Friday, August 31, 2012

မြန်မာ-ဘင်္ဂလားဒေ့ခ်ျ စီးပွားမှ ဘင်္ဂလီနိုင်ငံတော်ဝင်ငွေ တာကာ ၂၅၉၆၁၃၈၄ သာရရှိ

Written by သဇင်ဥ    Friday, 31 August 2012 17:02   PDFPrintE-mail
မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ရက်ပေါင်း (၁၀၀) ခန့်အတွင်းမှ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံတော်ဝင်ငွေ တာကာ (၂၅၉၆၁၃၈၄)သာ အကောက်အခွန် ၀င်ငွေရရှိကြောင်း ဆိပ်ကမ်းအကြီးအကဲ အရာရှိက ထုတ်ဖေါ်ပြောဆိုကြောင်း ကြာသပတေးနေ့ထုတ် www.coxazarnews.net တွင် ဖေါ်ပြချက်အရ သိရသည်။

ယင်း Website သို့ ဘင်္ဂလီသတင်းထောက် အာမာန် အူလ္လာဟ် အာမာန်က သတင်းပေးပို့ထားခြင်းဖြစ်ပြီး စုစုပေါင်း စာရင်းပေါင်းချုပ် (၅၃) ခုအရ နိုင်ငံတော်ဝင်ငွေ ရရှိခဲ့ခြင်းဖြစ်ကြောင်း ဖေါ်ပြထားသည်။ ယင်းဝင်ငွေမှာ ဇွန်လမှ ယမန်နေ့အထိ ဖြစ်သည်။

ဘင်္ဂလားဒေ့ခ်ျမှ မြန်မာသို့ စာရင်း (၁၈) ခုအရ တာကာ (၃၈၇၀၅၂၈) တန်ဖိုးရှိ ကုန်ပစ္စည်းများ (၃) လအတွင်း တင်ပို့ခဲ့ကြောင်း စုံစမ်း သိရှိရသည်။

ဘင်္ဂလားဒေ့ခ်ျမှ အမျိုးသားနိုင်ငံတော်ဝင်ငွေဘုတ်အဖွဲ့ (NBR)က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခကြောင့် ၎င်းတို့၏ နိုင်ငံတော် ၀င်ငွေနှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းအစီအစဉ်များကို ထိခိုက်နစ်နာကြောင်း ယမန်နေ့က ထုတ်ဖေါ်ပြောဆိုသည်။

ယင်း တာခ်နာဆိပ်ကမ်းအနေဖြင့် မြန်မာမှ ဘင်္ဂလားဒေ့ခ်ျသို့ တင်ပို့လာသည့် ကုန်များမှ အကောက်အခွန်ကို တစ်လလျင် တာကာ (၇၂၀၀၀၀၀၀) ခန့်မှန်းထားသည်။

နှစ်နိုင်ငံကုန်သည် အများအပြားက ဖြစ်ပေါ်ခဲ့သော ပဋိပက္ခကြောင့် နယ်စပ်ကုန်သွယ်စီးပွားရေးကို တစ်ဖက်နှင့်တစ်ဖက် အယုံအကြည် ပျက်ပြားစေခဲ့ကြောင်းနှင့် ယင်းသက်ဝင်ယုံကြည်မှုအား ပြန်လည်တည်ဆောက်ယူရန် တဖြည်းဖြည်း အချိန်ယူရမည်ဖြစ်ကြောင်း ပြောဆို နေကြသည်။

သို့သော်လည်း ယင်းတို့အနေဖြင့် ယခုကဲ့သို့ နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေး ပြန်လည်ပြီး နလန်ထူလာခြင်းမှာ အကောင်းဖက်သို့ ဦးတည်ခြင်းဖြစ်သည်ဟု အဓိကအားဖြင့် ရခိုင်ကုန်သည်များက သုံးသပ်ပြောဆို နေကြသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/408-2012-08-31-10-04-44

No comments:

Post a Comment