Monday, March 26, 2012

ခိုင်အာဏာနီသို့ အိပ်ဖွင့်ပေးစာ (၁)-(၂)/ ကျေးဇူးတင်လွှာ


ခိုင်အာဏာနီသို့ အိပ်ဖွင့်ပေးစာ (၁)
သို့
ခိုင်အာဏာနီ

လူကြီးမင်း၏ ALP သို့ အိပ်ဖွင့်ပေးစာနှင့် ALP ဥက္ကဌ ခိုင်ရဲခိုင်သို့ အိပ်ဖွင့်ပေးစာနှစ်ကို ဖတ်ရှုရပါသည်။ ပြောသင့်ပြောထိုက်သည်ကို ပြောသည်ဟု ယူဆသည်။

သို့ရာတွင် ကျွန်ုပ်၏ အိပ်ဖွင့်ပေးစာကား ပုံပြင်တပုဒ်ဖြစ်ပေသည်။ ပုံပြင်မှာ ရှေ့အခါက ရွာတရွာတွင် ရွာသူကြီးတယောက်နှင့် ဆိုက္ကား သမားတယောက်တို့ မှီတင်းနေထိုင်ကြလေ၏။ တနေ့သောအခါ ရွာသူကြီးသည် သူ၏ သူရင်းငှား မအားသည်ဖြစ်၍ မြက်ရိပ်သွားရလေ ၏။ မြက်များကိုရိပ်ပြီး နှစ်စည်းစည်း၍ ထမ်းပိုးတဖက်တွင် ချဉ်နှောင်ပြီး ထိုမြက်နှစ်စည်းနှင့် အလေးတူ ကျောက်တုံးတတုံးကို ထမ်းပိုး၏ အခြားတဖက်တွင် ချဉ်လျက်ထမ်းလာခဲ့၏။

လမ်းတ၀က်ခန့်တွင် ဆိုက္ကားသမားနှင့် တွေ့လေရာ ဆိုက္ကားသမားက အဲလားရွာသူကြီး ကျွန်ုပ်စကားတခွန်း ပြောချင်ပါသည်။ ပြောခွင့်ပြုပါဟု ဆိုလေ၏။ ထိုအခါ ရွာသူကြီးက ပြော… ပြော… ဟုဆိုလေ၏။ အဲ… ရွာသူကြီး ကျောက်တုံးကိုပစ်ချလျက် မြက်နှစ်ထုံးကို တဖက်တထုံးစီချဉ်လျက် ထမ်းလျှင် တ၀က်ပေါ့သွားမည်ဟု ဆိုလေ၏။

ထိုအခါ ရွာသူကြီးက အဲ…အဲ… မင်းအကြံပေးသည်မှာ အလွန်ကောင်းလှသည်ဟု ၀န်ခံပြီး ဆက်လက်ထမ်းသွားလေ၏။ ယင်းအခါ ဆိုက္ကားသမားက ဆိုပြန်၏။ အို… ရွာသူကြီး ကောင်းသည်ဟုလည်း ဆို၏။ ဆက်လက်၍ အဘယ့်ကြောင်း အလေးခံလျက် ထမ်းသွားသနည်းဟု ဆိုလေ၏။

ထိုအခါ ရွာသူကြီးက ပြန်ပြောသည်မှာ “ငါက ရွာသူကြီး သင်ကားဆိုက္ကားသမား။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဆိုက္ကားသမား၏ စကားကို ရွာသူကြီးလိုက်နာသည်ဟု ရာဇ၀င်အတွင် မခံနိုင်”ဟု ပြောဆိုကာ အလေးခံ၍ ဆက်လက်ထမ်းသွားလေ၏။

ဤဥပမာနှင့်တူစွာ လူကြီးမင်း၏ စကားကို ထိုထိုသော ALP ရွာသူကြီးများ၊ ဆယ်အိမ်ခေါင်းများ၊ ပြည်ရွာကောင်စီ ဥက္ကဌများသည် နားထောင်လိုက်နာမည်လား မဆိုတတ်ပြီ။

 ဓမ္မဒဿ
ရခိုင်ပြည်

















ခိုင်အာဏာနီသို့ အိပ်ဖွင့်ပေးစာ (၂)

သို့
ခိုင်အာဏာနီ

လူကြီးမင်း၏ ALP သို့ အိပ်ဖွင့်ပေးစာ နှစ်စောင်ကို ဖတ်ရှုပြီးနောက် ကျွန်ုပ်လည်း စာရေးချင်စိတ် ပေါက်လာကာ ဤအိပ်ဖွင့်ပေးစာကို ရေးဖြစ်ပါသည်။

