Wednesday, August 29, 2012

ကျူးကျော်လာသူများဟုဆိုကာ ဘင်္ဂလာက ဘင်္ဂလီများအား မြန်မာသို့ အတင်းပို့ဆောင်နေ



သြဂုတ် ၂၉ ရက်၊ ၂၀၁၂

ဘင်္ဂလာ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB)က ၆ ရက်အတွင်း ဘင်္ဂလီ ၂၀၀ ခန့်အား နယ်စပ်ကျူးကျော်လာသည်ဟု စွပ်စွဲပြီး ဖမ်းဆီးကာ မြန်မာသို့ တရားမ၀င် ပို့ဆောင်ခဲ့ကြောင်း BGBက ဒေသခံ သတင်းထောက်များသို့ ထုတ်ဖေါ်ပြောဆိုချက်အရ သိရှိရသည်။  

ယင်းမြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်စပ်သို့ နယ်စပ်ဖြတ်ကျော်ပြီး တရားမ၀င် ပို့ဆောင်ခဲ့သော BGBတပ်ဖွဲ့မှာ တာခ်နာမြို့နယ် အခြေစိုက် အမှတ် (၄၂)နှင့် ကော့စ်ဘဇားမြို့ အခြေစိုက် အမှတ် (၁၇)တပ်ရင်းတို့ ဖြစ်ကြောင်း ဒေသထုတ် သတင်းများတွင် ဖေါ်ပြသည်။

BGB အနေဖြင့် ယင်းဖမ်းဆီးမိသူများ အားလုံးအား အတင်းအဓမ္မ ပို့ဆောင်ခဲ့ခြင်းမဟုတ်ဘဲ မသင်္ခါသည့် ဘင်္ဂလီတချို့အား စစ်ဆေး မေးမြန်းမှုများ သက်ဆိုင်ရာဋ္ဌာနများတွင် ပြုလုပ်နေကြောင်း သိရှိရသည်။

BGBတပ်ဖွဲ့မှ ၂၅ ရက်နေ့က ၄၂ ယောက်၊ ၂၆ ရက်နေ့က ၂၀ ယောက်၊ ၂၇ ရက်နေ့က ၇၀ ယောက်၊ ယမန်နေ့က ၃၆ ဦးအပြင် လွန်ခဲ့သော ရက်များကလည်း ပို့ဆောင်မှုများ အများအပြားရှိခဲ့ကြောင်း၊ ၎င်းတပ်ဖွဲ့များအနေဖြင့် ယင်းကျူးကျော်လာသူများအား ကော့စ်ဘဇားခရိုင်နှင့် ဆင်မဖြူကျွန်းအကြားရှိ နယ်စပ်အသီးသီးမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းနယ်စပ်များမှ ပြန်လည် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု အမှတ် (၄၂) BGBတပ်ရင်းမှူး ဗိုလ်မှူး ဇာဟိဒ် ဆာဆန်က ပြောသည်။   

တနင်္လာနေ့ထုတ် DAINIK COX’S BAZAR သတင်းစာက များသောအားဖြင့် ရခိုင်ပြည်နယ်ဘက်သို့ ပို့ဆောင်ခဲ့ခြင်းမှာ တောင်ပြို(၀ဲ)၊ တောင်ပြို(ယာ)နှင့် ဆင်မဖြူကျွန်း နယ်စပ်များမှဖြစ်ကြောင်း ဖေါ်ပြသည်။

BGBက ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခဲ့သော ဘင်္ဂလီများထံမှ မှောင်ခိုလှေ၊ ရာဘားမြင်းဆေးနှင့် မြန်မာကျပ်ငွေများ သိမ်းဆည်းပြီး ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလီသတင်းထောက်များက ပြောသည်။

ကော့စ်ဘဇားမြို့ထုတ် ဒေသသတင်းစာများနှင့် ဒေသထုတ် Website များက ၎င်းဖမ်းဆီးပြီး ပို့ဆောင်ခဲ့သောသူများမှာ ကလေး သူငယ်များနှင့် အမျိုးသမီးများ အများအပြားပါဝင်ကြောင်း ဖေါ်ပြကြသည်။

မောင်တောမြို့နယ် ဒေသခံများက ပဋိပက္ခမဖြစ်ခင် ရပ်ကွက်ကျေးရွာများနှင့် ဈေးဆိုင်များအတွင်း ဈေးရောင်းနေကြသော ဘင်္ဂလီများမှာ ယခုအခါ အားလုံးနီးပါး ပျောက်ကွယ်နေကြောင်း ဆိုသည်။

ထို့ပြင် စစ်တွေမြို့နယ်ရှိ ဘင်္ဂလီဒုက္ခသည်များစခန်းအတွင်းတွင် အရွယ်ကောင်းသော ဘင်္ဂလီယောက်ျားဦးရေမှာလည်း အလွန် နည်းပါးကြောင်း မျက်မြင်သက်သေများက ပြောဆိုသည်။

မောင်တောမြို့နယ်မှ ဒေသခံများက လက်ရှိ၎င်းတို့ နေထိုင်စားသောက်နေရခြင်းမှာ မည်သို့မှလုံခြုံစိတ်ချ၍ မရကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့များ အနေဖြင့်လည်း နယ်စပ်ဖြတ်ကျော်ပြီး တိုက်ခိုက်လာမည့် သောင်းကျန်းသူများကို အထူးအာရုံ စိုက်နေကြကြောင်း မောင်တောမြို့ ဘုတ်ဆိပ်မှ မျက်မြင်ကိုယ်တွေ့များက ပြောသည်။ 

