Thursday, April 28, 2011

www.mizzima.com

Five ethnic parties call for release of political prisoners
Thursday, 28 April 2011 16:49 Ko Wild


Chiang Mai (Mizzima) – The festering issue of a general amnesty for political prisoners was addressed again this week, this time by five ethnic political parties who issued a joint statement urging the government to release all political prisoners for the sake of national reconciliation.




The statement was issued in Rangoon on Wednesday by a group calling itself the Brotherhood Forum, made up of the Shan Nationalities Democratic Party, the All Mon Region Democratic Party, the Rakhine Nationalities Development Party (RNDP), the Phalon-Sawaw Democratic Party and the Chin National Party.

thei-sein-speak

Burmese President Thein Sein, the figurehead of the new government. Photo: Mizzima
“The government should announce a general amnesty’, said RNDP secretary Hla Saw, adding that he is a former political prisoner who was released from prison in 1980 under a general amnesty.

The release of political prisoners has so far not even been mentioned by the leaders of the new government. Consecutive Burmese governments have repeatedly said that there are no political prisoners in the country, contending that all those in prison are there because they violated laws. However, international organizations and the Burmese democratic opposition say that there are more than 2,000 political prisoners.

According to the new Constitution, the president has the power to grant amnesty in accordance with the recommendation of the National Defence and National Security Council.

Other issues raised in the joint statement included the need to find a way to permanent peace in ethnic regions, to narrow the developmental gap between the states and regions and to seek help from the international community for underdeveloped ethnic regions which have suffered from long periods of war.

In early April, the Group of Democratic Party Friends, an alliance of six political parties, urged the new government to hold an all-inclusive Union Conference to seek a solution to end the civil conflicts in Burma and to declare a general political amnesty.

In his inaugural address, President Thein Sein said the government would carry out it duties in accordance with the Constitution. Thein Sein, who is also chairman of the Special Project Implementation Committee, said on April 22 the government needs to implement special development projects in the states and regions.

However, he has said nothing about the issue of amnesty for political prisoners.

Wednesday, April 27, 2011

ရခိုင်ပြည်နယ်မှ ထပ်မံပြီး တပ်သား (၂)ဦး တိမ်းရှောင်ပြေးပြန်ပြီ

ဂစ္ဆပသတင်းဌာန
ဧပြီလ (၂၇)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ရခိုင်ပြည်နယ်မှ ထပ်မံပြီး တပ်သား (၂)ဦး တိမ်းရှောင်ပြေးပြန်ပြီ

ရခိုင်ပြည်နယ် ပလက်ဝမြို့နယ် နယ်စပ်ဒေသတွင် စစ်ဆင်ရေး၊ နယ်မြေစိုးမိုးရေးနှင့် စည်းရုံးရေး တာဝန်ကျနေသော ခလရ အမှတ် (၅၅)တပ်ရင်း ရှေ့တန်းစစ်ကြောင်းတကြောင်းမှ တပ်သား၂ ဦးမှာ ဧပြီလ (၂၂)ရက်နေ့က တပ်မှတိမ်းရှောင်သွားခဲ့သောကြောင်း လိုက်လံရှာဖွယ်ရန် နပခစစ်ဌာနချုပ်မှ ဖိအားပေးကြောင်း သတင်းရရှိသည်။

အဆိုပါ တပ်ရင်းအမှတ် ခလရ(၅၅)၏ တပ်ရင်းမှူးမှာ ဗိုလ်မှူး သိန်းနိုင်ဖြစ်ပြီး သံတွဲမြို့တွင်အခြေစိုက် တပ်ရင်းဖြစ်သည်။ ယခုအခါ နပခ စစ်ဌာနချုပ်မှ တပ်သား(၂)ဦးထွက်ပြေးသွားသည့် အခြေအနေနှင့် မည်သို့ဆက်လက်လုပ်ဆောင်ရန် ဖိအားပေးမေးမြန်းချက်အရ တပ်ရင်းမှူးမှ ထွက်ပြေးသွားသည့် တပ်ခွဲမှူး ဇော်ထွန်းအောင်အား တပ်မှတိမ်းရှောင်သွားသော လက်နက်မဲ့ တပ်သား (၂)ဦးကို လိုက်လံ ရှာဖွေရန် အမိန်းပေးခြင်းဖြစ်ကြောင်း စစ်တပ်မှလာသော သတင်းများကဆိုသည်။

ခလရ (၅၅)မှ ရှေ့တန်းစစ်ကြောင်းမှာ ပလက်ဝမြို့နယ်တွင် စစ်ကြောင်း (၂)ကြောင်းရှိပြီး တပ်ရင်းမှူး ဦးဆောင်သော စစ်ကြောင်းမှာ မြတ်ဝတွင်အခြေစိုက်ပြီး တပ်ခွဲမှူး ဇော်ထွန်းအောင် ဦးဆောင်သော စစ်ကြောင်းမှာ နယ်စပ် ချင်းလက်ဝတွင် အခြေစိုက်သည်။ ခလရ အမှတ် (၅၅)တပ်ရင်းမှာ များမကြာမီ နောက်တန်းသို့ တပ်ဆုတ်ရမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ တပ်ရင်းနယ်မြေသို့ စစ်တွေမြို့ အခြေစိုက် ဒစကအောက်ရှိ အမှတ် (၃၄၄) တပ်ရင်းမှ ရှေ့တန်းစစ်ကြောင်း တာဝန်ဖြင့် ရောက်ရှိမည်ဖြစ်ကြောင်း ဆိုသည်။

စစ်အုပ်စုအဖွဲ့အတွင်း စစ်တပ်မှ လက်နက်မဲ့ တိမ်းရှောင်သူများအား (၂၁)ရက်အတွင်း တပ်သို့ပြန်လာလျှင် အပြစ်ဒဏ်ကိုလျော့ပြီး၊ သတ်မှတ်ထားသည့် (၂၁)ရက်ကျော်လွန်သွားလျှင် တပ်ပြေးအဖြစ်ကြေညာကာ ပိုမိုကြီးပြစ်ဒဏ်များကို ချမှတ်လေ့ရှိသည်။

သို့သော်လည်း ရှေ့တန်းနယ်မြေမှ တိမ်းရှောင်သူများနှင့် နောက်တန်းမှတိမ်းရှောင်သူများအကြား အခြေအနေအရ ပြစ်ဒဏ်တူညီမှု မရှိကြောင်းနှင့် လက်နက်ယူ၍ ထွက်ပြေးသူများအား လိုက်လံရှာဖွေပစ်သတ်လေ့ရှိကြောင်းနှင့် ဖမ်းဆီးမိပါက စစ်ခုံရုံးတင်၍ ကြီးလေး သော ပြစ်ဒဏ်များကို ချမှတ်လေ့ရှိကြောင်း စုံစမ်းသိရှိရသည်။

ပလက်ဝမြို့နယ်တွင် ရှေ့တန်းတာဝန်ကို ထမ်းဆောင်နေသော အဆိုပါစစ်ကြောင်းမှာ ၄ လကျော်ရှိပြီဖြစ်ကြောင်းနှင့် တပ်မှတိမ်းရှောင် သူများမှာ တသ ကျော်ကျော်နှင့် အမည်မသိတသတဦးဖြစ်ကာ အကယ်၍ ဖမ်းဆီးမိပါက အလုပ်ကြမ်းနှင့် စစ်ထောင်အပြစ် အနည်းဆုံး (၆)လကျခံကြရမည်ဖြစ်ကြောင်း စစ်တပ်သတင်းရပ်ကွက်များက ဆိုသည်။

စစ်အုပ်စုတပ်အတွင်း လက်နက်မဲ့ စစ်တပ်မှထွက်ပြေးတိမ်ရှောင်သူများအား လိုက်လံရှာဖွေ အရေးတယူ ဂရုစိုက်မှုနည်းသော်လည်း လက်နက်ဖြင့် ထွက်ပြေးလျှင် အပူတပြင်းလိုက်လံရှာဖွေပြီး သတ်မှတ်ထားသည့် ဥပဒေများထက် ပိုမိုပြီးအရေးယူ အပြစ်ပေးလေ့ ရှိသည်။

လွန်ခဲ့သော အပတ်က ပလက်ဝမြို့နယ် အခြေစိုက် ခလရ (၂၈၉)မှ တပ်သား (၂)ဦးထွက်ပြေးခြင်းနှင့် ပတ်သက်၍ တပ်ရင်းမှူး ဗိုလ်မှူး အောင်သူထွန်းနှင့် ဗိုလ်ကြီး ကျော်ဇော်ဟိန်း တို့အား ကျောက်တော်မြို့အခြေစိုက် စစ်ဗျူဟာမှ အရေးယူရန် အမိန့်ပေးထားကြောင်း သတင်းရရှိသည်။

ခလရ (၂၈၉)မှ ထွက်ပြေးသည့် တပ်သား (၂)ဦး၏ အတင်းအဓမ္မ ရမ်းကားခဲ့မှု လက်ချက်များကြောင့် ခမီးအမျိုးသား တဦးသေဆုံးခဲ့ပြီး၊ အနည်းဆုံး ခမီးအမျိုးသမီးငယ်များနှင့် အမျိုးသား ၆ ဦးတို့မှာ ဒဏ်ရာများရရှိခဲ့ကြသည်။

Tuesday, April 26, 2011

ငွေကြေးအတွက် ပစ်မှတ်ဖြစ်လာသော ဒုက္ခသည်

စာရေးသူ – လင်းအာရုဏ်

undefinedမြန်မာနိုင်ငံရဲ့ မပြီးဆုံးသေးတဲ့ ပြည်တွင်းစစ်မီးနဲ့ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေမှုတို့ကြောင့် နည်းမျိုးစုံနဲ့ အိမ်နီးချင်း နိုင်ငံတွေကို ရောက်ရှိလာကြတဲ့ မြန်မာ ဒုက္ခသည်တွေရဲ့ အနာဂတ် ဟာ နေဝင်ချိန်ကို ရောက်ရှိနေပါပြီ။

ပြည်တွင်းအစိုးရနဲ့ ပြည်ပအတိုက်အခံတွေကြား အခြေအနေ ပျက်ခဲ့ရတဲ့ မြန်မာဒုက္ခသည်တွေဟာ သူတို့ရဲ့ ဘဝ ကိုယ်စီကို အသစ် တဖန် ပြန်လည် တည်ဆောက်နိုင်ရေးတွက် ကုလသမဂ္ဂ ဒုက္ခသည် များ ဆိုင်ရာ မဟာမင်းကြီး ရုံး (UNHCR) တခုတည်းကိုပဲ အားကိုးမှီခို နေခဲ့ရတာပါ။

ဒီလိုယုံကြည်အားထားနေရတဲ့ UNHCR ရဲ့ မြန်မာဒုက္ခသည်တွေအပေါ် စာနာကူညီလိုစိတ်ဟာ ဝိသမလောဘသား မြန်မာတချို့ကြောင့် အခွင့်အရေးတွေ ဆုံးရှုံးလုမတတ် ဖြစ်နေပြီးတော့ ဒုက္ခသည်တွေရဲ့ အနာဂတ် ဘဝသစ် တည်ဆောက်ရေး မျှော်လင့်ချက်တွေဟာလည်းပဲ မကြာခင်မှာ အိပ်မက်တခုလို ပျောက်ကွယ်သွား ရပါတော့မယ်။

ကြမ်းတမ်းလှတဲ့ လမ်းခရီးတွေကို အသက်စွန့်ပြီး နယ်စပ်အသီးသီးကို ကျော်ဖြတ်လာခဲ့ကြတဲ့ မြန်မာဒုက္ခသည် တွေဟာ ဒေသခံ အစိုးရရဲ့ အိမ်ပြန်ဖို့ ဖိအားပေးသံကို ရင်တမမနဲ့ စောင့်နေကြရပါပြီ။ ဘဝတစ်ခု အသစ်ကနေ ပြန်လည် တည်ဆောက်ဖို့ ကြိုးစားနေကြတဲ့ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ဖို့ ဆိုပြီး ရည်ရွယ်ဖွဲ့စည်းထားကြတဲ့ ဒုက္ခသည်ကိုယ်စားပြု ရုံးတွေရဲ့ ရည်ရွယ်ချက်ဟာ ဖွဲ့စည်းခဲ့စဉ်ကနဲ့ မတူတော့ဘဲ ငွေကြေးကို အခြေခံ ဝိသမလောဘတွေ တက်လာတာကို တွေ့လာရပါတယ်။

