Friday, March 2, 2012

ရန်ကုန် ရွှေဂက်စ် လှုပ်ရှားသူများ ခံဝန် လက်မှတ်ထိုးရ

 
Print Friendly
နိုင်ငံတကာ ရွှေဂက်စ် လှုပ်ရှားမှုနေ့ အနေနှင့် ယနေ့၌ ရခိုင်ပြည်နယ်တွင် တည်ဆောက်နေသော ရွှေဂက်စ် စီမံကိန်းရပ်ဆိုင်း ရေး လှုပ်ရှားမှုကို ရန်ကုန်မြို့တိုင်းရင်းသား ကျေးရွာ၌ပြုလုပ်ရာ ဒေသဆိုင်ရာ အာဏာပိုင်များက ခေါ်ယူစစ်ဆေးမေးမြန်း၍ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းကြောင်း သိရသည်။
“နိုင်ငံတကာ ရွှေဂက်စ်နေ့ အထိမ်းအမှတ်အဖြစ် လုပ်မယ်ဆိုရင်လည်းပဲ မှတ်ပုံတင်ဖို့၊ မှတ်ပုံမတင်ဘူးဆိုရင် ဥပဒေအရ အရေး ယူနိုင်တယ်ဆိုတဲ့ သဘောမျိုး ရှင်းပြတယ်၊ အဖွဲ့ထဲက ၉ ယောက် လက်မှတ်ထိုးပေးခဲ့ရတယ်”ဟု လှုပ်ရှားမှု၌ ပါဝင်သူ မမာမာ က ဆိုသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ တရုတ် ကောင်စစ်ဝန်ရုံး ရှေ့တွင် ရွှေဂက်စ် လှုပ်ရှားမှုအဖွဲ့ ယနေ့ နံနက်ပိုင်းက ဆန္ဒပြနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ရန်ကုန်မြို့ရှိ အဖွဲ့အစည်းတချို့မှ တိုင်းရင်းသားပေါင်းစုံ လူငယ်များစုပေါင်း၍ ရွှေဂက်စ်လှုပ်ရှားမှု စာတန်းပါ တီရှပ်များ၊ ရွှေ ဂက်စ်မှ ထုတ်ပြန်ထားသည့် စာရွက် စာတမ်းများ၊ လက်ကမ်းစာစောင်များကို ဖြန့်ဝေသည့်အတွက် တိုင်းရင်းသားကျေးရွာ
အုပ်ချုပ်ရေးမှူး၊ သာကေတမြို့နယ် ရဲ စခန်းမှ စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်၂၀ ၀န်းကျင်တို့က အုပ်ချုပ်ရေးရုံးသို့ ခေါ်ယူစစ်ဆေး မေး မြန်း၍ နောက် တကြိမ်ပြုလုပ်မည်ဆိုပါက ကြိုတင်မှတ်ပုံပြီး ခွင့်ပြု ချက်ယူပါမည့်အကြောင်း လက်မှတ်ထိုးခိုင်းခြင်း ဖြစ်သည် ဟု မမာမာက ပြောပြသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ တည်ဆောက်နေသော ရွှေဂက်စ် စီမံကိန်း ရပ်တန့်ပေးရေး ဆန္ဒပြလှုပ်ရှားမှုကို ပြည်ပတွင် လည်း ပြုလုပ်သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ချင်းမိုင်မြို့ အပါအ၀င် ဖိလစ်ပိုင်၊ ကိုရီးယား၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံပေါင်း၂၀ တွင် ဆန္ဒပြလှုပ်ရှားမှုများ ပြုလုပ်ကြမည်ဖြစ်ပြီး အဖွဲ့အစည်းပေါင်း ၁၃၀ ကလည်း ရွှေဂက်စ် စီမံကိန်း ရပ်ဆိုင်းပေးရေးနှင့် ပတ်သက်သည့် အိတ်ဖွင့်ပေးစာ တစောင်ကို သမ္မတ ဦးသိန်းစိန် ထံသို့ ပေးပို့ခဲ့သည်ဟု ရွှေဂက်စ် လှုပ်ရှားမှု အဖွဲ့တာဝန်ခံ ကိုဝင်းအောင် က ပြောသည်။
“သမ္မတက ဧရာဝတီ မြစ်ဆုံ စီမံကိန်း၊ ထားဝယ်ဒေသက ကျောက်မီးသွေး စက်ရုံတို့ကို ပြည်သူတွေတောင်းဆိုတဲ့အတိုင်း ရပ် တန့်ပေးခဲ့တဲ့အတွက် ရွှေဂက်စ် စီမံကိန်းကိုလည်း ဆိုင်းငံ့ ထားပေးဖို့ တောင်းဆိုရတာပါ”ဟု ကိုဝင်းအောင် က ဆိုသည်။
