မြန်မာ့အလုပ်သမားထု လွတ်မြောက်ရန်အခွင့်အလမ်း
(သို့ မဟုတ်)
လွတ်လပ်သည့် အလုပ်သမားသမဂ္ဂများပေါ်ထွန်းချိန်
အမှတ် (၂)
မြန်မာနိုင်ငံမှာ လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရက အလုပ်သမားဥပဒေသစ်တရပ်ကို ပြဌာန်းလိုက်ပြီး တပြိုင်နက် ထဲမှာပဲ ၁၉၂၆ အလုပ်သမားသမဂ္ဂ ဥပဒေကို ဖျက်သိမ်းကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့ စွဲနဲ့  ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည် (ပုံ) သိန်းစိန် နိုင်ငံတော်သမ္မတ ပြည်ထောင်စုမြန်မာနိုင်ငံ ဆိုပြီး မြန်မာ့အလင်းသတင်းစာမှာ ထုတ်ပြန်အတည်ပြု ပြဌာန်းကြေညာခဲ့ပါတယ်။ ထို ဥပဒေပါအရ အလုပ်သမားအဖွဲ့ အစည်းများဖွဲ့ စည်းခွင့်ကို တရားဝင်မှတ်ပုံတင်ခြင်းနှင့်အတူ ဖွဲ့ စည်းခွင့်ပြုလိုက်တာဟာ လွန်ခဲ့တဲ့ အနှစ် (၅၀) ကျော်က ပျောက်ဆုံးမှိတ်သုန်နေတဲ့ အခြေအနေတစ်ရပ်ပြန်လည်ဖြစ်ထွန်းလာတာဖြစ်ပါတယ်။
သို့ သော်လည်း သမဂ္ဂများဖွဲ့ စည်းပြီး တရားဝင်မှတ်ပုံ တင်ခဲ့ကြသော်လည်း သက်ဆိုင်ရာက မှတ်ပုံတင်အရာရှိမခန့် အပ်ရ သေးကြောင်း အတည်ပြုချက် ပြဌာန်းချက်တွေ အတည်မဖြစ်သေးကြောင်း စတဲ့ အကြောင်း ပြချက်တွေနဲ့  မှတ်ပုံတင်ခွင့် ကို ခွင့်မပြုသေးတဲ့ ကိစ္စက တဆက်တည်းဆိုသလို ဖြစ်ပေါ်လာဟာ အုပ်ချုပ်ရေး ယန္တယားမှာပါဝင်တဲ့သူတွေ ရဲ့ လှည့် ကွက်လားကစားကွက်လားဆိုတာ ကတော့ ရှင်းလင်းတဲ့အဖြေတခုဖြစ်ပါတယ်။
မည်သို့ ဖြစ်စေကာမူ အခုလို ဖြစ်ပွားမှုအပေါ်မှာ စိတ်ပျက်အားလျှော့ခြင်း၊ အပြစ်တင်ထောက်ပြဝေဖန်ရှုံ့ ချနေခြင်း နဲ့  မှတ်ပုံတင်တာမှတ်ပုံတင်ခွင့်မပြုဘူး ခွင့်ပြုမှလုပ်မယ်ဆိုတဲ့ အတွေးအခေါ် အယူအဆတွေနဲ့  တွေဝေ နေမဲ့အစား မိမိတို့  အလုပ်သမားထု တောင်သူလယ်သမားထုကြီးက ကိုယ်လုပ်စရာရှိတဲ့ လုပ်ငန်းစဉ်များ ကို ဆက်လက် အကောင် အထည် ဖေါ်ဆောင်နေရန်လိုအပ်ပါတယ်။
နိုင်ငံတကာစံနဲ့ လွတ်လပ်တဲ့အရသာ -
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ အာဏာရှင် စစ်အုပ်စု အပါအ၀င် ခေတ်အဆက်ဆက် ဗိုလ်နေ၀င်း လက်ထက် ကစပြီး မည်သည့် အစိုးရ၀န်ထန်း လုပ်သားပြည်သူ လူတန်းစားအလွှာအသီးသီး အားလုံးဟာ စစ်မှန်တဲ့ တရား ဥပဒေဘောင်အတွင်းကနေ လွတ်လပ်တဲ့အရသာကို မည်သူကမှ အခုအချိန်အထိ နှစ်ပေါင်းများစွာ မခံစား ခဲ့ကြရဖူးပါဘူး။ အဲဒီလိုပဲ အုပ်ချုပ်သူ လူတန်းစားတွေဟာလည်း မည်သည့် အခါကမျှ အပြည်ပြည်ဆိုင်ရာစံနူန်းနဲ့  ညီတဲ့လွတ်လပ်တဲ့ တရားဥပဒေကို ထုတ်ပြန်ပြဌာန်းခဲ့ခြင်းမရှိခဲ့ဖူးပါ။ ဒါ့ကြောင့် အခုလက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရကိုယ်တိုင်လည်း လွတ်လပ်ပြီးမျှတတဲ့တရားဥပဒေရဲ့ အရသာကို သူတို့  ကိုယ်တိုင် မလုပ်ကိုင်ဖူး မခံစားဖူးသေး တဲ့ သူ တွေ ဖြစ်တာနဲ့  အတူ စိုးရိမ်စိတ်တွေနဲ့  ဥပဒေတွေကို စမ်းသတ်ထုတ်ပြန်ပြဌာန်းပြီး လွတ်တော်မှာ အတည်ပြုချက်တွေလုပ် နေတာကို သတိထား နားလည်ထား ရမှာဖြစ် ပါတယ်။