ဒုက္ခသည်အချင်းချင်း ကူညီရိုင်းပင်းရမယ့် အနေအထားကနေ နည်းမျိုးစုံနဲ့ ရောက်ရှိလာကြတဲ့ ဒုက္ခသည်တွေကို အသုံးချပြီး ကိုယ်ကျိုးရှာ ကြီးပွားမှုကိုသာ ရှေးရှုလာကြပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြဌာန်းထားတဲ့ စည်းကမ်းချက်တွေထဲမှာ တတိယနိုင်ငံ ထွက်ခွာဖို့နဲ့ ဘဝတခု ပြန်လည်နေရာချထားရေး စ၊ လယ်၊ ဆုံး ဆောင်ရွက်ချက်ဟာ အခမဲ့သာ ဖြစ်ပါတယ်။ ဒီဘောင်စည်းမျဉ်းကို ကျော်လွန်ပြီးတော့ ဒုက္ခသည် ကိုယ်စားပြုရုံးတွေဟာ UNHCR Registration တွက် ဒုက္ခသည် တစ်ဦးဆီကနေ မလေးရင်းဂစ်ငွေ ၅၀၀ ကနေ ၁၀၀၀ အထိ တောင်းယူနေကြတာကို တွေ့ရပါတယ်။

မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ မြန်မာဒုက္ခသည်တွေရဲ့ ဘဝလုံခြုံမှုကို ရရှိစေမည့် တစ်ခုတည်းသော UNHCR ရဲ့ အထောက်အထား ရဖို့အတွက် သူတို့အနေနဲ့ ပေးနေရတာပါ။ ဒါကို သိသိလျက်နဲ့ စီးပွားရေး ဆန်ဆန် ပြုလုပ်နေကြတာဟာ ဒုက္ခသည်အချင်းချင်း ကူညီရိုင်းပင်းနေတာ မဟုတ်ဘဲ ရက်စက်နေတာလို့ ပြောရင် လွန်မယ် မထင်ပါဘူး။

အဲဒီလို ရရှိလာခဲ့တဲ့ သောင်းပေါင်းများစွာသော ရင်းဂစ် ငွေကြေးတွေဟာ မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ ဒုက္ခသည် မြန်မာတွေရဲ့ ငွေကြေးသာ ဖြစ်ပြီးတော့ သူတို့အနေနဲ့ ထိန်းသိမ်းပေးခြင်းသာ ဖြစ်တယ်လို့ ယုံတမ်း စကားကို ပိပိရိရိ ပြောဆိုနေကြပါတယ်။ တကယ်တမ်း မလေးရှားနိုင်ငံမှာ ထောင်၊ ကမ့် တွေထဲမှာ ထိန်းသိမ်းခံ နေရတဲ့ ဒုက္ခသည် မြန်မာတွေကို ဘာတခုမျှ ကူညီထောက်ပံ့ပေးမှု မရှိကြပါဘူး။

ဒါပေမယ့်လည်း တောမီးလောင် သားကောင်ချနင်း ဆိုသလိုမျိုး အဖြစ်ပျက်တွေက ဒုက္ခသည်တွေအဖို့ ရင်နာ စရာ ကောင်းလွန်းပါတယ်။

ဒီကြားထဲမှာ UNHCR ရဲ့ မြန်မာဒုက္ခသည်တွေအပေါ် ထားရှိတဲ့ စေတနာမေတ္တာကို ခမ်းစေတဲ့ လုပ်ရပ်တွေကိုလည်းပဲ မြန်မာဒုက္ခသည်တွေကပဲ ဆက်တိုက်လုပ်ဆောင်လာကြတာကို တွေ့ရှိရပါတယ်။ တတိယနိုင်ငံထွက်ခွာဖို့ စောင့်ဆိုင်းနေကြတဲ့ ဒုက္ခသည်တွေထဲက တချို့ဟာ UNHCR ရဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ကဒ်ပြားတွေကို အတုထုတ်လုပ်ပြီး တစ်ကဒ်ကို မလေးရင်းဂစ် ၂၀၀ နဲ့ ၃၀၀ ကြား ရောင်းချနေကြသလို ဘယ်နိုင်ငံကမှ ခွင့်မပြုတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွေကို ကျူးလွန် နေကြပါတယ်။

နည်းမျိုးစုံနဲ့ မလေးရှားကို နေ့စဉ်လိုလို ဝင်ရောက်လာကြတဲ့ မြန်မာဒုက္ခသည် အရေအတွက်ဟာ တစ်နေ့ကို ပျမ်းမျှ ၄၀ ဦးရေ မှာ ရှိနေပါတယ်။ ဒီလို များပြားလှတဲ့ ဒုက္ခသည်တွေကို အလုပ်အကိုင်၊ အဖမ်းအဆီး၊ ကျန်းမာရေးနဲ့ ယာယီ တည်းခိုနေထိုင်ခွင့် စတာတွေကို မဖြေရှင်းပေးကြပဲ Community Card အရေတွက် ပြည့်မီရေးကိုသာ ဦးစားပေး လုပ်ဆောင်နေပြီးတော့ UNHCR ရဲ့ နောက်တစ်ကြိမ်ပေးမယ့် Registration ကိုသာ ဇွဲရှိရှိနဲ့ စောင့်ဆိုင်းနေကြပါတယ်။

ဒီလို လုပ်ရပ်တွေကြောင့်လည်းပဲ မလေးရှား အစိုးရ အပါအဝင် UNHCR ကလည်းပဲ စိတ်ပျက်လာ ပါတယ်။

ခုတစ်ကြိမ်မှာတော့ UNHCR ရဲ့ ဒုက္ခသည်တွေအပေါ် ကိုင်တွယ်လာပုံက စေ့စပ်လွန်းပါတယ်။ မလေးရှား အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး UNHCR အရာရှိကြီးတွေကိုယ်တိုင် ဒုက္ခသည် အစစ်မှန်နဲ့ တရားမဝင် နေထိုင်သူတွေကို ခွဲခြားနိုင်ဖို့ လိုက်ပါ ကူညီပေးနေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ ရက်သတ္တပတ်တွေက စပြီးတော့ မလေးရှားနိုင်ငံ ဒေသအသီးသီးကို အထူးစီမံချက်တွေနဲ့ ဝင်ရောက် စစ်ဆေးခဲ့ရာမှာ ဒုက္ခသည် အစစ်အမှန်တွေကို လွတ်ပေးစေခဲ့ပြီး ယူအန်ကဒ် အတု ကိုင်ဆောင်သူတွေကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

ယူအန် ကဒ် အတု လုပ်တဲ့သူတွေကိုလည်း ရှာဖွေဖမ်းဆီးနေတယ်လို့လည်း ကြားရပါတယ်။

ဒါပေမယ့်လည်း အတောမသတ်နိုင်သေးတဲ့ ဒုက္ခသည်တချို့ရဲ့ ဝိသမ လိုအင်ဆန္ဒ လောဘကို အဆုံးသတ်နိုင်ဖို့ ဆိုတာကတော့ သိပ်ပြီးတော့ မလွယ်ကူသေးပါဘူး။

Monday, April 25, 2011

မြန်မာနိုင်ငံတွင် နေထိုင်ကြသော ဘင်္ဂလီလူမျိုး ၆၁ ဦး ဘင်္ဂလာတွင် ဖမ်းဆီးခံရ၊ ၄၅ ဦးချက်ခြင်းပြန်ပို့

ဂစ္ဆပသတင်းဌာန
ဧပြီလ (၂၆) ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

မြန်မာနိုင်ငံတွင် နေထိုင်ကြသော ဘင်္ဂလီလူမျိုး ၆၁ ဦး ဘင်္ဂလာတွင် ဖမ်းဆီးခံရ၊ ၄၅ ဦးချက်ခြင်းပြန်ပို့

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အာဏာပိုင်များက မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော ဘင်္ဂလီလူမျိုး ၆၁ ဦးကို တရားမ၀င်ခိုးဝင်မှုနှင့် တရားမ၀င် နိုင်ငံကူးလက်မှတ် (ပါ့စ်ပို့) ကိုင်ဆောင်မှုတို့ဖြင့် ဒက္ကားမြို့နယ်နှင့် ကော့စ်ဘဇားခရိုင်တို့မှ လွန်ခဲ့သည့် စနေနေ့က ဖမ်းဆီးပြီး ၄၅ ဦးကို ချက်ခြင်းပြန်လည်ပို့လိုက်ကြောင်း သတင်းရရှိသည်။





ဖမ်းဆီးခံမြန်မာဘင်္ဂလီများအနက် ၄၅ ဦးမှာ ကော့စ်ဘဇားခရိုင် နီလာမြို့နယ် ၀ါးခွတ်ချောင်းနယ်မြေမှ ဖမ်းဆီးခံကြရခြင်းဖြစ်ကြောင်းနှင့် ၁၆ ဦးမှာ ဒက္ကားမြို့နယ် ဖိုကီရာပူရ်ဒေသမှ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု သက်ဆိုင်ရာမှ ထုတ်ဖေါ်ပြောသည်။ ဒက္ကားမြို့နယ်မှ တရားမ၀င် ကိုင်ဆောင်ထားသော ပါ့စ်ပို့အတုဖြင့် ဖမ်းဆီးရမိသူများအတွင်း ဘင်္ဂလာဒေ့ခ်ျ နိုင်ငံသား ၂ ဦး ပါဝင်ကြောင်းဆိုသည်။

ဒက္ကားမြို့နယ်တွင် ဖမ်းဆီးခံရသည့် မြန်မာဘင်္ဂလီများမှာ အာဘ်ဒူလ် ရော်ရ်မင်းန် (၂၂)၊ အာဘ်ဒူလ္လာ (၃၁)၊ မိုဟာမတ် ဆာကေဒ် (၂၀)၊ အာနိဆူရ် ရော်ဟာမင်းန် (၂၀)၊ ကေဖာယာ အူလ္လာ (၂၀)၊ မိုမဟာတ် အာနိုယာ (၁၈)၊ ဇာဟေ ဟိုဆေန် (၃၇)၊ အာဘ်ဒူလ် မိုတာလေ (၃၅)၊ တွေယော နရု (၂၀)၊ မရု မိုဟာမတ်ဒ် (၃၈)၊ အာရာဖာတ်(၁၈)၊ အာဘူလ် မီယာ (၁၈)၊ အာနိုယာ ဟိုဆန် (၂၄)နှင့် နူရ် မိုဟာမတ်ဒ် (၂၀)နှစ်တို့ဖြစ်ကြောင်းနှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား မိုဟာမတ် ယူနိုစ် (၄၁)နှစ်နှင့် နရုဟော(က်) (၅၂)နှစ်တို့ဖြစ်ကြောင်း ယနေ့ဧပြီလ (၂၅)ရက်နေ့ ဒေသထုတ် DAINIK COX’S BAZAR သတင်းစာမှ ဖေါ်ပြသည်။

ဒက္ကားမြို့နယ် ဖိုကီရာပူရ်(တောင်ဘက်) ဒုတိယ ကော်မရှင်နာ အကြီးအကဲဖြစ်သူ မိုဟာမတ် မော်နီရုလ် အီစ်လာမ်မှ မြန်မာနိုင်ငံသား များ အနေဖြင့် တရားမ၀င်ကျူးကျော်လာပြီး နိုင်ငံကူးလက်မှတ်အတုများကိုင်ဆောင်ကာ နိုင်ငံတကာသို့ အလုပ်လုပ်ရန် ယခုကဲ့သို့ ထွက်သွားခဲ့ကြသူများ အများအပြား ရှိနေကြောင်းနှင့် ဖမ်းဆီးရမိသူများကို အသေးစိပ် စစ်ဆေးမေးမြန်းသွားမည်ဖြစ်ကြောင်းနှင့် တရား ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု သတင်းစာတွင် ဖေါ်ပြထားသည်။

ကော့စ်ဘဇားခရိုင် နီလာမြို့နယ် ၀ါးခွတ်ချောင်းဒေသမှ ဖမ်းဆီးရမိသူများမှာ တာခ်နာမြို့နယ် အခြေစိုက် အမှတ် BGB(၄၂)တပ်ရင်းမှ ၀ါးခွတ်ချောင်းဒေသတွင် တာဝန်ကျနေသူများက တနင်္ဂနွေနေ့ ညဥ့် ၂ နာရီနှင့် နေ့လည် ၁၂ နာရီတို့တွင် ပြန်လည်ပြီး မြန်မာနိုင်ငံသို့ အတင်းအဓမ္မ ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

လွန်ခဲ့သည့်အပတ်က မြန်မာနိုင်ငံမှ ဘင်္ဂလာသို့ တရားမ၀င် ကျူးကျော်လာသည်ဟု သင်္ခါမကင်းခံရသူ မြန်မာဘင်္ဂလီ အမည်ရှိ ၁၃၆ ဦးကို ဖမ်းဆီးခြင်းမရှိဘဲ ပြန်လည်ပြီးပို့ဆောင်ခဲ့ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒေသထုတ် သတင်းစာများအနေဖြင့် မြန်မာမှ ဘင်္ဂလာသို့ တရားမ၀င် ကျူးကျော်ဝင်ရောက်မှု အများအပြား ရှိကြောင်းနှင့် ထိုကဲ့သို့ တရားမ၀င် ကျူးကျော်သူများအား မသင်္ခါ၍ ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီးချုပ်ထားသူပေါင်း ဘင်္ဂလာထောင်အတွင်း ၆၀၀ နီးပါးအထိရှိနေကြောင်း မကြာခဏ ဖေါ်ပြလေ့ရှိသည်။

ဘင်္ဂလာအာဏာပိုင်များမှ မြန်မာဘင်္ဂလီများကို မကြာခဏ ဖမ်းဆီးရမိပြီး မြန်မာနိုင်ငံ အနောက်ဘက်ရှိ ရခိုင်ပြည်သို့ ပြန်လည်ကာ အတင်းအဓမ္မ ပို့ဆောင်ခဲ့မှုများမှာ ပို့ဆောင်ခံရသူများအနေဖြင့် မည်သည့်နိုင်ငံသားများ အစစ်အမှန်ဖြစ်ကြောင်း ဒေသထုတ်သတင်းစာ များက အသေးစိပ်ဖေါ်ပြမှု မရှိသကဲ့သို့ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင်ရှိ မြန်မာဒုက္ခသည် စခန်းသုံးခုတွင်လည်း မြန်မာစကား တခွန်းတစမှ မပြောတတ်သူများ အများအပြားရှိနေကြောင်း၊ အဆိုပါ စခန်းသုံးခုမှ တတိယနိုင်ငံသို့ ထွက်ခွာသွားခဲ့သူများမှာ များသော အားဖြင့် မြန်မာ-ရခိုင်စကား မပြောတတ်သူများ အများအပြား ပါဝင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဘင်္ဂလာအတွင်း ဘင်္ဂလီလူမျိုးများမှာ အိုးမဲ့အိမ်မဲ့၊ အလုပ်လက်မဲ့ ပြန့်ကြဲနေထိုင်သူပေါင်း အများအပြားရှိနေကြောင်း သိရှိရသည်။ နိုင်ငံတကာသတင်းများအရ ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် အဆမတန် လူဦးရေ ပေါက်ကွဲမှုမှာ လွန်ခဲ့သည့် ၁၀ ကျော်မှစတင်ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိမှုနှင့် စစ်၏အခြေခံသဘောတရားများ

ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိမှုနှင့် စစ်၏အခြေခံသဘောတရားများ



စစ်ရဲ့ အခြေခံသဘောတရားများ (principles of war) တွေဟာ အသုံးပြုသူတွေရဲ့ အရည်အချင်းပေါ် မူတည်ပြီး စစ်ပွဲတွေရဲ့ အရှုံးအနိုင်ကို ဆုံးဖြတ်ပေးနိုင်တဲ့ rules of thumb တွေပဲ ဖြစ်ပါတယ်။ ဒီအခြေခံသဘောတရားတွေကို စစ်ပွဲတွေသာမက နိုင်ငံရေး၊ စီးပွားရေး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ကဏ္ဍတွေမှာပါ နည်းမျိုးစုံနဲ့ ဆန်းသစ်တီထွင်ပြီး အသုံးပြုလေ့ရှိကြပါတယ်။


ခေါင်းဆောင်တွေအနေနဲ့ ဘယ်အချိန်မှာ နောက်လိုက်တွေကို အမိန့်ပေးညွှန်ကြားပြီး၊ ဘယ်လိုအချိန်မှာ နောက်လိုက်တွေရဲ့ စွန့်ဦးလုပ်ဆောင်မှုကို ခွင့်ပြုပေးရမလဲ ဆိုတာကို ခွဲခြားသိမြင်တတ်ဖို့ လိုအပ်ပါတယ်။ ကွဲပြားခြားနားတဲ့ အမြင်တွေ၊ ဆန့်ကျင်ဘက်ဒွန်တွဲ တည်ရှိနေတဲ့ သဘောတရားတွေကို တသမတ်တည်း မထားပဲ၊ အခြေအနေရဲ့ တောင်းဆိုမှုနဲ့အညီ ဆုံးဖြတ်ချက်ချမှတ် အကောင်အထည် ဖော်နိုင်ခြင်းဟာ အောင်ပွဲရအောင် ဦးဆောင်နိုင်မယ့် ခေါင်းဆောင်တွေရဲ့ အရည်အချင်း တရပ်ပဲ ဖြစ်ပါတယ်။


ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိခြင်း (Paradoxical Reasoning)


လောကမှာ ဆန့်ကျင်ဘက်ဖြစ်ပေမယ့် ဒဂါင်္းပြားတစေ့ရဲ့ ခေါင်းနဲ့ ပန်းလို ဒွန်တွဲတည်ရှိနေတဲ့ အရာတွေ အများအပြား ရှိပါတယ်။ အကောင်းအဆိုး၊ သုခဒုက္ခ၊ အရှုံးအနိုင် စတာတွေဟာ ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိမှု (Paradoxical Reasoning) ရဲ့ အခြေခံတွေပါပဲ။ စစ်နဲ့ ပတ်သက်ပြီး ဆန့်ကျင်ဘက်ဒွန်တွဲ တည်ရှိနေတာကတော့ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ စစ်ပွဲမှာ အဆုံးသတ်ဆိုတာ မရှိပါဘူး။ စစ်ပွဲရဲ့ အဆုံးသတ်ပန်းတိုင်ဟာ ငြိမ်းချမ်းရေးပါပဲ။ နောက်ထပ်ထင်ရှားတဲ့ အဆိုအမိန့် တခုကတော့ "အကောင်းဆုံးခံစစ်ဟာ တိုက်စစ်ဖြစ်တယ်" ဆိုတဲ့ အယူအဆပါ။


ခေါင်းဆောင်တယောက်ဟာ ဒီလိုဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိနေတဲ့ သဘောတရားတွေကို နားလည်ပြီး၊ လိုက်လျောညီထွေတွေးခေါ်ခြင်း (adaptive thinking) ရှိဖို့ လိုအပ်ပါတယ်။ နောက်လိုက်တွေရဲ့ ထကြွလုံ့လရှိမှု၊ မိမိကိုယ်ကို ယုံကြည်မှု၊ ဦးဆောင်လိုစိတ် ထက်သန်မှုတွေကို အားပေးတဲ့ အနေနဲ့ စွန့်ဦးလုပ်ဆောင်မှု (Initiative) ကို ခွင့်ပြုပေးရင်း၊ တပြိုင်နက်တည်းမှာပဲ strategic big picture တခုလုံးကို ထိခိုက်စေတဲ့ ပြုမူဆောင်ရွက်မှုတွေ ပေါ်ထွက်လာခြင်း မရှိအောင် ကွပ်ကဲမှုနဲ့ ထိန်းကျောင်းမှု (Command and Control) ပြုလုပ်နိုင်ရပါမယ်။


ခုခံစစ်၊ တိုက်စစ်၊ တော်လှန်စစ်စတဲ့ စစ်ပွဲတွေအပါအ၀င် တဘက်ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ နိုင်ငံရေးစစ်မျက်နှာတွေ အားလုံးမှာ ကွပ်ကဲမှု တစုတစည်းတည်းရှိခြင်း (unity of command) ဟာ အောင်ပွဲရဲ့ သော့ချက်ပါပဲ။ ဘယ်လိုအခြေအနေနဲ့ အချိန်အခါတွေမှာ ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိနေတဲ့ Initiative နဲ့ Command and Control ကို ဦးစားပေးမလဲဆိုတာကို ခေါင်းဆောင်တွေက ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။


နောက်ထပ် အရေးကြီးတဲ့ ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိနေမှုကတော့ Internal Focus (မိမိအင်အား၊ စိတ်ဓာတ်ခိုင်မာမှု၊ ကျွမ်းကျင်မှု စသည်များ) နဲ့ External Focus (ရန်သူ့အင်အား၊ နိုင်ငံတကာနှင့် အန်ဂျီအိုအဖွဲ့များ၏ ဘက်လိုက်မှု အခြေအနေ၊ ရာသီဥတု၊ ပထ၀ီဝင်နိုင်ငံရေး စသည်များ) ဖြစ်ပါတယ်။ ဒီအခြေအနေ နှစ်မျိုးစလုံးကို အာရုံစိုက်ပြီး၊ မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။ စစ်ပွဲနဲ့ နိုင်ငံရေးထိပ်တိုက်ရင်ဆိုင်မှုတွေမှာ ခေါင်းဆောင်တွေရဲ့ အာရုံစိုက်မှုကို ကြည့်ပြီး အရှုံးအနိုင်ကို တွက်ချက်လို့ ရပါတယ်။ External Focus ကိုပဲ အာရုံစိုက်တဲ့ဘက်က မလွဲမသွေ ရှုံးပါလိမ့်မယ်။


coup d'oeil


လိုက်လျောညီထွေရှိမှုနဲ့ ကွပ်ကဲထိန်းကျောင်းမှုတွေကို တန်ဖိုးထားရင်း အခြေအနေတွေကို အတွင်းမှ အပြင်သို့ကြည့်ခြင်း၊ အပြင်မှ အတွင်းသို့ ကြည့်ခြင်းတွေ တပြိုင်နက်တည်း ပြုလုပ်ခြင်းကို စစ်ပညာရှင် ကလော့ဝစ်က coup d'oeil လို့ ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ coup d'oeil နဲ့ ဆက်နွယ်တဲ့ အကြောင်းအရာ လေးမျိုး ရှိပါတယ်။ ပထမတမျိုးက human implications တွေနဲ့ သက်ဆိုင်ပါတယ်။ တူညီတဲ့ ယုံကြည်ချက်၊ ခံယူချက်၊ တန်ဖိုးထားမှု၊ စိတ်ဓာတ်ခိုင်မာမှုနဲ့ အပြန်အလှန်ယုံကြည်မှုတွေရှိတဲ့ အဖွဲ့အစည်းယဉ်ကျေးမှု ရှိလာစေဖို့ ခေါင်းဆောင်တွေက လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။


ဒုတိယတမျိုးကတော့ လေ့လာသင်ယူမှု (learning implications) နဲ့ သက်ဆိုင်ပါတယ်။ တင်းမာတဲ့ အခြေအနေတခုမှာ အရှုံးအနိုင် ခေါင်းဆောင်ကဘယ်လောက်သိတယ်၊ ဘယ်လောက်တော်တယ် ဆိုတာနဲ့ မဆုံးဖြတ်နိုင်ပါဘူး။ ခေါင်းဆောင်နဲ့ သူ့အဖွဲ့အစည်းရဲ့ မြန်မြန်ဆန်ဆန် တွေးခေါ် ဆုံးဖြတ်ချက်ချမှတ် ဆောင်ရွက်တတ်မှုပေါ်မှာ မူတည်ပါတယ်။ နောက်လိုက်တွေရဲ့ စဉ်ဆက်မပြတ် လေ့လာဆည်းပူးမှု၊ လုပ်ရည်ကိုင်ရည်ရှိမှု၊ ကျွမ်းကျင်မှု၊ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုတွေကို ခေါင်းဆောင်က အကဲဖြတ်ဆန်းစစ်နေဖို့ လိုအပ်ပါတယ်။


တတိယအချက်ကတော့ စီမံချက်ချမှတ်ခြင်း (Planning implications) နဲ့ သက်ဆိုင်ပါတယ်။ အောင်ပွဲကို ဦးတည်စေတဲ့ စီမံချက်တွေ ချမှတ်နိုင်ဖို့ တိကျတဲ့ ဆန်းစစ်ချက်တွေ ပြုလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ မဟာဗျူဟာ၊ နည်းဗျူဟာတွေရဲ့ ပြင်ပ၀န်းကျင်အပေါ် သက်ရောက်နိုင်တဲ့ အကျိုးဆက်တွေကို လေ့လာသုံးသပ်ပြီး၊ အောင်ပွဲရစေနိုင်မယ့် လှုပ်ရှားမှုတွေဖြစ်လာအောင် စီမံချက်တွေနဲ့ ထိန်းကွပ်ရပါတယ်။