ကျွန်ုပ်၏ အိပ်ဖွင့်ပေးစာသည် ယခင်ကပေးစာအမှတ်(၁)ကဲ့သို့ပင် ပုံပြင်တပုဒ်ဖြစ်ပါ၏။

တရံရောအခါက လူတယောက်သည် ကန္တာရ ခရီးတခုကိုဖြတ်သန်းလျက် ခရီးသွားရန် ပြင်ဆင်နေ၏။ ယင်းကိုအခြားတယောက်က မြင်လေရာ ကျွန်ုပ်လည်း ဤခရီးကိုသွားရန် ကြံနေသည်။ မိတ်ဆွေနှင့်အတူတကွ လိုက်ပါရစေဟု ခွင့်တောင်း၏။ ထိုအခါ ခရီးသွား ပုဂ္ဂိုလ်က အဖေါ်ရသည်ဖြစ်သဖြင့် ခွင့်ပြုကာအတူတကွ သွားကြလေ၏။

ပထမခရီးသွား ပုဂ္ဂိုလ်တွင် ရေခရားလေးတလုံးရှိသည်ကိုမြင်၍ မိတ်ဆွေလမ်းတွင် သောက်သုံးရအောင် ထိုခရားကိုရေဖြည့်၍ ယူဆောင်ပါရစေဟု ဒုတိယပုဂ္ဂိုလ်က ခွင့်တောင်းပြန်၏။ ပထမပုဂ္ဂိုလ် ခွင့်ပြုဖြစ်၍ ခရားကိုရေဖြည့်လျက် ယူဆောင်ခဲ့လေ၏။

ခရီးအတော်အတန်ပေါက်၍ ညောင်းညာလာသောအခါ ထိုခရီးသွားနှစ်ဦးသည် အရိပ်ကောင်းရာတခုတွင် တထောက်နားကြလေ၏။ ထိုအခါ ပထမခရီးသွားပုဂ္ဂိုလ်က ခရားကိုပေးပါ… ရေဆာလှသည်ဟု ဆိုလေ၏။ သို့ရာတွင် ဒုတိယပုဂ္ဂိုလ်က ခရားရှင်သို့ခရားမပေး။ ကျွန်ုပ်သောက်ပြီးမှသာ ပေးမည်ဟုဆို၏။ ထိုအခါ ပထမခရီးသွားပုဂ္ဂိုလ်က ခရား၏ပိုင်ရှင်သည် ကျွန်ုပ်ဖြစ်၏။ ကျွန်ုပ်သောက်ပြီးမှ သင်သောက်ပါဟု ဆိုလေ၏။

ထိုနောက်ဒုတိယ ခရီးသွားသူက ခရားရှင်သည် သင်ဖြစ်သော်လည်း ရေပိုင်ရှာကား ကျွန်ုပ်ဖြစ်၏။ ကျွန်ုပ်သောက်ပြီးမှ သင်သောက် ရမည်ဟု ဆိုလျက်အငြင်းအခုံ၊ အလုအငင်ဖြစ်ကြလေ၏။ ထိုစဥ်ခရားသည် မှောက်ကျလျက် ရေအားလုံးဖိတ်ကျကုန်လေ၏။

ထိုဒေသတွင်း မိုးခေါင်သည်ဖြစ်၍ နှစ်ပေါင်းများစွာ ရေကိုစောင့်စားနေသော အပြုစားခံ ဘီလူးတဦးသည်ရှိ၏။ ထိုဘီးလူးသည် မုန်ညင်းစေ့ပမာဏ အရွယ်ဖြင့် အပြုစားခံရသည်ဖြစ်လျက် ဖုန်မှုံ့များကြားတွင် အောင်းခိုလျက်ရှိနေခဲ့လေ၏။ ခရီးသွားနှစ်ဦးတို့၏ ရေခရားမှောက်ကျသဖြင့် ရေစိုသည်ဖြစ်ရကာ ထိုဘီလူးသည် ယခင်ကအတိုင်း ဖြစ်လာပြီး တန်ခိုးသတ္တိများ ပြည့်လာကာ ခရီးသွားနှစ်ဦး ရှေ့တွင်ပေါ်လာလေ၏။

ဘီးလူးက သင်တို့၏ ကျေးဇူးသည် များလှစွာ၏။ ကျွန်ုပ်သည် သင်တို့၏ဆန္ဒကို ဖြည့်စွမ်းရန်အသင့်ဖြစ်သည်။ လိုရာကိုတောင်းလောဟု ဆိုလေ၏။ ခရီးသွားနှစ်ဦးလည်း ရေဆာလှသည်ဖြစ်သောကြောင့် ရေခရားကိုရေဖြည့်ပေးရန် တောင်းကြလေ၏။ ရေပြည့်လေလျင် ယခင်ကကဲ့သို့ ရန်ဖြစ်ကြပြီး မှောက်ကျဖိတ်စင်ကုန်လေ၏။ ထိုအခါ ဘီလူးကဆိုပြန်သည်မှာ သင်တို့ရန်မဖြစ်ကြလော၊ သင်တို့ကို ငါနောက်ဆုံးအနေနှင့် ခွင့်ပေးဦးမည်။ ပထမတောင်းသူသည် မည်သည့်အရာကိုတောင်းသည်ဖြစ်စေ၊ မတောင်းသေးသူ ဒုတိယ လူသည် ယင်းထက်နှစ်ဆကို ရစေမည်ဟု ဆိုပြန်လေ၏။