အခုမှတ်ပုံတင်ခွင့် မပြုသေးဖူးဆိုပေမဲ့ ထုတ်ပြန်တဲ့ ဥပေဒပြဌာန်းချက်အညီ အလုပ်သမားသမဂ္ဂတွေကို တရားဝင်စတင်ဖွဲ့  စည်းနေနိုင်ပြီး မိမိတို့  အင်အားကြီးမားသည်ထက်ကြီးမားလာအောင်တည်ဆောက်နေရမှာဖြစ်ပါတယ်။ ဖွဲ့ စည်းခွင့်ပြုထား ပြီး ဖွဲ့ စည်းထားတဲ့သမဂ္ဂကို တရားဝင်မှတ်ပုံတင်ခွင့်ရလာတဲ့အခါမှ တရားဥပဒေဘောင်အတွင်းက ပြည့်ဝပြီး လွတ်လပ် တဲ့ အခြေခံအလုပ်သမားအခွင့်အရေးတွေ၊ အလုပ်သမားဥပဒေတွေကို ဆက်လက်တင်ပြတောင်းဆိုသွား နိုင်မှာဖြစ်ပါတယ်။ အခုချိန်အခါကတော့ အစပျိုးတဲ့အချိန်ကာလလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ လက်ရှိအစိုးရအနေနဲ့ နိုင်ငံတကာစံနဲ့  စစ်မှန် တဲ့ ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး လွတ်လပ်တဲ့ အရသာကို ကိုယ်တိုင်ခံစားကျင့်သုံးတတ်ဖို့  အချိန်တန်ပြီဖြစ်ပါတယ်။
တချိန်တခါကအလုပ်သမားအခွင့်အရေး --
မြန်မာ့အလုပ်သမားထုကြီးမှာ တရားဥပဒေနဲ့  အညီ ပြည့်ဝပြီးလွတ်လပ်တဲ့ အခြေခံအလုပ်သမားအခွင့်အရေး တွေရှိခဲ့တဲ့အချိန် ကာလကိုညွန်းပြရမယ် ဖေါ်ပြရမယ် ဆိုရင်တော့ မြန်မာ့သမိုင်းမှာ အရေးကြီးလှတဲ့ မြန်မာနိုင်ငံတော်ရဲ့  ပထမဦးဆုံးသောဖွဲ့ စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ စတင်ရေးဆွဲခဲ့တဲ့ သမိုင်းဖြစ်စဉ် အကျဉ်း ကိုဖေါ်ပြလိုပါတယ်။
မြန်မာနိုင်ငံရဲ့  အနာဂတ်အုပ်ချုပ်ရေးအတွက် ၁၉၄၇ ခုနှစ် ဧပြီလ ၇ ရက်နေ့ မှာ တိုင်းပြည်ပြုလွတ်တော် ရွေးကောက်ပွဲကို ကျင်းပပြီးစီးခဲ့ ပြီး တိုင်းပြည်ပြုလွတ်တော်ရဲ့  ပထမဆုံးညီလာခံကို ၁၉၄၇ ခုနှစ် ဇွန်လ (၉) ရက်နေ့  မှာ စတင်ကျင်းပခဲ့ပါတယ်။ ထိုစဉ်က ဘဏ္ဍာရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ သခင်မြက လွတ်တော်၏သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ပြီး ဇွန်လ (၁၁) ရက်နေ့ မှာ ဦးနုအား လွတ်တော်ဥက္ကဌအဖြစ် လွတ်တော်အမတ်များအားလုံးက ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဇွန်လ (၁၆) ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းမှ အချက် (၇) ချက်ပါတဲ့ လမ်းညွန်ပြဌာန်းချက် အဆိုတစ်ရပ်ကို လွတ်တော်မှာ တင်သွင်းပြီး မိန့် ခွန်းစကားပြောခဲ့ပါတယ်။ အဲဒီ အချက် (၇) ချက်ဟာ လွတ်တော်က လက်ခံအတည်ပြုမဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့  အခြေခံအုတ်မြစ် ဖြစ်ခဲ့ပါတယ်။ ထိုအချက်များဟာ ၁၉၄၇ ခုနှစ် မေလ (၂၃) ရက်နေ့ မှာ ဂျူဗလီဟောမှာ ကျင်းပခဲ့တဲ့ ဖဆပလ ညီလာခံကြီးကတညီတညွတ်တည်း ချမှတ်လိုက်တဲ့ အဆိုများဖြစ်ပြီး တိုင်းပြည်ပြုလွတ်တော်အားတင်ပြခဲ့ခြင်းဖြစ်ပါတယ်။
ထိုအဆိုပြုချက်များအရ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းကိုရေးဆွဲရန် အမတ် (၇၅) ဦး ပါဝင်တဲ့ အခြေခံ ဥပဒေရေးဆွဲရေးကော်မတီတစ်ရပ်ကိုဖွဲ့ စည်းခဲ့ပြီး ပထမညီလာခံကို ဇူလိုင် (၁၈) ရက်နေ့ မှာရုတ်သိမ်းခဲ့ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံတော်ရဲ့ ကံကြမ္မာကို အတိမ်းစောင်းဖြစ်စေခဲ့တဲ့ ဇူလိုင်လ (၁၉) ရက် နေ့ မှာ နိုင်ငံတော်လုပ်ကြံ မှုကြီးဖြစ်ခဲ့ပြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့ကြရပါတယ်။
၁၉၄၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ မှာ လွတ်တော်တတိယညီလာခံကို စတင်ကျင်းပခဲ့ပြီး စက်တင်ဘာလ (၂၄) ရက်နေ့ မှာပဲ လွတ်တော်မှ ရေးဆွဲတင်ပြကြတဲ့ အခြေခံဥပေဒကိုအတည်ပြုခဲ့ကြပါတယ်။ တတိယအကြိမ် (နောက်ဆုံး) ညီလာခံကို စက်တင်ဘာလ (၂၄) ရက်နေ့ မှာ အပြီးသတ်ကျင်းပနိုင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့  နိုင်ငံတော်ဖွဲ့ စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကြီးကို အပြီးသတ်ရေးဆွဲ အတည်ပြုနိုင်ခဲ့ကြပါတယ်။
နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပေဒကို တိုင်းပြုပြည်ပြုလွတ်တော်က အကြိမ်ပေါင်းများစွာဆွေးနွေးပြီး အတည်ပြုလိုက်တဲ့ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်တာနှင့်အညီ ဒီမိုကရေစီကိုလိုက်နာကျင့်သုံးစေတဲ့ အခြေခံဥပဒေ တစ်ရပ်ဖြစ်ခဲ့ပါတယ်။ အခြေခံဥပေဒထဲမှာ ဒီမိုကရေစီမူလအခြေခံအခွင့်အရေးတွေဖြစ်တဲ့ လူတိုင်းသည် ဇာတိမရွေး ကိုးကွယ်ရာဘာသာမရွေး၊ ယောင်္ကျား/ မိန်းမ မရွေး၊ လူမျိုးမရွေး နိုင်ငံတော်တရားဥပဒေတွင် အညီအမျှသာဖြစ်သည် ဟု ပြဌာန်းထားခဲ့ပါတယ်။ တရားဥပဒေနှင့် လည်းကောင်း ငြိမ်ဝပ်ပိပြားရေးနှင့်လည်းကောင်း ပြည်သူ့ ကိုယ်ကျင့်တရားနှင့် မဆန့် ကျင်လျှင် နိုင်ငံသားများသည် (က) လွတ်လပ်စွာပြောဆိုပိုင်ခွင့် (ခ) လွတ်လပ်စွာအသင်းအပင်းဖွဲ့ စည်းနိုင်ခွင့် (ဂ) လွတ်လပ်စွာစုဝေးစည်းရုံးနိုင်ခွင့် (ဃ) လွတ်လပ်စွာနေထိုင် လုပ်ကိုင်စီးပွားရှာနိုင်ခွင့် (င) လွတ်လပ်စွာဆက်ဆံနိုင်ခွင့် တို့ ကို ရနိုင်မည်ဟုဆိုထားပါတယ်။ ထို့ နောက် ဘာသာရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ စီးပွားရေး၊ ရာဇ၀တ်မှု စသည်တို့  ကိုလည်း ဖေါ်ပြထားပါတယ်။