နောက်ဆုံးအချက်ကတော့ structural implications တွေပဲ ဖြစ်ပါတယ်။ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ အခြေခံသဘောတရား စတာတွေကို တိတိကျကျ စေ့စပ်သေချာစွာ သိရှိဖို့ လိုပါတယ်။ တိုက်စစ်၊ ခံစစ်မှာ တိကျစွာ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ လုပ်ထုံးလုပ်နည်းတွေ ရောထွေးပြီး institutional inertia ကို မဖော်ထုတ်နိုင်ရင် အောင်မြင်ဖို့ မလွယ်ပါဘူး။ ဒီ coup d'oeil ဆိုင်ရာ အချက်တွေကို စွန့်ဦးတီထွင် လုပ်ဆောင်စေမှု၊ ကွပ်ကဲထိန်းချုပ်မှု၊ ပြင်ပအာရုံထားမှု၊ အတွင်းအာရုံစိုက်မှု စတဲ့ ဆန့်ကျင်ဘက်ဒွန်တွဲ တည်ရှိနေမှုတွေအကြားမှာ အခြေအနေ၊ အချိန်အခါနဲ့ အညီ ဆောင်ရွက်တတ်ဖို့ လိုအပ်လှပါတယ်။



စစ်၏ အခြေခံသဘောတရားများနှင့် ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိမှု


(က) တိုက်စစ်နှင့် ခံစစ် (Offensive-Defensive)


တိုက်စစ်က ရန်သူက ကိုယ်က ဦးအောင်တိုက်ခိုက်တာဖြစ်ပြီး၊ ခံစစ်က ရန်သူက ကိုယ့်ကို ကနဦးတိုက်ခိုက်လာတာကို ခုခံကာကွယ်စစ် ဖြစ်ပါတယ်။ သဘောတရားအရ ဆန့်ကျင်နေပေမယ့် အတူတကွ ဒွန်တွဲတည်ရှိနေပါတယ်။ ဘယ်စစ်က အောင်ပွဲရစေမယ်လို့ တရားသေ ယူဆချက် မပြုလုပ်နိုင်ပါဘူး။ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပါတယ်။ တိုက်စစ် ဆင်နွှဲရမယ့်အချိန်မှာ ခံစစ်ဆင်နွှဲမှုနဲ့ ခံစစ်ဆင်နွှဲရမယ့် အချိန်မှာ တိုက်စစ်ဆင်ရင်တော့ သေချာပေါက်ရှုံးပါတယ်။


ဒုတိယကမ္ဘာစစ်အတွင်းတုန်းက ဆိုဗီယက်တပ်တွေရဲ့ space-for-time ခံစစ်ဗျုဟာက တိုက်စစ် အော်ပရေးရှင်းတွေအတွက် အကောင်းဆုံး စစ်မြေပြင်ကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ၁၉၈၀ ကာလတွေမှာ အမေရိကန်ကျင့်သုံးခဲ့တဲ့ Strategic Defence Initiative က စစ်အေးတိုက်ပွဲကို အဆုံးသတ် စေခဲ့ပါတယ်။ အခြေအနေအရ ခံစစ်နဲ့ တိုက်စစ် နှစ်မျိုးစလုံးကို ပေါင်းစပ်တိုက်ပွဲဝင်ရတာလဲ ရှိပါတယ်။ နေတိုးအဖွဲ့ကြီးက ဒီလို ခံစစ်နဲ့ တိုက်စစ် နှစ်မျိုးပေါင်းစပ်ထားတဲ့ active defence လို့ ခေါ်တဲ့ strategic doctrine ကို ကျင့်သုံးခဲ့ပါတယ်။


(ခ) ရည်မှန်းချက်- ရုတ်ခြည်းဖြစ်ပေါ်မှု (Objective- Surprise)


ရည်မှန်းချက်ဆိုတာမှာ ကြိုတင်စီမံမှု ပါဝင်ပါတယ်။ ကြောင်းကျိုးဆက်နွယ်မှုကို ကြိုတင် သုံးသပ်ချက်တွေ ရှိပါတယ်။ ရုတ်ခြည်းဖြစ်ပေါ်မှုမှာကျတော့ ကြိုတင်စီမံသုံးသပ်ချက်တွေ မပါဝင်ပါဘူး။ မထင်မှတ်ထားတဲ့ အခြေအနေတွေဟာ မထင်မှတ်ထားတဲ့ အချိန်တွေမှာ ဖြစ်ပေါ်လာတတ်ပါတယ်။ စစ်မြေပြင်မှာတော့ ရန်သူမထင်မှတ်ထားတဲ့ အချိန်မှာ လက်ဦးမှုယူပြီး တိုက်ခိုက်တာကို surprise attack လို့ သုံးနှုန်းကြပါတယ်။ နိုင်ငံရေးကစားပွဲမှာ ၀ှက်ဖဲ အသုံးပြုပြီး surprise attack လုပ်ကြတာတွေလဲ ရှိပါတယ်။

တခါတရံမှာ စစ်ဆင်ရေးစီမံချက်ထဲမှာ တံတားကူးပြီး တဘက်ကမ်းရောက်ရင် အဲဒီတံတားကို ဖောက်ခွဲဖျက်ဆီးဖို့ ညွှန်ကြားချက်ပါပြီး၊ ပကတိမြေပြင်မှာ တံတားရှာလို့ မရတာတွေလဲ ရှိတတ်ပါတယ်။ အထူးသဖြင့် အခြားနိုင်ငံတွေကို ကျူးကျော်တိုက်ခိုက်ရတဲ့ စစ်ပွဲတွေမှာ ဒီလို အခြေအနေမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေကို တပ်မှူးတွေက unwanted surprise လို့ ခေါ်ဝေါ်သုံးနှုံးကြပါတယ်။


စစ်ဆင်ရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးထိပ်တိုက်ရင်ဆိုင်မှုတွေမှာပဲ ဖြစ်ဖြစ် စီမံချက်အတိုင်း လက်တွေ့မှ ဖြစ်ချင်မှ ဖြစ်လာမှာပါ။ ရည်မှန်းချက်ကို ပြည့်မှီချင်မှ မှီမှာပါ။ ရည်မှန်းချက်- ရုတ်ခြည်းဖြစ်ပေါ်မှု ဆန့်ကျင်ဘက်ဒွန်တွဲနေတာကို အကောင်းဆုံး တုန့်ပြန်နည်းကတော့ concurrent deductive reasoning ကို အခြေခံပြီး လက်ရှိရှိနေပြီးသား စီမံချက်ကို အကောင်အထည်ဖော်ခြင်းနဲ့ inductive reasoning ကို အခြေခံပြီး၊ ရုတ်ခြည်းဖြစ်ပေါ်လာမှုတွေကို အကောင်းဆုံး ရင်ဆိုင်နိုင်မယ့် နည်းလမ်းသစ်တွေကို ရှာဖွေခြင်းပဲ ဖြစ်ပါတယ်။


(ဂ) လှုပ်ရှားမှု- လုံခြုံရေး (Maneuver- Security)


ဒီအခြေခံသဘောတရား နှစ်ခုကလဲ ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိနေပါတယ်။ စခန်းထိုင်နေရင် လုံခြုံရေးအတွက် စိတ်ချရပေမယ့် တိုက်ကင်းလှည့်လည်စဉ်မှာ ရန်သူနဲ့ ထိတွေ့မှုဖြစ်ပြီး ကျဆုံးထိခိုက်မှုတွေ ရှိတတ်ပါတယ်။ သို့ပေမယ့် လုံခြုံရေးကို ပထမဦးစားပေးပြီး၊ လှုပ်ရှားမှု မရှိပြန်ရင်လဲ တိုက်ပွဲက ရေရှည်မှာ အီလာပြီး၊ တဘက်ရန်သူက ရင်ဆိုင်ထိန်းချုပ်မှု လုပ်လာမယ့် အန္တရာယ် ရှိတတ်ပါတယ်။


စစ်ရဲ့ သဘောသဘာဝအရ စခန်းသိမ်းပိုက်ခံရမှ ရှုံးတာ မဟုတ်ပါဘူး။ ရင်ဆိုင်ထိန်းချုပ်ပြီး containment လုပ်ခံထားရတာကလဲ ရှုံးတာပါပဲ။ လုံခြုံရေးကို အားစိုက်လွန်းရင် လှုပ်ရှားမှု အားနည်းပြီး၊ လှုပ်ရှားမှုကို အားစိုက်လွန်းရင် လုံခြုံရေးကို ထိခိုက်ပါတယ်။ သက်ဆိုင်ရာ strategic doctrine ပေါ်မှာ အခြေခံပြီး၊ ဦးစားပေးသင့်တဲ့ အရာကို ရွေးချယ်ဆုံးဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။


(ဃ) ရိုးရှင်းမှု - ရှုပ်ထွေးမှု (Simplicity- Complexity)


တချို့မဟာဗျူဟာ စဉ်းစားတွေးခေါ်ချက်တွေက ရှုပ်ထွေးပါတယ်။ ရှုပ်ထွေးနက်နဲတဲ့ အော်ပရေးရှင်းတွေလဲ အများအပြား ရှိနိုင်ပါတယ်။ ကမ္ဘာတ၀ှမ်းက command and staff college တွေမှာ သင်တန်းပို့ချသူတွေ ကြုံတွေ့လေ့ရှိတာက သင်တန်းသားတွေရဲ့ ရိုးရှင်းမှု၊ ရှုပ်ထွေးမှုတွေကို တုန့်ပြန်လက်ခံပုံ မတူညီမှုပဲ ဖြစ်ပါတယ်။ တချို့က တိုက်ခိုက်ရေးမှာ တော်ပေမယ့် တပ်ရေး၊ တပ်ထောက်အပိုင်းတွေမှာ အားနည်းတာလဲ ရှိပါတယ်။


အရေးကြီးတာကတော့ လူမှန်၊ နေရာမှန် ဖြစ်ဖို့ပါပဲ။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာစတဲ့ ကဏ္ဍတွေအားလုံးမှာ back office အတွက် သင့်တော်မယ့်သူတွေနဲ့ field work အတွက် သင့်တော်မယ့်သူတွေ သီးခြားစီ ရှိပါတယ်။ ခေါင်းဆောင်တွေက တာဝန်ခွဲဝေပေးတဲ့ အခါ မှန်မှန်ကန်ကန် အကဲဖြတ်တတ်ဖို့ လိုပါတယ်။ တခါတရံမှာလဲ ရိုးရှင်းစွာ အမိန့်အတိုင်း အကောင်အထည်ဖော်ရမယ့် field work ကိုမှ လူရာသွင်းမှုတွေကြောင့်၊ ရှုပ်ထွေးနက်နဲတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်မယ့် လူတွေက field work ထဲ လိုက်ဆင်းပြီး၊ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးရမှုတွေ ဖြစ်တတ်ပါတယ်။


ရိုးရှင်းမှု- ရှုပ်ထွေးမှုနဲ့ ပတ်သက်တဲ့ နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ ရှင်းလင်းပြတ်သားတဲ့ အမိန့်ဖြစ်ပါတယ်။ စစ်ဘုရင် နပိုလီယံရဲ့ adjutant technique လို့ လူသိများတဲ့ ရှင်းလင်းပြတ်သားသော အမိန့်ဟာ တိုက်ပွဲရဲ့ အရှုံးအနိုင်အတွက် အရေးကြီးပါတယ်။ စစ်မြေပြင် (သို့မဟုတ်) စစ်မြေပြင်သဏ္ဍာန် နိုင်ငံရေးအခင်းအကျင်း အခြေအနေတခုမှာ တိုက်ရင် ကောင်းမလားဆိုပြီး လူထုဆန္ဒခံယူပွဲ လုပ်နေလို့ မရပါဘူး။ တိုက်ချင်သူတိုက်ကြဆိုပြီး စွန့်ဦးလုပ်ဆောင်စေမှုလဲ လုပ်လို့ မရပါဘူး။


ကွပ်ကဲမှု တစုတစည်းတည်း (unity of command) ရှိရပါမယ်။ ခေါင်းဆောင်တွေက တက်မိန့်၊ ဆုတ်မိန့် ပေးရပါမယ်။ တိုက်ပွဲအီနေရင် ကျားထိုးတက်ရင်လဲတက်၊ အကျအဆုံး အနည်းဆုံးနဲ့ ဆုတ်ခွာမှုပြီး တိုက်စစ်အတွက် ပြန်လည်အားယူမှု လုပ်ရင်လဲ လုပ်ရပါမယ်။ ဒီလို ရှင်းလင်းပြတ်သားတဲ့ အမိန့်ကို မပေးပဲ၊ တိုက်ပွဲအီနေတာကို အချိန်ဆွဲထားရင် ဒုတိယအတွေး (second thought) တွေ ၀င်လာပြီး၊ မိမိတပ်တွေ ဖရိုဖရဲ ဖြစ်တတ်ပါတယ်။ ရှုပ်ထွေးနေတဲ့ အခြေအနေတွေကို ဆန့်ကျင်ဘက်ဖြစ်တဲ့ ရိုးရှင်းမှုနဲ့ ရင်ဆိုင်ဖြေရှင်းနည်းက အရေးပေါ်အခြေအနေမှာ သင့်လျော်ပါတယ်။


