Pages

Thursday, June 16, 2011

ရုရှား၊ တရုတ်၊ ဂျပန်ပိုင်ဂြိုဟ်တု ပုမ္ပဏီများနှင့်ပေါင်း၍ အမေရိကန် ဒေါ်လာ သန်း ၂၀၀ တန် မြန်မာတင်လွှတ်မည်

အမေရိကန်ဒေါ်လာ သန်း ၂၀၀ ၀န်းကျင်ကုန်ကျမည့် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုတစ်လုံးကို ရုရှား၊ တရုတ်၊ ဂျပန်ပိုင်ဂြိုဟ်တု ကုမ္ပဏီများနှင့် ပူးပေါင်းလွှတ်တင်သွားရန် ရှိကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန ပြည်ထောင်စုဒုတိယ ၀န်ကြီး ဦးတင့်လွင်က ဇွန်လ ၆ ရက်နေ့တွင် ကျင်းပသည့် မိုဘိုင်း ဆက်သွယ်မှု ကွန်ရက်စနစ် တည်ဆောက်ရေးနှင့်တပ်ဆင်ရေး အခြေခံသင်တန်း အမှတ်စဉ်(၂/၂၀၁၁) နှင့် အခြေခံ ပစ္စည်းထိန်းသင်တန်း (၀၁/၁၁-၁၂) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေး ကဏ္ဍအား တိုးချဲ့မှုအဖြစ် ငါးနှစ်အတွင်း မိုဘိုင်းဖုန်းလိုင်း သန်း ၃၀ ကို အများပြည်သူထံ ချထားပေးမည့် အစီအစဉ်နှင့်အတူ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုတစ်လုံးကိုလည်း လွှင့်တင်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင်လည်း ပထမနှစ် စီမံကိန်းအဖြစ် မိုဘိုင်းဖုန်းလိုင်း လေးသန်းကို ယခုဘဏ္ဍာရေးနှစ် အတွင်း သုံးစွဲခွင့်ပြုနိုင်ရန် စီစဉ်ဆောင်ရွက်နေမှုနှင့်အတူ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ၀န်းကျင်ကုန်ကျမည့် နိုင်ငံပိုင် ဂြိုဟ်တုတစ်လုံးကိုလည်း ရုရှား၊ တရုတ်နှင့် ဂျပန်နိုင်ငံပိုင်ဂြိုဟ်တု ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက် သွားရန်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဆက်သွယ်ရေးကဏ္ဍနှင့် ရုပ်သံကဏ္ဍအတွက် ပြည်ပနိုင်ငံမှ ဂြိုဟ်တုစနစ်ကို ငှားရမ်းအသုံးပြုလျက်ရှိပြီး တစ်နှစ်လျှင် ငှားရမ်းခအဖြစ် အမေရိကန်ဒေါ်လာ ၁၅ သန်း ၀န်းကျင်ကို ပေးဆောင် နေရကြောင်း သိရသည်။

“ဆက်သွယ်ရေးအနေနဲ့ ၂၀၁၁ ခုနှစ်အတွင်းမှာ ဆောင်ရွက်ဖို့ကိစ္စ တွေ၊ လုပ်ငန်းကြီးတွေ ပြင်ဆင်ထား တာ အများကြီးရှိတယ်။ အခုမိုဘိုင်း သန်း ၃၀ ကိစ္စ၊ နောက်တစ်ခုက မြန်မာနိုင်ငံပိုင် ဂြိုဟ်တုတစ်လုံး စေ လွှတ်ဖို့ကိစ္စလည်းရှိပါတယ်။ ဂြိုဟ်တုလွှတ်ဖို့အတွက် Human Resources က အလွန်အရေးကြီးပါတယ်။ အခု ရုရှား၊ တရုတ်၊ ဂျပန်စတဲ့နိုင်ငံ တွေက ဂြိုဟ်တုကုမ္ပဏီတွေနဲ့ တောက်လျှောက် ပြောနေပါတယ်။ ကိုယ်ပိုင်ဂြိုဟ်တုမရှိတဲ့အတွက် sky net အပါအ၀င် ကျွန်တော်တို့ တိုင်းပြည်အနေနဲ့ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၁၅ သန်းလောက် ကုန်နေတယ်။ ကိုယ်ပိုင်ဂြိုဟ်တု တစ်လုံးလွှတ်ရင် အမေရိကန်ဒေါ်လာ သန်း ၂၀၀လောက် ကုန်မှာဖြစ်တယ်။ ဒါ ကြောင့် ရေရှည် ဒီအတိုင်း ငှားသုံးနေမလား၊ ကိုယ်ပိုင်လွှင့်မလား အဖြေ ပေါ်ပါတယ်”ဟု ဒုတိယ၀န်ကြီး ဦးတင့်လွင်က ဆိုပါသည်။

၎င်းကပင် ဆက်လက်၍ “အမေရိကန်ဒေါ်လာ ၁၅ သန်းဆိုတာ ဒီနေ့ application တွေအရ သူများကို ပေးနေရတဲ့ ပိုက်ဆံတွေပါ။ ရွှေသံလွင်က နောက်ထပ်တိုးချဲ့ထုတ်လွှင့်မယ့် ချန်နယ်လ်တွေအပြင် MPT ၊ ရတနာပုံ၊ မြ၀တီ၊ မြန်မာ့အသံ စတဲ့ အဖွဲ့အစည်းတွေရဲ့ plan တွေပါ ပေါင်းလိုက်ရင် တစ်နှစ်ကို အမေရိကန် ဒေါ်လာ သန်း ၂၀ ကနေ၊ ၃၀ အထိ ကုန်ကျနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။ နိုင်ငံပိုင်ဂြိုဟ်တု လွှင့်တင်နိုင်မည်ဆိုပါက ဆက်သွယ်ရေးကဏ္ဍနှင့် ရုပ်သံကဏ္ဍတိုးချဲ့ရေးကို ဦးစားပေး ဆောင်ရွက်သွားရန် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ထပ်မံပြောပြခဲ့သည်။

--
Thanks for sending!!!
Phone Kyaw

အင်တာနက်စာမျက်နှာမှကူးယူဖေါ်ပြအပ်ပါသည်။

No comments:

Post a Comment