ထို့ အတူ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲတွင် တောင်သူလယ်သမားများနှင့် အလုပ်သမားများအတွက် နိုင်ငံတော်၏တာဝန်ဝတ္တရားများကို အတိအကျသတ်မှတ်ပြဌာန်းထား ခဲ့တာကို တွေ့ ရပါတယ်။ နိုင်ငံတော်အနေနဲ့  ဘာတွေလုပ်ပေးခဲ့သလဲ -- အလုပ်သမားများအချင်းချင်းဆက်နွယ်ဖွဲ့ စည်းနိုင်ကြစေရန်အတွက် နိုင်ငံတော်မှ တတ်စွမ်း သရွေ့ ကူညီမယ်လို့ ကြေငြာခဲ့ခြင်း။ ဒါ့အပြင် အလုပ်သမားများကိုစည်းရုံးရန်ကူညီခြင်း၊ အလုပ်လုပ်ရန်အချိန်နာရီကိုကန့်  သတ်ပေးခြင်း၊ နှစ်စဉ်အားလပ်ရက်များရရှိနိုင်ရန်စီမံပေးခြင်း၊ အလုပ်ရုံအခြေအနေကို ကောင်းမွန်လာအောင်ပြင်ဆင်ပေး ခြင်း၊ စတာတွေကို ဥပဒေအဖြစ်သတ်မှတ်ပြဌာန်းပေးတာတွေလုပ်ခဲ့ပါတယ်။ ဒါ့အပြင် အလုပ်သမား များနေရာ ထိုင် ခင်းနှင့် ထောက်ပံ့မှု အာမခံစနစ်တို့ အတွက် စီမံချက် များပြုလုပ်ရန်ပြဌာန်းခြင်းတွေပြုလုပ်ခဲ့ပါတယ်။
ဒါတွေဟာ အလုပ်သမားတွေ အတွက် နိုင်ငံတော်ရဲ့ တာဝန်ဝတ္တရားတွေဖြစ်ကြောင်းကို ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေထဲမှာ အတိအလင်းဖော်ပြပြဌာန်း ထားခဲ့တာတွေဖြစ်ပါတယ်။ စစ်မဖြစ်မီကာလအလုပ်သမားရေးရာ အက်ဥပဒေတွေ ဟာ လက်ရှိခေတ်နဲ့  ဆီလျှော်ခြင်းမရှိ တော့တဲ့အတွက် သက်ဆိုင်တဲ့ အက်ဥပဒေ (၈) ချက်ကို ပြင်ဆင်နိုင်ရန် ပြင်ဆင် ရေးကော်မတီကိုဖွဲ့ စည်းခဲ့ပြီး ဥပဒေသစ်များနဲ့ ပြင်ဆင် ပြဌာန်းချက်တွေကိုလည်းပြဌာန်းခဲ့ကြတာကိုတွေ့ ရပါတယ်။ အဲဒီပြင်ဆင်ချက် အက်ဥပဒေများရဲ့  အကျိုးကျေးဇူးကြောင့် အလုပ်သမားများနဲ့  အလုပ်ရှင်တို့ ရဲ့ ဆက်ဆံရေးမှာ များသောအားဖြင့် ချောမောပြေပြစ်ခဲ့တာကို တွေ့ ခဲ့ရပါတယ်။
အလုပ်သမားနဲ့ အလုပ်ရှင်ပဋိပက္ခ - ဖြစ်ပေါ်မှုများမှာလည်း ၀ါဏိဇ္ဇပဋိပက္ခပြင်ဆင်ချက် အက်ဥပဒေအရ ဖွဲ့  စည်းထားခဲ့တဲ့ ဖြန်ဖြေရေးယန္တရားကြောင့်ပြေငြိမ်းမှုတွေဖြစ်စေခဲ့တာကိုတွေ့ ရှိရပါတယ်။ ဒီ့အပြင် ဖြန်ဖြေလို့ မရတဲ့ ပဋိပက္ခတွေကို စက်မှုလက်မှုသမာဓိခုံရုံးဆိုတာကိုဖွင့်လှစ်ထားပြီး ဖြေရှင်းပေးနိုင်ခဲ့တာတွေရှိခဲ့ပြီး အလုပ်သမားတွေရဲ့  သပိတ်မှောက်မှုတွေကိုလည်း ပြေလည်စေခဲ့တာကိုတွေ့ ရပါတယ်။ ၁၉၄၇ ခုနှစ် စက်တင်ဘာလမှာ ရန်ကုန်အလုပ်သမား ဆက်သွယ်ရေးရုံးနဲ့  ၁၉၄၈ ခုနှစ် ဒီဇင်ဘာလမှာ မန္တလေးမှလည်း ဖွင့်ခဲ့တာကြောင့် အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမား တွေနဲ့ အလုပ်ရှင်တွေအကြားမှာ စနစ်တကျဆက်သွယ်မှုတွေကိုလုပ်ဆောင်ပေးတာတွေကိုတွေ့ ခဲ့ရပါတယ်။