(င) Mission- People


စစ်ဆင်ရေးတွေမှာ မိမိဘက်က ထိခိုက်ကျဆုံးမှု အနည်းဆုံးနဲ့ ရည်မှန်းချက်တာဝန်ကို ပြည့်မှီအောင် ထမ်းဆောင်ဖို့ ညွှန်ကြားလေ့ရှိကြပါတယ်။ ဒီအချက်နှစ်ခုကလဲ ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိနေ ပါတယ်။ အထူးသဖြင့် သူသေကိုယ်သေ ရင်ဆိုင်ကြရတဲ့ အခြေအနေတွေမှာပါ။ ရည်မှန်းချက်တာဝန်ကို ပြည့်မှီဖို့ ရဲဘော်အချို့ရဲ့ အသက်တွေကို စတေးဖို့ လိုအပ်လာတာတွေ ရှိတတ်ပါတယ်။ စစ်မှာ ဒီအချက်ကို မလွဲမသွေ လက်ခံနိုင်ဖို့ လိုပါတယ်။


မိမိဘက်က ထိခိုက်ကျဆုံးမှု ဖြစ်နိုင်ချေကို risks မယူရဲရင် ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်လို့ မရပါ။ တဘက်နဲ့ တဘက် လက်နက်ကိုင်စွဲတဲ့ အခြေအနေမှာပဲ ဖြစ်ဖြစ်၊ လက်နက်ကိုင်စွဲထားတဲ့ ဘက်တဘက်ကို ရင်ဆိုင်ရတဲ့ အခြေအနေမှာပဲဖြစ်ဖြစ် ဒီကိစ္စဟာ ခေါင်းဆောင်တွေအတွက် အောင်ပွဲနဲ့ စတေးရမှုအကြားမှာ ချိန်ခွင်လျှာညှိရမယ့် အချက်ဖြစ်ပါတယ်။


နိဂုံး


နိဂုံးချုပ်ဆိုရရင် စစ်ရဲ့ အခြေခံသဘောတရားတွေဟာ တခုချင်း သီးခြားဖြစ်တည်နေတာတွေ မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိမှုတွေ အများအပြား ရှိပါတယ်။ စစ်ဘုရင် ကလော့ဝစ်က ကွဲပြားခြားနားတဲ့ အကြောင်းအရာနှစ်ခုကို ဆက်စပ်အသုံးပြုရတဲ့အခါ၊ ဒီအကြောင်းအရာနှစ်ခုမှာ ဘုံဆက်နွယ်မှု ရှိနေမယ်ဆိုရင် polarity ဟာ အကြောင်းအရာတွေဆီမှာ မဟုတ်ပဲ ဆက်နွယ်မှု ပေါ်မှာ မူတည်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါကြောင့် တခုနဲ့ တခု ဆက်နွယ်နေပြီး၊ အပြန်အလှန် တည်မှီနေသလို၊ဆန့်ကျင်ဘက်ဒွန်တွဲ ဖြစ်တည်မှုလဲရှိနေတဲ့ စစ်ရဲ့ အခြေခံ သဘောတရားတွေကို အခြေအနေ၊ အချိန်အခါနဲ့အညီ အသုံးပြုနိုင်သူတွေအနေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးတွေမှာ အောင်ပွဲရနိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။


ခင်မမမျိုး (၂၂၊ ၄၊ ၂၀၁၁)


ရည်ညွှန်းကိုးကား။ ။


Alger, J. (1982) The Quest for Victory: The History of the Principles of War, Westport, CN:

Greenwood Press


Howard, M. (1983) Clausewitz, Past Masters series, Oxford University Press


Howard, M. & Paret, P. (1976) Clausewitz: On War, Princeton University Press


Edward Luttwak (1987) Strategy: The Logic of War and Peace, Cambridge, MA: The Belknap Press of Harvard University Press

www.narinjara.com

လူထုနှင့် တွေ့ဆုံခွင့်ရရန် လွှတ်တော်အမတ်က ပြည်သူ့လွှတ်တော် ဥက္ကဌ ဆီစာရေး

4/25/2011
Adjust font size:

လူထုနှင့် တွေ့ဆုံ ရှင်းလင်းမည့် အစီအစဉ် တားမြစ် ခံရပြီးနောက် ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဖေသန်းသည် ပြည်သူများနှင့် တွေ့ဆုံခွင့် ရရန် အတွက် ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းထံ စာရေး အကြောင်းကြားထားသည်ဟု သတင်း ရရှိသည်။

ဦးဖေသန်းက စာရေး အကြောင်းကြားခဲ့ပုံကို ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်က လွှတ်တော် အမတ် တစ်ဦးအနေနဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းဆီကို ဒီလ ၂၂ ရက်နေ့က စာရေး အကြောင်းကြားခဲ့ပါတယ်။ မိတ္တူတွေကိုတော့ ပြည်နယ် ၀န်ကြီးချုပ်၊ ရွှေးကောက်ပွဲ ကော်မရှင်နဲ့ ကျွန်တော်တို့ရဲ့ ပါတီ ဥက္ကဌဆီကို ပေးပို့ခဲ့ပါတယ်။ စာထဲမှာ ရေးသား ထားကတော့ လွှတ်တော် အမတ်တစ်ဦး အနေနဲ့ ပြည်သူတွေနဲ့ ထိတွေ့ ဆက်ဆံဖို့လိုတယ်။ ဒါကြောင့် ပြည်သူတွေဆီသွားပြီး တွေ့ဆုံခွင့် ပြုပေးဖို့ စာရေးတင်ပြတာ ဖြစ်ပါတယ်။”

ယခုကဲ့သို့ စာရေးရခြင်းမှာ သူ၏ ပြည်သူများနှင့် တွေ့ဆုံမည့် ခရီးစဉ်ကို မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူးက တားမြစ်၍ ဖြစ်ကြောင်း သူက ပြောသည်။

“ ကျွန်တော်က ဒီလ ၁၀ ရက်နေ့က မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်ခိုင်ဝင်းကို သွားပြီးတော့ ကျွန်တော် နယ်ကို ဆင်းချင်တယ်ဆိုပီး သူ့ကို သွားအသိပေးပါတယ်။ သူက အထက်က ခွင့်ပြုချက် မရှိဘူး။ ခင်ဗျာ မဆင်းပါနဲ့ ဆိုပြီး တားပါတယ်။ ဒီတော့ ပြည်သူ့ လွှတ်တော် အမတ်တစ်ဦး အနေနဲ့ ပြည်သူတွေနဲ့ ထိတွေ့ပြီး ပြည်သူတွေရဲ့ အခြေအနေတွေကို မေးမြန်းဖို့လိုတယ်။ နောက်တစ်ကြိမ် လွှတ်တော်မှာ ပြည်သူတွေရဲ့ အခြေအနေတွေကို တင်ပြဖို့လိုတယ်။ ခုလို ဆိုရင် ကျွန်တော်တို့ အနေနဲ့ ပြည်သူတွေနဲ့ မတွေ့ရ၊ မဆွေးနွေးရဆိုတဲ့ အနေအထားမျိုးကို ရောက်နေတဲ့ သဘော ဖြစ်နေပါတယ်။”

ယခုကဲသို့ တားမြစ်ပြီးနောက် နောက်နောင် တွေ့ဆုံခွင့်ရရန် အထက်ကို တင်ပြပေးမလားဟု မေးသော အခါမှာလည်း မြို့နယ် အုပ်ချုပ်ရေးမှူက ခွင့်ပြုချက် ရရန်အတွက် အထက်ကို တင်ပြရန်မှာ သူ့တာဝန် မဟုတ်ကြောင်း ပြောဆိုသည်ဟု သူက ဆိုသည်။

“ ဒါဆိုရင် အထက်က ခွင့်ပြုချက်ရအောင် ကျွန်တော် ဘယ်နေ့ထိ စောင့်ရမလဲဆိုတော့ အဲဒါ သူမသိဘူးလို့ ပြောပါတယ်။ ဒါဆိုရင် နယ်တွေကို ဆင်းပြီး ပြည်သူတွေနဲ့ ထိတွေ့နိုင်ရေး အတွက် ခွင့်ပြုချက်ရအောင် စီစဉ်ပေးပါတော့ဆိုတော့လည်း ဒီတာဝန်က သူ့တာဝန် မဟုတ်ဘူးလို့ ဆိုပြန်ပါတယ်။ ခုလို အခြေအနေဆိုရင် ကျွန်တော်တို့ အနေနဲ့ပြည်သူတွေနဲ့ တွေ့ဆုံပီး ဆွေးနွေးဖို့ဆိုတာ ကြန့်ကြာနိုင်တယ် အနေအထားမှာ ရှိနေတဲ့ သဘောပါဘဲ” ဟု သူက ပြောသည်။

သူ့အနေနှင့် လက်ရှိ အခြေအနေတွင်ပြည်သူများနှင့် ထိတွေ့ရန် လိုနေကြောင်းကိုလည်း ယခုကဲ့သို့ ပြောသည်။ “ ကျွန်တော်တို့ မြေပုံမြို့နယ် ဆိုတာ မုန်တိုင်းဒဏ်ကို အကြီးအကျယ်ခံခဲ့တဲ့ နေရာ ဒေသ ဖြစ်တယ်။ အခုအချိန်ထိ ကျိုးသွားတဲ့ တာတမံတွေ အများစုကို ပြန်မဆည်ဖို့နိုင်သေးဘူး။ နည်းနည်းလေးဘဲ ပြန်ဆည်နိုင်သေးတယ်။ လူထုတွေ ဘာ ဖြစ်နေသလဲ၊ ဘယ်လို အခက်အခဲတွေ ရှိနေသလဲဆိုတာ လူထုတွေနဲ့ တွေ့ဆုံ မေးမြန်းဖို့ လိုတယ်။ နောက်တစ်ခုက နယ်တွေမှာ အကြီးအကျယ် မကျေမလည် ဖြစ်နေတာက ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အရင် ရယကဥက္ကဌတွေကို ပြန်ခန့်တဲ့ ကိစ္စ ဖြစ်တယ်။ စနစ် ပြောင်သွားပြီ၊ အစိုးရ ပြောင်းသွားပြီဆိုပီး လက်တွေ့မှာ ရယက အဟောင်းတွေကို ပြန်ခန့်တဲ့ အတွက် လူထု အတွင်းမှာ မကျေနပ်မူတွေ ကြီးထွားနေသလို ပြဿနာတွေလည်း တက်နေတယ်။ ကျွန်တော်က ပြည်သူတွေက တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနဲ့ လူထုတွေကြားထဲကို သွားပီး ဒီကိစ္စတွေကို ရှင်းပြဖို့၊ ပြေလည်အောင် ရှင်းလင်းပေးဖို့ တာဝန်ရှိတယ်။ ဒါကြောင့် နယ်တွေကို ဆင်းဖို့ အရေးတကြီး လိုအပ်နေတယ်” ဟု သူက ဆက်ပြောသည်။

မြို့နယ် အုပ်ချုပ်ရေးမှူး တားသော်လည်း ဧပြီလ ၃၁ ရက်နေ့ နောက်ပိုင်းတွင် နယ်များသို့ ဆင်းကို ဆင်းမည်ဖြစ်ကြောင်းနှင့် သူအနေဖြင့် နယ်ဆင်းပြီး လူထုနှင့် တွေ့ဆုံမည် အကြောင်းကို သူရေးသားပေးပို့သော စာထဲတွင် ရေးသားဖေါ်ပြထားကြောင်း သူက ပြောသည်။

စစ်တွေပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညိုမှလည်း လွှတ်တော် အမတ်များ အနေဖြင့် ပြည်သူများနှင့် တွေ့ဆုံပြီး လွှတ်တော်အတွေ့ အကြုံများကို ရှင်းလင်းခွင့် ရရှိရေး အတွက် သူတို့ ပါတီ အနေဖြင့် အထက် အာဏာပိုင် အဆင့်ဆင့်သို့ စာရေး တင်ပြထားကြောင်း ပြောဆိုသည်။

Sunday, April 24, 2011

ရခိုင် ဗုဒ္ဓပူဇနိနယယိမ်း ကုလသမဂ္ဂရုံးချုပ်တွင် တင်ဆက်ရန်ကြိုးစား

http://www.freerakhaing.blogspot.com
http://gissapa.blogspot.com

ရခိုင်ရိုးမ (နယူးဒေလီ)။ ။ လာဖို့ မေလ-၂၆-၅-၂၀၁၁ နိမှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ မှာ ဟိန့်ရေ ကုလသမဂ္ဂရုံးချုပ်မှာ ဗုဒ္ဒမြတ်စွာဘုရား သဗ္မညုတ ညဏ်တော် ရရေစွာကို အကြောင်းပြုပနာ ကုလသမဂ္ဂအဖွဲ့ဝင် ၁၅၁- နိုင်ငံပေါင်းက အခန်းအနားတရပ်ကို ကျင်းပဖို့  ဟိန့် ရေလို့  ကုလသမဂ္ဂကလာရေ သတင်းတိအရ သိရပါရေ။