ကုလသမဂနှင့် တခြားနိုင်ငံတကာမှ အကာအကွယ်ပေး ကူညီဆောင်ရွက်နေချိန်တွင် အဆိုပါ ဘင်္ဂလီများ အနေဖြင့် အေးဆေးစွာ နေထိုင်လက်ခံယူခြင်းမရှိဘဲ ယခုကဲ့သို့ နယ်စပ်ဖြတ်ကျော်သောင်းကျန်းနေခြင်းမှာ ပဋိပက္ခများကို ဖန်တီးနေခြင်းများဖြစ်သည်ဟု စောင့်ကြည့်လေ့လာနေသူများက ARAKAN TIMES သို့ ပြောသည်။

ဘင်္ဂလာဒေ့ခ်ျ ၀န်ကြီးချုပ် ဆေခ် ဟာဆိနာ အနေဖြင့်လည်း ယင်းဘင်္ဂလီအရေးကိစ္စအတွက် သူမနိုင်ငံက လက်ခံစဉ်းစားစကားပြောစရာ အကြောင်းမရှိကြောင်းနှင့် နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီကလည်း ၎င်းတို့မှာ အကြမ်းဖက်သောင်းကျန်းသူများဖြစ်ကြောင်း အစောပိုင်းက မှတ်ချက်ပေး ထုတ်ဖေါ်ပြောဆိုခဲ့သည်။  

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ယင်းဘင်္ဂလီများပိုင်ဆိုင်သော ဆန်သိုက် ၅၀ ရှိ ဆန်အိတ်ပေါင်း ၄၀၀ ကျော်အား BGBက တာခ်နာမြို့ အတွင်းက ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပေါ်ပြီးနောက်ပိုင်းတွင် အဆိုပါ ဘင်္ဂလီများ  အနေဖြင့် နယ်စပ်တလျှောက် ရိက္ခာများကို အလုံးအရင်းစုဆောင်းနေကြကြောင်း  စုံစမ်းသိရှိရသည်။

လွန်ခဲ့သော ၂၅ ရက်နေ့က တာခ်နာမြို့နယ်မှ ကော့စ်ဘဇားမြို့သို့ လိုင်းကားဖြင့် လာကြသော သူများကို မသင်္ခါ၍ ရဲ၊ စစ်တပ်နှင့် BGB ပူးပေါင်းစစ်ဆေးရေးဂိတ်မှ မိုရိစာဂိတ်တွင် စစ်ဆေးမှုများ ပြုလုပ်ရာ အဆိုပါ ဘင်္ဂလီ ၁၁၇ ဦး တနေ့တည်းတွင် ဖမ်းဆီးရမိကြောင်းနှင့် တာခ်နာနှင့် နီလာမြို့နယ် စေယာမန် မာစ္စတာ မိရ် ကာဆေမ် က ဖမ်းဆီးထားသူများအတွင်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား မဟုတ်သူများ အများအပြား ပါဝင်ကြောင်း သက်ဆိုင်ရာက မေးမြန်းခြင်းကို ဖြေကြားခဲ့ကြောင်း http://www.samudrakanthanews.com တွင် ဖေါ်ပြ ထားသည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခစတင်ဖြစ်ပွားသော ဇွန် ၈ ရက်နေ့မှ ယနေ့အချိန်ထိ BGB က ရခိုင်ပြည်နယ် လ၀ကနှင့် နစကများသို့ တရားဝင် ဆက်စပ်ပို့ဆောင်ခြင်း မဟုတ်ဘဲ နယ်စပ်သို့ ကျူးကျော်လာသူများဟု စွပ်စွဲကာ ဘင်္ဂလီ ၃၀၀၀ ခန့်အား နယ်စပ်မှောင်ခို လမ်းများမှ အတင်းအဓမ္မ ပို့ဆောင်ခဲ့ကြောင်း ဒေသထုတ်သတင်းစာနှင့် ၀ပ်ဆိုင်းများက အပို့ခံရသည့် အရေအတွက်ကို ဖေါ်ပြချက်အရ သိရှိရသည်။
ဘင်္ဂလာ အနေဖြင့် လွန်ခဲ့သော နှစ်များက ယင်းဘင်္ဂလီများအား ကျူးကျော်လာသူများဟုဆိုကာ ဖမ်းဆီးအရေးယူထောင်ချလေ့ရှိပြီး ၂၀၀၅ ခုနှစ်မှစတင်၍ အရေးယူထောင်ချအပြစ်ပေးမှုများ မပြုလုပ်ဘဲ နယ်စပ်မှောင်ခိုလမ်းများမှ အတင်းစေလွှတ်ပို့ဆောင်နေသည်မှာ ယခုအချိန်ထိဖြစ်ကြောင်း နယ်စပ်စောင့်ကြည့်သူများက ပြောသည်။  

ကမ္ဘာ့လူဦးရေအထူထပ်ဆုံးစာရင်း နံပါတ် ၃ တွင် လိုက်ပါလျက်ရှိပြီး အိမ်နီးချင်းနိုင်ငံဖြစ်နေသော ဘင်္ဂလာက ကျူးကျော်သူ ဘင်္ဂလီ များမှ အောင်ကြီးနှင့် တခြားအရာရှိများကဲ့သို့ ခြစား၍ ဖွင့်လှစ်မပေးဘဲ နေ့ညထိုးဖေါက် ကျူးကျော်နေကြသည့် သောင်းကျန်းသူများအား လက်ရှိ နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်နိုင်ဦးနှင့် ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း တို့ အနောက် တံခါးနှင့် မြန်မာပြည်အချုပ်အခြာအာဏာ လုံခြုံရေးအတွက် အဓိက လေ့လာစစ်ဆေး ဖေါ်ထုတ်အရေးယူပေးရန် တာဝန်ရှိကြောင်း အများမြန်မာပြည်သူများက တောင်းဆို ထားကြသည်။

No comments:

Post a Comment