ကောင်းမွန်တဲ့အလုပ်သမားဥပဒေတွေ --
၁၉၅၀ ခုနှစ်မှာ အလုပ်အကိုင်သင်ကြားလေ့ကျင့်ပေးရေးအက်ဥပဒေ ကိုပြဌာန်းခဲ့တာကြောင့် ရန်ကုန်မှာ ဖွင့် ထားတဲ့ အလုပ်သမားဆက်သွယ်ရေးရုံးတွေဟာ ပိုပြီးတည်တန့် ခိုင်မြဲလာခဲ့တာကိုတွေ့ ရပါတယ်။ အလုပ်သမားဆက် သွယ်ရေးရုံးတွေရဲ့ လုပ်ငန်းစဉ်တစိတ်တဒေသကိုဖေါ်ပြရရင် မြန်မာနိုင်တ၀ှမ်းလုံးမှာရှိတဲ့ အလုပ်သမားတွေကို စနစ်တကျ အလုပ်ရှာပေးခြင်း၊ အလုပ်လက်မဲ့ဖြစ်နေတဲ့အလုပ်သမားတွေကို တမြို့ မှတမြို့ ဒေသတခုမှ အခြားဒေသတခုသို့ ပြောင်းရွှေ့ ပေးပြီးအလုပ်ရရှိစေခြင်း စတာတွေကိုဆောင်ရွက်ပေးခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်မှာလည်း အလုပ်သမားလျှော်ကြေးဥပဒေ ထုတ်ပြန်လိုက်တဲ့အတွက် မြင့်မားတဲ့အလုပ်သမားလျှော်ကြေးနှုန်းများကို အလုပ်သမားများ ရရှိခံစားခဲ့ကြရပါတယ်။
ဆိပ်ကမ်းအလုပ်သမားများဆိုင်ရာတွင်လည်း အလုပ်အကိုင်အဆင်ပြေစေရန် ၁၉၄၈ ခုနှစ် ဆိပ်ကမ်း အလုပ် သမားများအက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် ဆိပ်ကမ်းအလုပ်သမားများ စီမံကိန်းအရ အစိုးရကိုယ်စားလှယ်(၃) ဦး၊ အလုပ်ရှင် ကိုယ်စားလှယ် (၃) ဦး နှင့် အလုပ်သမားကိုယ်စားလှယ် (၃) ဦးပါဝင်တဲ့ ဆိပ်ကမ်းအလုပ်သမားဘုတ်အဖွဲ့ တခုရပ်ကိုဖွဲ့  စည်းပြီး ၁၉၅၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ က စတင်ပြီး စီမံကန်းအရ ဆိပ်ကမ်းအလုပ်သမားများအိမ်ယာဆောက် လုပ်ရေး၊ ဆေးဝါးပေးကမ်းရေး စတဲ့ ထောက်ပံ့ရေး လုပ်ငန်းများဆောင်ရွက်ခဲ့တာကိုတွေ့ ရပါတယ်။
အလုပ်သမားများအကျိုးနှင့်ဗဟုသုတ ရရှိစေရန် မြန်မာနိုင်အလုပ်သမားပြန်တမ်းခေါ်စာစောင်ကို ၁၉၄၈ ခုနှစ် ညွန်ကြားရေးဝန်ကြီးဌာနမှ လစဉ်ထုတ်ဝေပေးခဲ့ပါတယ်။ အလုပ်သမားများသက်သာချောင်ချိရေးအတွက် အလုပ်သမား စောင့်ရှောက်ရေးစခန်းတွေကို ရန်ကုန်မြို့ နဲ့ အခြားမြို့ တွေမှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲ့ဒီ့ရည်ရွယ်ချက်ကတော့ အလုပ် သမားတွေနဲ့ မှီခိုနေထိုင်သူမိသားစုတွေကို ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ အပန်းဖြေရေး၊ ပညာဗဟုသုတလိုက်စား ရေးတို့ ကို အားပေးကူညီရန်ဖြစ်ပြီး အလုပ်သမားတွေကို ဆူပူလှုံဆော်ရန်သွေးဆောင်ပြီးကိုယ်ကျိုးရှာသူတွေရဲ့ အန္တာရယ် က ကင်းဝေးစေရန်ဖြစ်ပါတယ်။
