိနေခြင်း။
- ကြံ့ဖွံ့ပါတီသည် လက်ရှိအာဏာရပါတီဖြစ်နေသော်လည်း၊ ကိုယ်စားလှယ်အရေအတွက် အလွန်နည်းသည့် ကြားဖြတ် ရွေးကောက်ပွဲအတွက်ပင် မသမာသည့် လုပ်နည်းလုပ်ဟန်များဖြင့် လှုပ်ရှားဆောင်ရွက်နေခြင်း။
- ၎င်းတို့အာဏာတည်မြဲရေးအတွက် ရဟန်းသံဃာများအား ဇာတ်တူသားစားသည့် လုပ်ရပ်များကို ပြုလုပ်ရန်ခိုင်းစေနေ ခြင်း။
- နိုင်ငံတကာ၏ သတ်မှတ်ချက်များအရ အကျင့်ပျက် လဒ်စားမှုနှင့် ပြည်သူလူထု၏ ဆင်းရဲမွဲတေမှုနှုန်းထားမှာ အမြင့်ဆုံး အဆင့်၌ ဆက်လက်ရှိနေခြင်း။
- တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုပြုလုပ်ရန် ကမ်းလှမ်းပုံနှင့် ပြုမှုနေပုံများမှာ မူမမှန်ခြင်း။
- တိုင်းပြည်ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုကို အလေးထားမပြုလုပ်ဘဲ၊ ၎င်း တို့တည်ဆောက်နေသည့် စစ်တပ်အခြေပြု နိုင်ငံရေးကိုသာ ၀ိုင်းဝန်းပါဝင်ဆောင်ရွက်လာကြစေရန် နည်းမျိုးစုံဖြင့် လုပ် ဆောင်နေခြင်း စတဲ့ အချက်အလက်တွေဟာဖြင့် ပြောင်းလဲမှုဆိုတဲ့ သဘောတရားကို ပျက်ရယ်ပြုနေဆဲပဲဆိုတာ လေး လေးနက်နက် စဉ်းစားကြစေချင်ပါတယ်။
တကယ်ကတော့ ခေတ်စနစ်တခုကနေတခုကို လွယ်လွယ်လေးနဲ့ ခုန်လွှားသွားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး၊ သိသင့်တာ က စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့လုပ်ဆောင်ကြတဲ့နေရာမှာ ပိုမိုခက်ခဲတယ် ရုန်းကန်ရတယ် ဆိုတာပါပဲ၊ တဖက်မှာလည်း မှန်ကန်တဲ့ ခေတ်စနစ်ကို ကူးပြောင်းနိုင်ဖို့ မဟာဗျူဟာ၊ နည်းဗျူဟာတွေနဲ့ အဟပ်မိတဲ့ လုပ် ဆောင်ကျိုးပမ်းမှုတွေ လိုသလို၊ ကူးပြောင်းမှုရဲ့နောက်ဆက် တိုင်းပြည်တည်ဆောက်ရေးအတွက်ကိုပါ ဆုပ်ဆုပ်ကိုင်ကိုင် ရှိထားဖို့ရာ လိုအပ်ပါတယ်။
အရေးအကြီးဆုံးအချက်ကတော့ ပြည်သူလူထုကို ကူညီချင်တယ် စောင့်ရှောက်ချင်တယ်ဆိုရင်၊ တော်လှန်ယုံ ဆန့်ကျင် ယုံနဲ့ မပြီးဘူး၊ ကူညီစောင့်ရှောက်မှုပြုနိုင်တဲ့ အခြေအနေကို ကိုယ်တိုင်ကရောက်အောင်လုပ်ရဲ၊ သွားရဲဖို့ လိုအပ်တယ် ဆိုတာပဲ ဖြစ်ပါတယ်။

No comments:

Post a Comment