ယင်းပိုင် အခန်းအနားပြုလုပ်ဖို့ စွာမှာ ဗုဒ္ဒပူဇနိယ ပူဇော်ပွဲအနိန်နန့် ရခိုင်လူမျိုးရို့ က ဓည၀တီနိုင်ငံမှာ စန္ဒသူရိယမင်းလက်ထက်က မြတ်စွာဘုရားသခင် ရောက်ဟိန့် လာပနာ မဟာမြတ်မုနိန်ဘုရားကို တည်ထားကိုးကွယ်ခရေအတွက် ပူဇေါ်ခရစွာကို အကြောင်းပြုပနာ ပူဇော်ရေအထိမ်းအမှတ်အဖြစ် တင်ပြကတ်ဖို့ စီစိုင်နိန်ကတ်ကြောင်း သိရပါရေ။

ဒေပိုင်စီစိုင်နိန်စွာမှာ ရန်ကုန်မှာဟိန့်ရေ အဆိုတော် သန်းမောင် ဦးစီးရေ လေးဝတီအဖွဲ့ နှင့် အမေရိကန်ရှိ ရခိုင်လူမျိုးတိက နိန်ပနာ အဆိုကျော်တိနန့်  ဗုဒ္ဒပူဇနိနယယိမ်းအဖွဲ့  ကရေကလေ့မေချေတိကို ပြောဆိုနိန်ပါကြောင်းသိရပါရေ။ ယေကေလဲသင့် ရခိုင်အဆိုတော်တိနန့်  ရခိုင်ရိုးရာ လေးဝတီယိမ်းအဖွဲ့ တိမှာ ပါ့စ်ပို့ဟိန့်ရေလူ နည်းစွာနန့်  တချို့မှာ ဖေ့သာအခက်အခဲတိ တွိနိန်ရရေလို့  စိတ်မကောင်းစွာ ကြားသိပါရေ။

အထူးသဖြင့် မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရို့မှာ ရခိုင်အဆိုကျော်တိက လားလို့ဖျော်ဖြေနိုင်ပြီးကေ သူရို့လားဗျာယ် ဖျော်ဖြေရေအတွက် ညဏ်ပူဇော်ခကိုလဲ ရကတ်ပါရေလို့  သိရပါရေ။

အမေရိကန်ကိုလာပြီးကေ ကိုယ်စရိတ်နန့်  ကိုယ်လာပနာ ကုလမသဂ္ဂရုံး ဌါနချုပ်မှာ အမျိုးဂုဏ်ကို ထုတ်ဖေါ်ဖို့  လာရေ ရခိုင်အဆိုတော်တိနိန့် ရိုးရာအဖွဲ့ မှာ အမေရိကက ရခိုင်လူမျိုးတိက စတိတ်ရှိုးပွဲလုပ်ကေပင် ကြည့်ဖို့  လာရောက်အားပီးကတ်ဖို့လားလို့  စိုးရိမ်မိနိန်ကတ်တေလို့  လည်းသိရပါရေ။

"ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၅၁-နိုင်ငံကိုယ်စားလှယ်တိရှိမှာ ဒေပိုင်ရာရခိုင်လူမျိုးရို့က ဗုဒ္ဒပူဇနိယပူဇော်ပွဲကို တင်ပြနိုင်ခဖို့ဆိုကေ ကမ္ဘာတခုလုံးက ရခိုင်နိုင်ငံနန့် ရခိုင်လူမျိုးတိအကြောင်းကို နိုင်ငံတိုင်းက တချိန်တည်းမှာ သိလားနိုင်ကတ်ဖို့  ဖြစ်တေအတွက် မဖြစ်မနီကြိုးစားသင့်ရေ"လို့လည်း အများဆန္ဒကိုကြားသိရပါရေ။


http://www.rakhaingroma.com/News/inter-news/04-2011/news-11-04-2011.html

GISSAPA NEWS AGENCY: ဓါတ်ပုံသတင်း

GISSAPA NEWS AGENCY: ဓါတ်ပုံသတင်း

ဓါတ်ပုံသတင်း

ဘုရားပွဲတော်မှာ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သိမ်တော်ဆောင်ကြီးများအပြင် တခြားလိုအပ်သည်များ အပြီးလုပ်ဆောင်ရန်အတွက် အလှူငွေများကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အစိုးရသို့ လျှောက်ထားကြောင်း၊ ယခင်အဟောင်းဘုန်းတော်ကြီး ကျောင်းမှာလည်း လုံးဝပြိုလဲသွားမည့်အခြေအနေ ဖြစ်နေကြောင်းနှင့် အသစ်ဆောက်လုပ်နေသော ဘုန်းတော်ကြီးကျောင်းအတွက် ရံပုံငွေများ လိုအပ်နေကြောင်း အရှင်ဘုရားမှ မိန်းကြားသည်။


ဆုံးဖြတ်ချက်

ဆုံးဖြတ်ချက်

ဇာပိုင်လေ့ ညှိလို့မရ
ဂီတာဖွဲ့စည်းပုံ မကောင်းလို့လား
ကြိုးပုံစံ စနစ်မကျ စံမမီလို့လား
ပုံမှန်သံဇဉ်မထွက်။

သည်းခံရေ စိတ်ရှည်ကေ့လေ့
ရည်ရွယ်ချက်နန့် လွှဲနီလို့
လမ်းချိုကို မနှစ်သက်ရေ
ငါ့ပင်ကိုယ် ဗီဇစိတ်က မနီသာဗျာလ်။

ပုံသေသို့ ရောက်ဖို့ မဖြစ်မှန်းကို
လည်ပတ်လျှက် သဘာဝက
ထင်ရာစိုင်းပြီး ပြန်နုတ်တေသံမိုပိုင်
အဖြေမရ ဒဏ်ရာတိနန့်။

အစမသေချာကေ့လေ့
လမ်းမှန်မှာ မယှိကေ့လေ့
လူ့အရင်းအမြစ်ရိုးမှန်ကို
တန်ဖိုးထားရေ အမျိုးကောင်းသားတိအတွက်
ထွက်သက်ရေ ဆုံးဖြတ်ချက်တဖြစ်
ရည်ရွယ်ချက် အဆုံးပါ…။

အောင်သန်း
ဧပြီလ (၂၄)ရက်၊ ၂၀၁၁။

ရခိုင်နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် (ဗိုလ်ကြီး) ကြာလှအောင်

ရခိုင်နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် (ဗိုလ်ကြီး) ကြာလှအောင်

• စည်းလုံးအားသစ် ပြည်ချစ်တော်လှန်
ဇာတိမာန်သတ္တိ တုမရှိခဲ့
ဗျတ္တိလည်းပြောင် ကြာလှအောင်။

• အင်္ဂလိပ်လက်အောက် ဒူးမထောက်ဘဲ
ဖဖေါက်သစ္စာ မရှာကိုယ်ကျိုး
အမျိုးဂုဏ်ဆောင် ကြာလှအောင်။

• သက်ချွေးရင်းလျက် ပြည်အတွက်မို့
လက်နက်ကိုင်စွဲ လုံးလဇွဲနှင့်
ရခိုင့်ခေါင်းဆောင် ကြာလှအောင်။

• အင်္ဂလိပ်သွေး သူခြေဆေးခဲ့
ပုသေးဂျပန် သူတော်လှန်၍
တန်ပြန်ထိုးစစ် သမိုင်းသစ်ဖြင့်
တခေတ်ထွန်းပြောင် ကြာလှအောင်။

• (ဗိုလ်ကြီး ကြာလှအောင်
ဦးဆောင်တိုက်ပေး တော်လှန်ရေးကြောင့်
အာဂမျိုးမွန် ကြည်တံခွန်ဟု
တိုင်းပြည်အလယ် ဂုဏ်တင့်တယ်ခဲ့။

•တိုင်းပြည်ကိုချစ် အားမာန်သစ်နှင့်
မျိုးချစ်ခေါင်းဆောင် ကြာလှအောင်
နောင်လာနောင်သား ပြည်ရခိုင်ဖွားတို့
စံထားသာဓက တုယူကြစို့။

• (ဗိုလ်ကြီး)ကြာလှအောင်
တိုင်းပြည်အတွက် သွေးနှင့်ရင်း၍
အသက်ကိုထက် ပြည်ကိုချစ်သူ။

• (ဗိုလ်ကြီး) ကြာလှအောင်
လူမျိုးအတွက် သွေးနှင့်ရင်း၍
အသက်ကိုထက် မျိုးကိုချစ်သူ။

• (ဗိုလ်ကြီး ကြာလှအောင်
သာသနာအတွက် သွေးနှင့်ရင်း၍
အသက်ကိုထက် တရားချစ်သူ။

သုမနစာရီ (မလှ)

Friday, April 22, 2011

စစ်သားနှစ်ဦးထွက်ပြေးရာ တဦးမှာ ထပ်မံပစ်သတ်ခံရပြီးပြီ

ဂစ္ဆပသတင်းဌာန
ဧပြီလ (၂၃)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

စစ်သားနှစ်ဦးထွက်ပြေးရာ တဦးမှာ ထပ်မံပစ်သတ်ခံရပြီးပြီ

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်မှ ထပ်မံ၍ စစ်သားနှစ်ဦး တပ်မှတိမ်းရှောင်ပြေးရာ လက်နက်နှင့်သူမှာ ထပ်မံကာ အသတ်ခံ လိုက်ရပြီး ကျန်တဦးမှာ ခြေရာကောက်အလိုက်ခံနေရကြောင်း သတင်းရရှိသည်။

အဆိုပါ ထွက်ပြေးသည့် တပ်သားနှစ်ဦးမှာ ရခိုင်ပြည်နယ် ပလက်ဝမြို့နယ် အခြေစိုက် တပ်ရင်းအမှတ် ခလရ(၂၈၉)မှဖြစ်သည်။ အသတ်ခံလိုက် ရသူမှာ တပ်မှဗိုလ်ကြီး ကျော်ဇော်ဟိန်း ပီစတိုသေနပ်အား ခိုးယူထွက်ပြေးသော တပ်သား ဇော်မင်းဦး ဖြစ်ကြောင်းနှင့် ခြေရာကောက် အလိုက်ခံနေရသူမှာ တပ်သား သန်းထွန်း သေနပ်မဲ့ တိမ်းရှောင်သော တပ်သားဖြစ်ကြောင်း စစ်တပ်သတင်းများတွင် ဖေါ်ပြချက်များအရ သိရှိရသည်။

အခုအခါ ပလက်ဝမြို့ အခြေစိုက် စစ်ဗျူဟာမှ ခလရ (၂၈၉)မှ တပ်ရင်းမှူး ဗိုလ်မှူး အောင်သူထွန်းနှင့် ဗိုလ်ကြီး ကျော်ဇော်ဟိန်း တို့အား ခေါ်ယူစစ်ဆေး မေးမြန်းနေကြောင်းနှင့် ခလရ (၂၈၉) တပ်ရင်းမှူးနှင့် ဗိုလ်ကြီးနေရာများတွင် အစားထိုးခန့်အပ်ထားကြောင်း သိရှိရသည်။ အဆိုပါ တပ်အတွင်း ရဲဘော်များမှာ တပ်ရင်းမှူးနှင့် ဗိုလ်ကြီးထံတွင် အတင်းအဓမ္မ ညှင်းပမ်းနှိပ်စက်မှုများ ခံခဲ့ကြရကြောင်း သိရှိရသည်။

အဆိုပါ စစ်သားနှစ်ဦးမှာ ဧပြီလ (၁၄)ရက်နေ့တွင် တပ်ခွဲမှူး သန်းထိုက်ထံခွင့်တောင်း၍ ငါးရှာထွက်ရာက တပ်မှတိမ်းရှောင်ခြင်းဖြစ် ကြောင်းနှင့် ဧပြီလ (၁၅)ရက်နေ့ တန်းစီသည့်အခါ တန်းမပြည့်သောကြောင့် ထွက်ပြေးသွားခြင်းကိုသိရ၍ ဗိုလ်ကြီး ကျော်ဇော်ဟိန်း အဖွဲ့ နောက်မှလိုက်လံရှာဖွေကာ ဧပြီလ (၁၇)ရက်နေ့တွင် ပစ်သတ်ခြင်းဖြစ်ပြီး ကျန်တယောက်မှာ လွတ်မြောက်နေခြင်းဖြစ်ကြောင်း စစ်တပ် သတင်းများက ဆိုသည်။