အလုပ်သမားစောင့်ရှောက်ရေးစခန်းတွေမှာဆိုရင် ညကျောင်၊ စာကြည့်ခန်း၊ အိမ်တွင်းအိမ်ပြင်ကစားခုန်စားမှု၊ လူနာများအတွက်အခမဲ့ဆေးခန်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနဲ့  မိခင်တွေကို သူနာပြုဆရာမများမှ အကြံဥာဏ်ပေး ခြင်းနဲ့  ကလေးများနို့ မှုန့် ဝေပေးတာတွေ။ သက်ဆိုင်တဲ့ အာမခံစနစ်အတွက် စီမံကိန်းတစ်ခုကိုလည်း နိုင်ငံပေါင်းစုံ အလုပ် သမားအဖွဲ့ ချုပ်မှ ကျွမ်းကျင်သူတွေရဲ့ အကူအညီတွေနဲ့ ရေးဆွဲခဲ့ပါတယ်။ ထို့ ပြင် လွတ်လပ်ရေးရသည့်နေကစပြီး စက်ရုံအလုပ်သမားများ အများဆုံး အလုပ်လုပ်ချိန် တနင်္ဂနွေတပတ်လျှင် (၄၄) နာရီ သာရှိရမယ်လို့  ကန့် သတ်ခဲ့တဲ့ စံမံ ချက်ဟာ အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ အလားတူဥပဒေတွေထက် ပိုမိုပြီးကောင်းမွန်ခဲ့ပါတယ်။ ရှားပါးစရိတ်ကိစ္စမှာ ဆိုရင် လည်း လစားကော်မရှင်အကြံပေးချက်တွေနဲ့ ကိုက်ည်ီအောင်သတ်မှတ်ထားရှိပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးး အလုပ် သမားတွေကို ရက်သတ္တပတ် (၁) ပတ် မှ (၆) ပတ် အထိ လစာမပျက်ခွင့်ပေးရန်တို့ ကို အလုပ်သမားခုံရုံးကသဘောတူညီ ခဲ့ပါတယ်။ အချိန်ပိုလုပ်အားခတွေကိုလည် ရိုးရိုးနှုန်းထက် နှစ်ဆပိုတိုးပေးခဲ့ပါတယ်။ ကုန်တင်ကုန်ချအလုပ်သမားများ အတွက်လည်း နေ့ စားမဟုတ်ပဲ အနည်းဆုံးလစာငွေသတ်မှတ်ပေးရန် အစိုးရကဆုံးဖြတ်ပေးခဲ့ပါတယ်။ အချုပ်ဆိုရရင် အဲ့ဒီအချိန် ၁၉၄၇ ခုနှစ်က ပေါ်ခဲ့တဲ့ အလုပ်သမားသပိတ်ကြီးမှာ တောင်းဆိုခဲ့တဲ့ အချက်တွေအပေါ်ကို လက်တွေ့ ဆောင် ရွက်ပေးနိုင်သမျှအားလုံးကို အစိုးရကအစွမ်းကုန်ဆောင်ရွက်ပေးခဲ့တာကိုတွေ့ ရပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးပြီးနောက် လအနည်းငယ်အတွင်းမှာ လုပ်သမားများတိုးတက်ရေးအတွက် အိုင်အယ်လ် အို ခေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ချုပ်ကြီးရဲ့ အဖွဲ့ ဝင်အဖြစ်ဝင်ရောက်ခဲ့ပါတယ်။ အဲ့ဒီလို အဖွဲ့ ဝင်ဖြစ်လာပြီး နောက် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ မှာ ၁၉၅၀ပြည့်နှစ်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ကြီးရဲ့  (၃၃) ကြိမ်မြောက် အလုပ်သမားညီလာခံကြီး၊ ၁၉၅၁ ခုနှစ် ဇွန်လအတွင်းကျင်းပခဲ့တဲ့ (၃၄) ကြိမ်မြောက်ညီလာခံကြီး နှင့် နောင် နှစ်စဉ်ကျင်းပခဲ့တဲ့ ညီလာခံတွေကို မြန်မာနိုင်ငံက အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်တွေ လက်တွဲ တက် ရောက်ဆွေးနွေးခွင့်တွေရခဲ့ကြပါတယ်။
