Friday, August 31, 2012

ဒေါက်တာနိုင်အောင်၏ အစိုးရနှင့်တွေ့ဆုံဆွေးနွေးရေး၊ မြန်မာပြည် လေ့လာရေးခရီးစဉ်နှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

သြဂုတ်လ ၃၁ ရက်နေ့ ၂၀၁၂ ခုနှစ်
ကျွန်တော်နှင့်အတူလာသူများအားလုံး သမ္မတရဲ့ ဖိတ်ကြားချက်အပေါ်မှာ ငြိမ်းချမ်းရေးအကျိုးဆောင်များရဲ့စီစဉ်ပေးချက်အရ နိုင်ငံတော်သမ္မတနဲ့တွေ့ဆုံဖို့နဲ့ တခြားတွေ့သင့်တွေ့ထိုက်သောခေါင်းဆောင်များ၊ အဖွဲ့အစည်းများနှင့်တွေ့ဆုံဖို့ တွေ့ဆုံဆွေးနွေးရေး၊ လေ့လာရေးခရီးစဉ်ဖြစ်ပါတယ်။
အခုလို ဖိတ်ကြားတဲ့ သမ္မတ ဦးသိန်းစိန် နဲ့  စီစဉ်ပေးတဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း၊ ဦးလှမောင်ရွှေ အစရှိတဲ့ အကျိုးဆောင်များ၊ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ကြောင်း ပဏာမပြောလိုပါတယ်။
မြန်မာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ကမ္ဘာတစ်ဝန်းမှ ထောက်ခံအားပေးသူ ပုဂ္ဂိုလ်အရေအတွက် အများအပြားကို နိုင်ငံတော်အစိုးရရဲ့ အမည်မဲစာရင်း (Blacklist) ထဲကနေ ပယ်ဖျက်ပေးတဲ့ အပေါ်လည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒီအချက်ဟာ အမျိုးသား ပြန်သင့်မြတ်ရေးကို ဦးတည်တဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းပဲဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီလမ်းကြောင်းကို လျောက်လှမ်းနေတဲ့အချိန် ဖြစ်တဲ့အလျောက် အစိုးရနဲ့ မတူညီတဲ့ မိမိရဲ့သဘောထားကို ထုတ်ဖော်ပြောဆိုတာတွေကြောင့် ပြည်ပမှာရှိနေတဲ့သူ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အမဲရောင်စာရင်းထဲ မရှိသင့်သလို အကျဉ်းထောင်ထဲတွေရောက်ရှိနေသူတွေ မရှိသင့်တော့ပါ။ ကျွန်တော့အနေနဲ့ မြန်မာပြည်မှာ အမည်မဲစာရင်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေ မရှိတော့တဲ့နေ့ကို မျှော်လင့်နေမိပြီး အဲဒီနေ့ မကြာခင်ရောက်ရှိလာမယ်လို့ မျှော်လင့်မိပါတယ်။
ကျွန်တော် အခုလာတာဟာ တစ်ဦးချင်းဖိတ်လို့ တသီးပုဂ္ဂလအနေနဲ့သာလာတာဖြစ်ပေမယ့် ကျွန်တော် ပါဝင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ဒီမိုကရေစီရေး အမျိုးသားပြန်လည်သင့်မြတ်ရေး အမြင်၊ မူသဘောထားဘောင်အတွင်းကသာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ရေရှည်တည်တံ့ခိုင်မြဲတဲ့ပြောင်းလဲမှုဖြစ်ဘို့အတွက်  ပြည်တွင်းပြည်ပ အင်အားစုများအားလုံးပါဝင်တဲ့ တိုင်းပြည်ပြန်လည်တည်ဆောက်ရေး သဘောတူညီချက်တွေ ဖေါ်ထုတ်မယ့် တွေ့ဆုံဆွေးနွေးရေး အဖြေရှာရေး ဖြစ်စဉ်တစ်ခု ၂၀၁၅ မတိုင်ခင်မှာ ပေါ်ပေါက်ဖို့လိုပါတယ်။
ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေအတွက် မျှော်လင့်ချက်အလင်းရောင်တွေ မြင်စပြုလာရတဲ့ ဒီအချိန်မှာ ပြည်သူပြည်သားအားလုံးတောင့်တတဲ့ ရေရှည်တည်တံ့နိုင်တဲ့ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်ပြီး ဦးတည်ဆွေးနွေးသွားမှာဖြစ်ပါတယ်
ကျွန်တော့်အနေနဲ့ သမ္မတဦးသိန်းစိန်နဲ့ လက်ရှိအစိုးရတို့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ရိုးသားစွာ ယုံကြည်မိပါတယ်။
အဲဒီလို ဆွေးနွေးပွဲမျိုးကို အဓိပ္ပါယ်ရှိရှိ ယုံယုံကြည်ကြည်ဆာင်ရွက်ရအောင် ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့၊ တိုင်းရင်းသားနယ်မြေမှာ ထိုးစစ်တွေရပ်ပေးဖို့၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ရပ်ပေးဖို့၊ စစ်မှန်တဲ့မီဒီယာလွတ်လပ်ခွင့်ပြုဘို့၊ နယ်စပ်အခြေစိုက် ဒီမိုကရေစီအင်အားစု များအနေဖြင့် တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်တွင် ပါဝင်နိုင်ဖို့၊  ပြည်ပရောက်အင်အားစု နိုင်ငံရေးလွတ်လပ်ခွင့်ရှိစွာဖြင့် တိုင်းပြည်လည်တည်ဆောက်ရေးလုပ်ငန်းများကို စိတ်ချလုံခြုံစွာဆောင်ရွက်နိုင်ဖို့၊ သမ္မတနဲ့တကွ အစိုးရအပါအဝင် နိုင်ငံတော်အဖွဲ့အစည်းများအားလုံးကို အလေးအနက် ဆန္ဒပြုပါတယ်။
ဒီလေ့လာရေးခရီးစဉ်ကာလအတွင်းမှာ ပြည်သူ့အသံ၊ လူထုအခြေပြုအဖွဲ့အစည်းများ နိုင်ငံရေးအင်အားစုများနဲ့ အစိုးရရဲ့ သဘောထားများကို အသေအချာလေ့လာသွားပါမယ်။ တင်ပြ အကြံပြုမှုတွေကိုလည်း လေးလေးစားစားလုပ်ဆောင်သွားပါမယ်။ ကျွန်တော်တို့ကို အားလုံးက ဒီမိုကရေစီရေးလုပ်ဖေါ်ကိုင်ဖက်အဖြစ်လက်ခံ ကူညီ ပူးပေါင်းစေလိုပါတယ်။
ဒေါက်တာနိုင်အောင်အားဆက်သွယ်ရန်
ဖုန်း။ ။ ၀၉၄၄၈၀၁၅၃၀၆, ၆၆-၈၁-၈၈၃၇၂၃၀
အီးမေး။ ။ dna.freeburma@gmail.com

No comments:

Post a Comment