တိမ်းရှောင်ခဲ့ကြသော စစ်သားနှစ်ဦးမှာ ပလက်ဝမြို့နယ် ယောင်ဝ (ခမီး)ကျေးရွာမှ အဖ ဦးထင်ဇော်နှင့် အမိ ၀ှဲလုံးတို့၏သား အောင်ထွန်းလင်း (၁၅)နှစ်အား လမ်းပြအဖြစ် ဧပြီလ(၁၅)ရက်နေ့က ပေါ်တာဆွဲခေါ်သွားခဲ့ရာမှ ဗွီရုံးဝကျေးရွာအရောက်တွင် မလိုက် လို၍ သတ်ပစ်ခဲ့ကြောင်း၊ အဆိုပါ ဗွီရုံးဝကျေးရွာမှ လမ်းပြထပ်ခေါ်ရာ ကျေးရွာမှ တချို့ကို မလိုက်၍ဓါးဖြင့် ခုတ်လှီးထားခဲ့၍ ဒဏ်ရာများနှင့် ကျန်ရှိခဲ့ကြကြောင်းနှင့် တချို့ကို အတင်းအဓမ္မ ခေါ်ယူသွားရာလမ်းတွင် ထွက်ပြေးလွတ်မြောက်သွား၍ စစ်တပ်သို့ သတင်းပေးပို့ပြီး လမ်းပြခဲ့မှုကြောင့် ဆူးဘုတ်တောင်အနီး ပစ်ခတ်မှုများဖြစ်ပွားကြကာ တပ်သား ဇော်မင်းဦးမှာ ကျဉ်ဆံ ဦးခေါင်းတွင် တချက်နှင့် ရင်ဝတည့်တည့်တွင်တချက်ဖြင့် အမ်း-၁၆ ကျဉ်ဆံ ၂၀၀ နှင့်အတူ အသေဖမ်းဆီးရမိကြောင်းဖြစ်သည်ဟု အဆိုပါ တပ်ရင်းမှသတင်း ပေးပို့ချက်အရ သိရှိရသည်။

အဆိုပါ ခမီးကျေးရွာများမှ ပေါ်တာဆွဲ၊ အနှိပ်စက်ခံခဲ့ကြရသူများအတွင်း ခမီးအမျိုးသမီးငယ်များလည်း ပါဝင်ကြောင်း သတင်းရရှိသည်။

အဆိုပါ တပ်ရင်းမှ လွန်ခဲ့သောနှစ်များက ယခုကဲ့သို့ ရဲဘော်များထွက်ပြေးသောကြောင့် စစ်ဗျူဟာထံတွင် တပ်ရင်းမှူး အရေးယူ အပြစ်ပေးခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် အခြေစိုက် တပ်ရင်းများမှ ထွက်ပြေးသည့် တပ်သားများမှာ များသောအားဖြင့် စစ်တပ်ထံ ပစ်သတ်ခံကြရပြီး ယခုနှစ် အတွင်း အနည်းဆုံး စစ်သား ၆ ဦးထက်မနည်း အသတ်ခံကြရပြီးဖြစ်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးသတင်းများအရ ဧပြီ ၂၂ ရက်နေ့ကလည်း ထပ်မံကာ တပ်သားများ ထွက်ပြေးသွားကြောင်း အတည်မပြုရသေးသော သတင်းရပ်ကွက်တခုမှ ဖေါ်ပြသည်။

Thursday, April 21, 2011

နစက စစ်ကားမောင်းသူ စစ်သား သားတဦးကို ကားဖြင့်အသေတိုက်သတ်

ဂစ္ဆပသတင်းဌာန
ဧပြီလ (၂၂)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

နစက စစ်ကားမောင်းသူ စစ်သား သားတဦးကို ကားဖြင့်အသေတိုက်သတ်

မောင်တောမြို့နယ်တွင် နစကဌာနချုပ်မှ စစ်ကားမောင်းသူ တဦးမှာ စစ်သား သားတဦးကို ဧပြီလ (၁၄)ရက်နေ့က တိုက်မိ၍ ပွဲချင်းပြီး သေဆုံးသွားကြောင်း နစကသတင်းရပ်ကွက်မှ ပြောသည်။

မောင်တောမြို့နယ် ကျီးကန်းပြင် နစကဌာနချုပ်စခန်းမှ ကားမောင်းသူ ဒုတပ်ကြပ် မောင်ဝင်း (ကပနံပါတ် ၈၆၃၉၈၇)က တပ်ကြပ်ကြီး သောင်းမြင့် (ကပနံပါတ် ၅၉၇၃၆၈)၏ သားဖြစ်သူ မောင်သိန်းထိုက်စံအား တိုက်မိ၍ ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ကားတိုက်မှုမှာ မောင်တော-ကြိမ်ချောင်း အကြားရှိလမ်းတွင် တိုက်ခြင်းဖြစ်ပြီး ဦးနှောက်ဆီထွက်၍ ပွဲချင်းပြီးသေဆုံးခြင်း ဖြစ်သည်ဟု မောင်တောမြို့နယ် ဒေသခံများကလည်း အတည်ပြုပြောဆိုသည်။

နစက စစ်ကားအတိုက်ခံရသူမှာ မော်တော်ဆိုက္ကယ်ဖြင့် လာစဉ်အတိုက်ခံရခြင်းဖြစ်ကြောင်းနှင့် ဆိုက္ကယ်နောက်မှ လိုက်ပါလာသူ တဦးမှာလည်း ဒါဏ်ရာရရှိသွားကြောင်း စုံစမ်းသိရှိရသည်။

ယခုအခါ နစက ဌာနချုပ်စခန်းမှ ဒုတက မောင်ဝင်းအား စခန်းတွင် ဖမ်းချုပ်ထားပြီး၊ များမကြာမီ စစ်တွေမြို့သို့ စစ်တပ်တရားခုံရုံးတွင် ရုံးတင်စစ်ဆေးကာဖြင့် စစ်တပ်တရားဥပဒေအရ စီရင်ချက် ချမည်ဖြစ်ကြောင်း နစကသတင်းရပ်ကွက်တွင် ဖြစ်ပေါ်နေသည်။

သို့သော်လည်း စစ်တွေမြို့ အခြေစိုက် တချို့စစ်တပ် တပ်ဖွဲ့ဝင်များ အနေဖြင့် အဆိုပါ ကားတိုက်မှု ဖြစ်ပွားသည့် နှစ်ဦးနှစ်ဘက်အပေါ် ကိုယ်ချင်းစာနာ ထောက်ထားမှုအပြင် နှမျောတသမှု တစုံတရာမရှိကြောင်း လေ့လာစုံစမ်း သိရှိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ကပ်လျှက် အရှေ့ဖက်တွင် တည်ရှိသော နစကဌာနချုပ် ကျီးကန်ပြင်စခန်းမှာ အမာခံစခန်း တခုဖြစ်ပြီး စစ်တပ်၊ ရဲ၊ နစက၊ လူထိမ်းနှင့် တခြားတပ်ဖွဲ့ဝင်များ စုစုပေါင်းအခြေစိုက်နေထိုင်သည့် စခန်းတခုလည်းဖြစ်သည်။

Wednesday, April 20, 2011

တနှစ်တခါ ရက္ခိုင်သင်္ကြန်

တနှစ်တခါ ရက္ခိုင်သင်္ကြန်



နှစ်ဟောင်းကုန် နှစ်သစ်ကူးချိန်
ရက္ခိုင်မယ်၊ ရက္ခိုင်မောင်ရို့
ရက္ခိုင်အတာ သင်္ကြန်သို့
နွေရာသီကို အံ့တုလို့
ကမ္ဘာ့အနှံမှာ
ရိုးရာမပျက် ဆင်နွဲကတ်ရာဝယ်။

ဝိုင်းဖွဲ့စုဗျာလ်
စိန္တေဘုဘရားသို့
ဂယာဝီးအောင်
နံ့သာသွီးပွဲတိ
သက်ကြီးရွယ်အို၊ ဆရာသမားတိကို ပူဇော်ခြင်းတိ
သန့်စင်မှုများဖြင့် မင်္ဂလာယူစွာတိ
ဒါနပြုဘုရားရီသပ္ပါယ်စွာတိနန့်
ဆုမွန်ကောင်း တောင်းကတ်စွာတိ
ရက္ခိုင်ရိုးရာဓလေ့နှင့် အစိုင်အလာကို
ဖေါ်ကျူးကတ်စွာ ချစ်စရာပင်။

သင်္ကြန်ခါမှရာ အလယ်လာရေ
ပန်းပတောက်နှင့်အပြိုင်
ရောင်စုံသင်္ကြန် အဖူးအပွင့်ချေတိ
စိတ်ဘ၀င်တိ လန်းဆန်းလို့
မဏ္ဍပ်ကလောင်းရီ ငွေဖလားနန့်
အသည်းတိ ပြိုင်တူခုံတမ်း
မိတ္တာစကား ဖွင့်အံစွာတိကို
ပန်းပတောက်ကရှက်
ရက္ခိုင်စည်တော်က ဟိန်းဗျာလ်
နောင်နှစ်တိကို ချိန်းဆိုဖန်တီးသိယင့်။

ရက္ခိုင်သင်္ကြန်ဓလေ့ကို
ရိုးရာမပျက် နွှဲပျောက်ကတ်ကေ
ဇာခေတ်သစ်က အန်တုလို့မရ
အစိုင်အလာ ရိုးရာဓလေ့ကိုမှ
တန်ဖိုးထားရေ ရက္ခိုင်သင်္ကြန်
ကမ္ဘာ့ HAPPY NEW years
HAPPY VALENTINE DAY
တိ
ရှုံးနိမ့်လားစွာ
ရက္ခိုင်သင်္ကြန်သတ္တိက
မြတ်နိုးစရာပင်။




မမောပန်းစတမ်း
နှစ်စိုင်ရက္ခိုင်သင်္ကြန်အတွက်
ရက္ခိုင်စည်တော်က ပြင်ဆင်ဖို့အချက်ပီး
ကမ္ဘာတည်နီသရွေ့
ရက္ခိုင်၏ ဂုဏ်ရောက်ကို
မဟာရက္ခိုင်သင်္ကြန် ဆောင်နီလီယင့်။

အောင်သန်း
April 16, 2010

Tuesday, April 19, 2011

ရခိုင်သင်္ကြန် ရိုးရားဓလေ့အစဉ်အလာ စည်စည်ကားကား ကျင်းပ

ဂစ္ဆပသတင်းဌာန
ဧပြီလ (၁၈)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ရခိုင်သင်္ကြန် ရိုးရားဓလေ့အစဉ်အလာ စည်

စည်ကားကား ကျင်းပ


ရခိုင်ရိုးရာဓလေ့ မဟာသင်္ကြန် နှစ်သစ်ကူ အခါသမယနေ့များကို တကမ္ဘာလုံးရှိ ရခိုင်အမျိုးများက ယဉ်ကျေးမှု အစဉ်အလာမပျက် ထုံးစံအတိုင်း စည်စည်ကားကား ကျင်းပခဲ့ကြသည်။

ယခုနှစ်ကျရောက်သော ရခိုင်သင်္ကြန်မှာ ၁၃၇၂-၁၃၇၃ ခုနှစ် အခါသမယ နှစ်သစ်ကူဖြစ်ပြီး ရခိုင်အမျိုးသားများ အနေဖြင့် ရခိုင်တန်းခူး လ္ဆန်း (၁၀)ရက်၊ ဧပြီလ ၁၃ ရက်နေ့ကို သင်္ကြန်အကြိုနေ့၊ ၁၄ ရက်နေ့ကို သင်္ကြန်အကျနေ့၊ ၁၅ ရက်နေ့ကို သင်္ကြန်အကြတ်နေ့၊ ၁၆ ရက်နေ့ကို သင်္ကြန်အတက်နေ့နှင့် ၁၇ ရက်နေ့ကို ရခိုင်-မြန်မာနှစ်ဆန်းတရက်နေ့ဟု ခေါ်ဝေါ်သုံးစွဲကြသည်။