ထို့ အတူ အလုပ်သမားရေးရာတွင် တိုးတက်ခြင်းမရှိသေးတဲ့ အာရှနိုင်ငံများအတွက် အာရှတိုက်အလုပ်သမား ကိစ္စများသီးသန့် ဆွေးနွေးရန် အိုင်အယ်လ်အိုမှ ဦးစီးပြုလုပ်တဲ့ အာရှနိုင်ငံများဆိုင်ရာညီလာခံကို ၁၉၄၈ခုနှစ်နယူးဒေလီမြို့  နဲ့  သီဟိုဠ်ကျွန်း အီးလီယားမြို့ တွေမှာ ကျင်းပခဲ့တဲ့ ညီလာခံတွေကိုလည်း မြန်မာအစိုးရကိုယ်စားလှယ်တော်များလည်း တက်ရောက်ဆွေးနွေးနိုင်ခဲ့ကြပါတယ်။ ၁၉၅၁ ခုနှစ် ဇွန်လအတွင်း ဂျီနီဗာမြို့ မှာ ကျင်းပခဲ့တဲ့ (၃၄) ကြိမ်မြောက် အပြည် ပြည်ဆိုင်ရာ အလုပ်သမားညီလာခံမှာ မြန်မာနိုင်ငံအစိုးရကိုယ်စားလှယ်များရဲ့ ကြိုးပမမ်းချက်ကြောင့် အိုအယ်လ်အို အဖွဲ့  ချုပ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့  (Governing Body) တွင် ဒုတိယတန်းအုပ်ချုပ်ရေးကော်မတီအသင်းသားအဖြစ်ပါဝင်ရွေးချယ် ခံခဲ့ ရပြီး နောက် ထိုအချိန်က မြန်မာနိုင်ငံအစိုးရက အလုပ်သမားရေးရာတွေနဲ့ ပါတ်သက်ပြီး ထူးခြားတဲ့ ဆောင်ရွက်မှုတွေ ကြောင့် ပဌမတန်းအုပ်ချုပ်ရေးကော်မတီအသင်းသားအဖြစ် ပါဝင်ရွေးချယ်ခြင်းကို ခံခဲ့ရပါတယ်။
၁၈၅၄ ခုနှစ် ဇွန်လ (၃) ရက်မှ (၂၄) ရက်နေ့ အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ မှာ ကျင်းပခဲ့တဲ့ (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံကြီးမှာ လာမည့်နှစ်အတွက် အမှုဆောင်ကော်မတီ ရွေးကောက်ပွဲကျင်းပခဲ့ရာ မြန်မာနိုင်ငံဟာ အဖွဲ့ ဝင် (၆၉) နိုင်ငံအနက် မဲအများဆုံးဖြင့် ရွေးကောက်တင်မြှောက်ခြင်းကိုခံခဲ့ဖူးပါတယ်။ ဒီအချက်တွေ ကို ထောက်ရှုခြင်းအားဖြင့် ထိုအချိန်ကာလများမှာ မြန်မာနိုင်ရဲ့  အလုပ်သမားရေးရာလုပ်ငန်းတွေကို တကမ္ဘာလုံးက လေး စားကြည်ညိုခြင်းခံခဲ့ရတာ သိသာထင်ရှားလှပါတယ်။
ဒါ့ကြောင့် လက်ရှိအစိုးရအနေဖြင့် စိုးရိမ်ကြောင့်ကြမှုများကင်းဝေစွာ နှင့် ကမ္ဘာက လေးစား ကြည်ညိုခြင်း ခံရစေခြင်း အလို့  ငှာ အခု ၂၀၁၂ ခုနှစ်မှာ ကျင်း ပနေတဲ့ အမျိုးသားညီလာခံကြီးမှာ အခြေခံဥပဒေတွေကို အတည်ပြုခြင်း ပြဌာန်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းများလုပ်နေတဲ့နေရာမှာ အလုပ်သမားထုကြီးနှင့် တောင်သူလယ်သမားထုကြီးအတွက် အခြေခံအလုပ်သမားထုအခွင့်အရေးတွေကို အပြည်ပြည်ဆိုင်ရာစံနူန်းနဲ့ အညီ မှန်ကန်သင့်တော်တဲ့ ဥပဒေတွေ ဆက် လက် ပြဌာန်းအတည်ပြုပေးရန်လိုပါတယ်။ အဲဒီလိုပြင်ဆင်ဖြည့်စွက်ရာမှာလည်း အလုပ်သမားဥပဒေရေးရာတွေကို တတ်ကျွမ်းတဲ့သူတွေနဲ့  အလုပ်သမားထုအတွင်း အဓိကလိုအပ်နေတဲ့ ဥပဒေတွေကို စနစ်တကျ လေ့လာပြီးလုပ် ဆောင်ဖို့ လိုပါတယ်။ ထို့ အတူ အလုပ်သမားထုကြီးနှင့် တောင်သူလယ်သမားထုကြီးကလည်း မိမိတို့ ရဲ ရပိုင်ခွင့်အခြေခံ အခွင့် အရေးနဲ့  ဥပဒေတွေကို သမဂ္ဂများအမြန်ဆုံးဖေါ်ဆောင်ပြီး အလုပ်သမားဥပဒေများပြင်ဆင်ပြဌာန်းရေးအတွက် လက်ရှိ ကျင်းပနေတဲ့ ညီလာခံကိုတင်သွင်းပြီး ၀ိုင်းဝန်းဖေါ်ဆောင်ဖို့ လိုအပ်ပါတယ်။
