Friday, March 9, 2012

မြန်မာ-ဘင်္ဂလာ တပ်မှူးများ ချစ်ကြည်ရေး ဆွေးနွေးပြန်ပြီ

Written by သဇင်ဥ    Friday, 09 March 2012 07:51   PDFPrintE-mail

မြန်မာ-ဘင်္ဂလာ နှစ်ဘက်တပ်မှူးများ ချစ်ကြည်ရေး အစည်းအဝေးနောက်တရပ်ကို တာခ်နာမြို့နယ်စပ် ဆိပ်ကမ်းအနီးရှိ Rest-House ဟိုတယ်၌ ကြာသပတေးနေ့ နံက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
 
undefinedနှစ်ဘက် နယ်စပ်တပ်မှူးများ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် မောင်တောမြို့နယ် နစကနယ်မြေ (၅) အခြေစိုက် နယ်မြေမှူး ဗိုလ်မှူး ဟိန်းထက်အောင် ဦးဆောင်ပြီး အရာရှိ (၁၁)ဦးနှင့် ဘင်္ဂလာ တာခ်နာမြို့အခြေစိုက် BGB တပ်ရင်းအမှတ် (၄၂)မှ ဗိုလ်မှူး ဇာဟိဒ် ဟိုဆေန် ဦးဆောင်ပြီး အရာရှိ အဖွဲ့ဝင် (၁၄)ဦးကျော် စုစုပေါင်း (၂၅)ဦးကျော်တို့ တက်ရောက်ခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။ ဆွေးနွေးပွဲသို့ နှစ်ဘက်တက်ရောက်လာကြသူများ အနေဖြင့် နယ်စပ်မှောင်ခိုမူးယစ်ဆေးဝါးများ နှိမ်နှင်းရေး၊ နယ်မြေကျူးကျော်မှုကိစ္စနှင့် နှစ်ဘက်နိုင်ငံရှိ အကျဉ်းသားများအား လွဲပြောင်းလက်ခံယူရေးတို့ကို ဦးစားပေး ဆွေးနွေးခဲ့ကြကြောင်း ဒေသထုတ် သတင်းစာနှင့် ၀ပ်ဆိုက်များက ဆိုသည်။ 

ဆွေးနွေးပွဲကို နံက် (၁၀)နာရီမှစတင်ခဲ့ပြီး (၁၁း ၃၀)နာရီတွင် အဆုံးသတ်ခဲ့ကြောင်း မြန်မာ-ဘင်္ဂလာ နယ်စပ် စောင့်ကြည့်နေသူတဦးက အောက်ပါအတိုင်း ရှင်းပြသည်။ နစက-BGBတို့ အဓိကတွေ့ဆုံဆွေးနွေးကြတာဟာ နှစ်ဘက်ချစ်ကြည်ရေး တိုးမြင့်တဲ့အနေနဲ့ ဖြစ်ပါတယ်၊ ခုတလောက အစည်းအဝေး တွေကို စုံစမ်းရသလောက် နစကက ရခိုင်ပြည်နယ်စပ်မှာ လုံခြုံရေးအရ ဘာတွေလုပ်ဖို့ ဦးစွာတင်ပြဆွေးနွေးတာ တခါမှမရှိတဲ့ အနေအထားပါ၊ လိုလိုလားလားနဲ့ ဘာတွေလုပ်မယ်၊ သူတို့ဆွေးနွေးတဲ့အချက်အလက်မှန်သမျှဟာ BGBဘက်က သူ့နယ်မြေ လုံခြုံရေးအရ ဦးစီးတင်ပြဆွေးနွေးတာတွေသာ ဖြစ်ပါတယ်။ဟု နယ်စပ်စောင့်ကြည့်နေသူ အမည်မဖေါ်လိုသူက ထပ်မံရှင်းပြခြင်း ဖြစ်သည်။
 
နစက-BGBတို့အကြား နယ်စပ်အခြေစိုက် တပ်ရင်းအလိုက် ချစ်ကြည်ရေးအနေဖြင့် လွန်ခဲ့သော မတ်လ (၅)ရက်နေ့နှင့် (၃)ရက်နေ့တို့က တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ BGB အနေဖြင့် အဆိုပါဆွေးနွေးပွဲများတွင် နှစ်ဘက်နယ်နမိတ် ပိုင်နက်ဖြစ်သော နယ်စပ်မှတ်တိုင် အငြင်းပွား အမှတ်များဖြစ်သော ၂၃-၃၅--၄၂-၄၈-၄၉--၅၀-၅၁နှင့် ၅၅ မှတ်တိုင်တို့ကိစ္စ၊ မြန်မာမှ ဘင်္ဂလာပိုင်နက်သို့ နယ်မြေကျူးကျော် ၀င်ရောက်မှု၊ မှောင်ခိုမူးယစ်များ ရှိသည်ဟု စွပ်စွဲချက်များကိစ္စအပြင် ဘင်္ဂလာပိုင်နက်နယ်မြေများအတွင်း လုံခြုံရေးများကိုသာ နစကတို့ နောက်လိုက်ပြီး ဆွေးနွေးခဲ့ကြကြောင်း တွေ့ရှိရသည်။
 
လွန်ခဲ့သော နှစ်များက ယခုကဲ့သို့ တပတ်အတွင်း နစက-BGB တွေ့ဆုံဆွေးနွေးပွဲ (၃)ကြိမ်တိုင်တိုင်ဆွေးနွေးခြင်း မရှိခဲ့ပေ။ မြန်မာ-ဘင်္ဂလာ နယ်စပ် ရေပြင်ပိုင်နက် အငြင်းပွားမှုအား နိုင်ငံတကာဥပဒေနှင့်အညီ လာမည့်မတ်လ(၁၄)ရက်နေ့တွင် အပြီးသတ်ဆုံးဖြတ်မည့် အခြေအနေများရှိနေ၍ ယခုလို နယ်စပ်လုံခြုံရေးတပ်ဖွဲ့များအကြား ချစ်ကြည်ရေးအဖြစ် တွေ့ဆုံမှုများ ပြုလုပ်ရခြင်းဖြစ်သည်ဟု နယ်စပ်လေ့လာသူများက သုံးသပ်နေကြသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/74-2012-03-09-07-59-01

No comments:

Post a Comment