ထိုအခါ ဒုတိယခရီးသွားသူက သူသည်ပင်ပထမတောင်းမည်ဟုဆိုလျက် ကျွန်ုပ်၏ မျက်စိတဘက်ကိုကန်းအောင်လုပ်ပေးပါဟူသော ဆုကိုတောင်းလျက် ရေခရားပိုင်ရှင် ပထမခရီးသွားပုဂ္ဂိုလ်ကိုယ်ကို မျက်စေ့နှစ်ဘက်ကန်းစေသော ဆုကိုတောင်းခဲ့လေသတတ်။

ဤပုံပြင်တွင် ဒုတိယခရီးသွား ပုဂ္ဂိုလ်လူမိုက်သည် မိမိ၏ကျေးဇူးရှင် ခရီးသွားဖေါ်၊ ရေအိုးပိုင်ရှင်ကို အတိုက်အခံပြု ရန်ရှာလျက် မျက်စိ နှစ်လုံး ကန်းစေသကဲ့သို့ ALP ၏ ပထမခရီးသွားပုဂ္ဂိုလ်တို့ကို ဒုတိယခရီးသွားများကမိမိမျက်စိတလုံးကိုအဆုံးခံလျက်မျက်စိနှစ်လုံး ကန်းစေမည်လော မပြောတတ် နိုင်ပြီ။
                                                                                                                                   
ဓမ္မဒဿ
ရခိုင်ပြည်

ကျေးဇူးတင်လွှာ

* ကျွန်ုပ်အား ကိုလိုနီကျွန် အနှောင်အဖွဲ့အတွင်း ထားပစ်ခဲ့သူများကို ကျေးဇူးတင်ပါသည်။

* သင့်အား ကိုလိုနီကျွန် အနှောင်အဖွဲ့အတွင်း ထားပစ်ခဲ့သူများကို သင်လည်းကျေးဇူးတင်လိုက်ပါသည်။

* (၁) သင်သည် စာရေးသူတယောက် ဖြစ်နေခဲ့လျှင် ဖိလစ်ပိုင် သူရဲကောင်း ရီဇော် ကဲ့သို့ သူရဲကောင်းဖြစ်ခွင့်ကိုလည်း
ထားခဲ့သည့်အတွက်။

* (၂) သင်သည် ရဲဘော်တယောက်ဖြစ်ခဲ့လျှင် တရုတ်သူရဲကောင်း အိုယန်ဟိုင် ကဲ့သို့ သူရဲကောင်းဖြစ်ခွင့်ကိုလည်း
ထားခဲ့သည့်အတွက်။

* (၃) သင်သည် ခေါင်းဆောင်တယောက် ဖြစ်ခဲ့လျှင် ဗိယက်နမ် သူရဲကောင်း ဟိုချီမင်း ကဲ့သို့ လွတ်လပ်ရေး ဗိသုကာတယောက်     
ဖြစ်ခွင့်ကိုလည်း ထားခဲ့သည့်အတွက်။

* (၄) သင်သည် ရိုးရိုးပြည်သူတယောက် ဖြစ်ခဲ့လျှင် ကျွန်စနစ်၏ ခါးသီးမှုနှင့် လွတ်လပ်ရေး အသီးအပွင့်၏ ချိုမြိန်မှုတို့ကို
နှိုင်းယှဉ် ခံစားရတော့မည့်အတွက်။

* (၅) သင်သည် ဗိသုကာ ပညာရှင်တယောက်ဖြစ်လျှင် ရခိုင်ပြည်သစ်၏ လွတ်လပ်ရေး ဗိမ္မာန်ကို ကိုယ်တိုင် တည်ဆောက်
ရတော့မည့်အတွက်။

* (၆) သင်သည် တော်လှန်ရေးသမားတဦး ဖြစ်နေခဲ့လျှင် ရခိုင်ပြည်၏ လွတ်လပ်ရေးကို ကိုယ်တိုင်ရယူပီးသူထဲက တယောက်ဖြစ်ရ
တော့မည့်အတွက်။

*  စသည့် စသည်တို့အတွက် - သင့်အား ကိုလိုနီကျွန်အနှောင်အဖွဲ့အတွင်း ထားစ်ခဲ့သူများကို ကျေးဇူးတင်လိုက်ပါ။


ဓမ္မဒဿ
ရခိုင်ပြည်။

No comments:

Post a Comment