အလုပ်သမားထုကြီးအနေဖြင့် ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ အတည်ပြုပြဌာန်းခဲ့တဲ့ အလုပ်သမားရေး အက်ဥပဒေတွေ ကို (ပူးတွဲ ဖေါ်ပြပါ) လေ့လာကာ ဖြည့်စွက်ပြင်ဆင်ခြင်းများပြုလုပ်ပြီး လက်ရှိအစိုးရထံသို့ တင်သွင်းရန်လို အပ်ပါတယ်။ လက်ရှိအစိုးရကလည်း ထို ဥပေဒေများအား ပြန်လည်သုံးသပ်အတည်ပြုရန်လိုအပ်ပါတယ်။
ဒါ့ကြောင့် - ကျစ်လစ်ခိုင်မာအင်အားကြီးတဲ့အလုပ်သမားသမဂ္ဂများဖွဲ့ စည်းကြပါစို - ကျစ်လစ်ခိုင်မာအင်အား ကြီးတဲ့ အလုပ်သမားသမဂ္ဂတွေကို ထူထောင်ရာမှာ စည်းရုံးရေးမှုးတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ စည်းရုံး ရေးမှုးများ အနေနဲ့ ဘာတွေလုပ်ဆောင်ရမလဲ၊ စည်ရုံးရေးလုပ်ငန်းတွေကို ဘယ်လိုပုံဖေါ် ဆောင်မလဲ၊ စည်းရုံးရေးမှုး တွေမှာ ဘယ်လိုအရည်အချင်းတွေရှိရမယ် ဆိုတာ..……. အလုပ်သမားသမဂ္ဂဆိုသည်မှာနှင့် သမဂ္ဂဖွဲ့ စည်းပုံ တို့ အား အပိုင်း (၃) တွင်ဆက်လက်ဖေါ်ပြပါ မည်။
မြန်မာနိုင်ငံတွင် လွတ်လပ်စစ်မှန်သည့် အလုပ်သမားသမဂ္ဂပေါ်ထွန်းရေးကိုရည်းမှန်း၍
ချိုမောင်
အလုပ်သမားရေးရာလေ့လာသူ
၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၅ ရက်။
- ပူးတွဲ -
အလုပ်သမားရေးရာဥပေဒေများ
၁၉၄၈ ခုနှစ် မှ ၁၉၆၂ ခုနှစ်
၁) အလုပ်အကိုင်နှင့်သင်ကြားလေ့လာကျင့်ရေးဥပဒေ။
၂) အလုပ်သင်ဥပဒေ။
၃) အလုပ်ခန့် ထားမှု ကန့် သတ်ရေးဥပဒေ။
၎) အလုပ်ရုံများအက်ဥပဒေ။
၅) လုပ်ခပေးရေးအက်ဥပဒေ။
၆) အနည်းဆုံးအခကြေးငွေဥပဒေ။
၇) အလုပ်သမားလျှော်ကြေးဥပဒေ။
၈) ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေ။
၉) ကလေးသူငယ် များခိုင်းစေမှုဥပဒေ။
၁၀) ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ။
၁၁) လူမှုဖူလုံရေးဥပဒေ။
၁၂) ၀ါဏိဇ္ဇပဋိပက္ခဥပဒေ။
၁၃) အလုပ်သမားသမဂ္ဂအက်ဥပဒေ။
၁၄) အလုပ်အကိုင်ဆိုင်ရာစာရင်းစစ်တမ်းယူခြင်းဥပဒေ။
၁၅) ဆိပ်ကမ်းအလုပ်သမား အက်ဥပဒေ။
၁၆) ဆိပ်ကမ်းအလုပ်သမားများအလုပ်စီစဉ်ရေးအက်ဥပဒေ။
၁၇) ဆိပ်ကမ်းများဥပဒေ။
၁၈) ရန်ကုန်ဆိပ်ကမ်းဥပဒေ။
၁၉) နယ်ဆိပ်ကမ်းဥပဒေ။
၂၀) ရေကြောင်းပြဥပဒေ။
၂၁) သတ္တုတွင်းဥပဒေ။
၂၂) ရေနံမြေဥပဒေ။
၂၃) ရေနံမြေအလုပ်သမားသက်သာချောင်ချိရေးဥပဒေ။
၂၄) လယ်ယာအလုပ်သမားအနည်းဆုံးအခကြေးငွေဥပဒေ။
၂၅) ပြည်ပသွားလာမှုဥပဒေ။
၂၆) မီးရထားအက်ဥပဒေ။
၂၇) ပြည်တွင်းရေကြောင်းဥပဒေ။
၂၈) မြန်မာနိုင်ငံလေယာဉ်ဥပဒေ။
၂၉) ရေကြောင်းပြဥပဒေ
၃၀) မြန်မာနိုင်ငံမီးပြတိုက်များဥပဒေ။