ဘန်ကောက်မြို့၌ ရခိုင် အဖွဲ့အစည်းများ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက မြန်မာသံရုံးရှေ့တွင် လူအင်အား ၁၅၀ ခန့် ဆန္ဒပြ ခဲ့ကြပြီး ချင်းမိုင်မြို့တွင်လည်း တရုတ် ကောင်စစ်ဝန်ရုံးရှေ့သို့ သွားရောက်၍ ရွှေဂက်စ် လှုပ်ရှားမှုအဖွဲ့က ဆန္ဒပြကြသည်။ ရွှေဂက်စ် လှုပ်ရှားမှု အဖွဲ့က တရုတ် အစိုးရသို့ ရွေဂက်စ် စီမံကိန်း ရပ်ဆိုင်းရေးနှင့် ပတ်သက်သည့် စာတစောင်ကိုလည်း ချင်းမိုင် ကောင်စစ်ဝန်ရုံးမှတဆင့် ပေးပို့လိုက်သည်။
“ရခိုင်ကနေ မြန်မာပြည် အလယ်ပိုင်းနဲ့ ရှမ်းပြည်ကို ဖြတ်ပြီး တရုတ်ပြည်အရောက် ဖောက်လုပ်နေတဲ့ ပိုက်လိုင်းကလည်း လမ်း တလျှေက်က ပြည်သူတွေရဲ့ ဘ၀တွေကို ထိခိုက်စေပါတယ်။ ဒါကြောင့် ရပ်တန့်ပစ်ဖို့ ကျနော်တို့ လာရောက် ကန့်ကွက် ဆန္ဒပြကြ တာ ဖြစ်ပါတယ်”ဟု ဘန်ကောက် မြန်မာသံရုံးရှေ့ဆန္ဒပြ ဦးဆောင်သူတဦးဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ထိုင်းဌာနခွဲ) ဥက္ကဌ ကိုအံ့မောင်ကလည်း ပြောသည်။
ရွှေဂက်စ် လှုပ်ရှားမှုကို မြန်မာပြည်တွင်း၌ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေ နှင့် ရန်ကုန်မြို့တို့တွင် ပြုလုပ်ကြကြောင်း သိရ သည်။
ကျောက်ဖြူမြို့၌ လူငယ် ၈၀ ၀န်းကျင်သည် ရွှေဂက်စ် ဆန့်ကျင်ရေးလှုပ်ရှားမှု စာတန်းပါ တီရှပ် အင်္ကျီများဝတ်ဆင်၍ မြို့ပေါ်မှ ဂက်စ် ပိုက်လိုင်း စီမံကိန်းများ တည်ဆောက်ရာ နေရာများသို့ ချီတက်ခဲ့ကြကြောင်း လှုပ်ရှားမှုတွင်ပါဝင်သူတဦးက ပြောသည်။
ကျောက်ဖြူမြို့ခံ နိုင်ငံရေးပါတီများ ဖြစ်သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)တို့ မှ လူငယ်များ ပါဝင်ကြောင်း သိရသည်။
ရွှေဂက်စ်ပိုက်လိုင်း ဖြတ်သန်းရာလမ်းကြောင်းတွင် ပါဝင်သည့် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာအများ အပြားနှင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်များရှိ ဒေသခံများ၏ လယ်ယာမြေများ ဆုံးရှုံးမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ သဘာဝ ပတ်ဝန်း ကျင် ထိခိုက်မှုများကြောင့် စီမံကိန်းရပ်တန့်ပေးသင့်ကြောင်း ရွှေဂက်စ်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ရွှေဂက်စ်စီမံကိန်းနှင့်ဆက်စပ်နေသည့် လုပ်ငန်းတချို့သည် ၈၀ ရာခိုင်နှုန်းနီးပါးပြီးစီးနေသည်ဟုသိရပြီး ဂက်စ် ပိုက်လိုင်းသွယ် တန်းရာတွင်ပါဝင်သည့် ပင်လယ်ပြင်ရှိ သဘာဝ သန္တာ ကျောက်တန်းကြီးများအား မိုင်းခွဲဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း ကျောက် ဖြူ ဒေသခံများက ပြောသည်။
ရွှေဂက်စ် စီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို၂၀၁၃ ခုနှစ်တွင် စတင်၍ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည် နယ် သို့ ပို့လွှတ်တော့မည် ဖြစ်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ သဘောတူစာချုပ်အရ မြန်မာအစိုးရသည် ရွှေဂက်စ် စီမံကိန်း မှ နှစ်ပေါင်း ၃၀ အတွင်း အမေရိကန် ဒေါ်လာ ၂၉ ဘီလီယံ ရရှိမည်ဖြစ်ကြောင်း သိရသည်။
ဘစောတင် ပူးပေါင်း ရေးသားသည်။

No comments:

Post a Comment