ရခိုင်သင်္ကြန်ပွဲတော်မှာ ဗုဒ္ဓဘာသာကို အခြေခံသော ပွဲတော်ဖြစ်သဖြင့် သင်္ကြန်အကြိုနေ့ မတိုင်မီ တရက်အလိုတွင် ရပ်ကွက်အလိုက် ကိုးကွယ်သော ဘုန်းတော်ကြီးကျောင်း၊ သိမ်အဆောက်အဦးများကို ဆေးကြောသန့်စင်ခြင်း၊ ညနေပိုင်းတွင် ရပ်ကွက်ရှိ ဓမ္မာရုံ (သို့) ယာယီမဏ္ဍပ်၌ မိန်းမပျိုလေးများက နံ့သာဖြူ၊ နံ့သာနီ၊ ကရမက် အမွှေးနံသာတုံးများကို ယူဆောင်လာကြပြီး ကျောက်ပျဉ်ကိုယ်စီဖြင့် စုပေါင်းနံ့သာသွေးကြလေသည်။ စုပေါင်းနံသာသွေးနေချိန်မှာ ရခိုင်လူပျိုကာလသားများမှ တေးသခြင်းများဖြင့် သီဆိုကူညီ ဖြေဖျော် ပေးကြပြီး အမွှေးနံ့သာရည်များသွေးပြီး စုပေါင်းသိမ်းဆည်းထားခြင်းကို နံ့သာသွေးပွဲဟု ခေါ်ဆိုလေ့ ရှိကြသည်။

ရခိုင်ရိုးရာ ထုံးတမ်းစဉ်လာများအရ ဆင်နွဲခဲ့ကြသကဲ့သို့ လှူဖွယ်ပစ္စည်းများနှင့်အတူ မြို့လုံးကျွတ်၊ ရွာလုံးကျွတ် ဘုန်းတော်ကြီးကျောင်း များသို့ သွားကြပြီး ငါးပါးသီလခံယူကြကာ မိန်းမပျိုများ ယူဆောင်လာသော နံ့သာရေမွှေးများဖြင့် လူပျိုယောင်္ကျားများက ဘုရားဆင်းတု တော်များအား ရေသပ္ပါယ်ကာ နံ့သာရေများနှင့် ပက်ဖျန်းပူဇော်ခြင်းဖြင့် သင်္ကြန်ကို ကြိုဆိုခဲ့ကြသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် သင်္ကြန်ကို ဧပြီလ ၁၃ ရက်နေ့က ကျောင်းသား၊ လူငယ်များက မြို့ရွာအလိုက် စုပေါင်းပြီး ဘုရားရေသပ္ပါယ်မှုများ ပြုလုပ်ခဲ့ကြကာ ၁၄ ရက်နေ့တွင် မြို့မိမြို့ဖများနှင့်အတူ မြို့လုံးကျွတ် ဘုရားရေသပ္ပါယ်မှုများဖြင့် စတင်ဖွင့်လှစ်ခဲ့ကာ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာမပျက် သင်္ကြန်ကို စည်စည်းကားကား ကြိုဆိုခဲ့ကြသည်။

တခြားတဘက်မှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ခေတ်နှင့်လျော်ညီစွာ သင်္ကြန်ပွဲတော်ကို ကျင်းပနိုင်ရန် ရခိုင်ပြည်မှ အဆိုကျော်များအား ဖိတ်ကြားခဲ့ကြပြီး တေးဆိုစင်များဆောက်လုပ်ကာ ခေတ်မီတေးသခြင်းများဖြင့် နေရာအနှံတွင် ပျော်ပျော်ရွှင်ရွှင် သင်္ကြန်ပွဲတော်ကို ဆင်နွှဲခဲ့ကြသည်။

ရခိုင်ပြည်မှ ရခိုင်အဆိုကျော်များနှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ ရခိုင်အဆိုကျော်များအပြင် ရခိုင်တီးဝိုင်းတော်သားများအနေဖြင့် ဒက္ကားမြို့တွင် ဧပြီလ (၁၄)ရက်နေ့၊ အာဇီနဂိုကျေးရွားတွင် (၁၅)ရက်နေ့၊ စိုကိုရီယာမြို့နယ် ထောင်သောင်းကျေးရွာတွင် ဧပြီလ (၁၆)ရက်နေ့၊ ကော့စ်ဘဇား မြို့တွင် (၁၇-၁၈-၁၉)ရက်နေ့၊ နတ်ကျောက်ဆရီမြို့တွင် (၂၀)ရက်နေ့များအထိ မြူးမြူးကြွကြွ ဆိုကခုန်မှုများဖြင့် ကျင်းပဆင်နွဲကြမည်ဖြစ်သည်။

ရခိုင်ရိုးရာဓလေ့ သင်္ကြန်ကို နံသာသွေးပွဲ၊ ဘုရားရေသတ်ပယ်ပွဲနှင့် သင်္ကြန်ရေလောင်းပွဲအပြင် စုပေါင်းခရီးထွက် ထမင်းပေါင်းချက်စား ကြသည့် အဆင့်(၃)ဆင့်တို့ဖြင့် ကျင်းပကြခဲ့သည်။

(က) သင်္ကြန်ဖြစ်ပေါ် လာရခြင်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ

• သင်္ကြန် = ကူးပြောင်းခြင်း၊ မာဂဓဘာသာ သင်္ကန္တနှင့် သက္ကဋဘာသာ သင်္ကြန်တ မှ ဆင်းသက်လာခြင်းဖြစ်သည်။
• ရခိုင် = မြန်မာပြက္ခဒိန်နှစ်၏ ပထမဆုံးလဖြစ်သော တန်းခူးလတွင် နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးသည့် သင်္ကြန်ရက်ကို ကျင်းလေ့ရှိသည်။
• ရခိုင်အမျိုးသားများက အတာသင်္ကြန်ကူးသောလဖြစ်၍ တန်ခူးလကို တာကူးလ ဟုခေါ်ဆိုသည်။

(ခ) သင်္ကြန်ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအကျဉ်းချုပ်
ဘီစီ(၅၆၈)တွင် ရခိုင်ဓည၀တီပြည်ရှင် စန္ဒာသူရိယမင်းကြီးသည် မြတ်စွာဘုရားသျှင်နှင့် အတိတ်ဘ၀က သူငယ်ချင်းဟောင်းဖြစ်ဖူးသည့် အားလျှော်စွာ မနောအဓိဌာန်ဖြင့် ပင့်ဖိတ်လျှောက်ချက်အရ ဗုဒ္ဓမြတ်စွာဘုရားသျှင်သည် နောက်ပါ သံဃာတော်အပါး(၅၀၀)ဖြင့် ကြွချီလာကာ မောရပဗ္ဗတ သေလာဂီရိကျောက်တော် တောင်ပေါ်၌ သက်ဆင်းတော်မူခဲ့ကြောင်း မှတ်ဖူးသည်။
ယင်းအချိန်၌ပင် ဘုရင်နှင့် တိုင်းသူပြည်သားများ ကိုးကွယ်နိုင်ရန် ပုံစံတူ ကိုယ်ပွါးတော် မဟာမြတ်မုနိဆင်းတုတော်ကို သွန်းလုပ် စေခဲ့သည်။ ရခိုင်ပြည်သူပြည်သားများသည် ဆင်းတုတော်ကြီးအား အမွှေးနံ့သာရည်များဖြင့် ထိုအချိန်မှစ၍ နှစ်စဉ်နှစ်တိုင်း ရေသပ္ပါယ် ပူဇော်ကြသည့် အလေ့အထမှာ ထုံးစံရိုးရာဓလေ့ ဖြစ်လာခြင်းဖြစ်သည်။

နောင်ခါနှစ်စဉ်နှစ်တိုင်း ရခိုင်ပြည်သူပြည်သားများသည် ဗုဒ္ဓဆင်းတုတော်များအား အမွှေးနံ့သာရည်များဖြင့် ရေသပ္ပါယ်ပူဇော်သော ဓလေ့ဖြစ်ထွန်းလာခဲ့ပါသည်။ ဘုရားဆင်းတုတော်များအား ရေသပ္ပါယ်ရာမှကျန်သော အမွှေးနံ့သာရည်များကို အချင်းချင်းပက် ဖျန်းလောင်းကြရာမှ ရေလောင်းကစားသောဓလေ့ ဖြစ်ထွန်းလာသည်ဟု အဆိုရှိကြပါသည်။ ထိုအချိန်ကာလမှ စတင်ကာ ယနေ့ အချိန်အထိ ဘာသာရေးပွဲတော်ဖြစ်သော ဘုရားရေသပ္ပါယ်ခြင်း ဓလေ့ရိုးရာများနှင့်အတူ အချင်းချင်း တယောက်ကိုတယောက် ရေလောင်းကစားခြင်းများမှ တနေ့ထက်တနေ့ ပြောင်းလဲတိုးတက်မှုများ ဖြစ်ပေါ်လာကာ ယနေ့ခေတ်နှင့်အညီ မဟာရခိုင်သင်္ကြန် ပွဲတော်ကို နေရာအနှံ၊ ကမ္ဘာ့အနှံတွင် ကျင်းပကြခြင်းဖြစ်သည်။

ရခိုင်အမျိုးသားများမှာ မိမိတို့ ရိုးရာဓလေ့ထုံးတမ်းစဉ်လာများကို ထိုအချိန်အခါက ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာခဲ့မှုများကြောင့် သတိလစ်နေခဲ့ကြသော်လည်း ယခုအခါ ပြန်လည်၍ ကမ္ဘာတည်သရွေ့ မဟာရခိုင်သင်္ကြန် ဘာသာရေးပွဲတော်နှင့်အတူ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှု မပျောက်မပျက်ရအောင် ထိမ်းသိမ်းနေရသည့် အခြေအနေတွင် တည်ရှိနေသည်။

ရှေးရိုးရာဓလေ့ထုံးတမ်းအစဉ်အလာ၊ ယဉ်ကျေးမှုများကို ထိမ်းသိမ်းစောင့်ရှောက်ကာ မျိုးဆက်သစ်များအား သမိုင်းမှန်နှင့် တရားသဖြင့် သော လမ်းစဉ်များကို လက်ဆင့်ကမ်း ပေးခြင်းဖြင့် လူ့ဖြစ်ရကျိုးဂုဏ်ကို အားလုံးသော ရခိုင်အမျိုးသားများ ဖန်တီးပျိုးထောင် ထိမ်းသိမ်း နိုင်ကြပါစေလို့ ယခုနှစ် ၁၃၇၂-၁၃၇၃ နှစ်သစ်မင်္ဂလာ သင်္ကြန်ဘာသာရေးပွဲတော်နှင့်အတူ ဆုမွန်ကောင်းဖြင့် တိုက်တွန်းလိုက်ရ ကြောင်းကို ရခိုင်အချင်းအချင်းအကြား ဆိုလေ့ရှိကြပါသည်။

စင်္ကာပူနိုင်ငံရောက် ရခိုင်အမျိုးသားများက မဟာရခိုင်သင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာမပျက်ရအောင် ထိမ်း သိမ်းခြင်း အနေဖြင့် ဧပြီလ (၁၀)ရက်နေ့က အကြောင်းအမျိုးမျိုးကြောင့် ပထမဆုံးအကြိမ် စည်စည်ကားကား ကျင်းပခဲ့ကြသည်။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒက္ကားမြို့တွင် တတိယအကြိမ်မြောက် ကျင်းပသော ရခိုင်သင်္ကြန်သို့ ဒက္ကားအခြေစိုက် စစ်အုပ်စု သံအမတ် ဦးမင်းလွှင်နှင့်ဇနီး ထူးခြားစွာတက်ရောက်ပြီး စိတ်ဝင်စားစွာဖြင့် ရခိုင်သင်္ကြန်ရေကစားခြင်းကို ကြည့်ရှုနေခဲ့သည်။ ထို့အပြင် တခြားနိုင်ငံ များတွင်လည်း စည်စည်ကားကား ဆင်နွဲခဲ့ကြကြောင်း သိရှိရသည်။

ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ဆိုး လက်အောက်တွင် နည်းမျိုးစုံဖြင့် ရိုးရာဓလေ့အစဉ်အလာများကို ပုံစံစနစ်မျိုးစုံဖြင့် ဖျက်ဆီးခံနေကြရသော်လည်း ပြည်တွင်း၊ ပြည်ပရှိ ရခိုင်လူမျိုးများမှာ လွတ်လပ်မှုမရှိသည့်ကြားထဲမှ ယခုကဲ့သို့ အားကြိုးမာန်တက်ဖြင့် စည်းစည်းကားကား ကျင်းပရခြင်းမှာ ဂုဏ်ယူစရာပင် ဖြစ်သည်။
ဂစ္ဆပသတင်းဌာန
ဧပြီလ ၁၆ ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

သင်္ကြန်ကာလ ရခိုင်ပြည်မှ ရခိုင်အဆိုကျော်တဦး ဘင်္ဂလာတွင် သေဆုံး


ရခိုင်ပြည်မှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ သင်္ကြန်အတွင်း ဖြေဖျော်ရန် ရောက်ရှိနေသော ရခိုင်အဆိုကျော် (ကီးဘိုးပလေယာ) တဦးဖြစ်သူ ဦးအောင်ကျော်ဇံ မှာ သောကြာနေ့တွင် ဖြေဖျော်နေရင်း လတ်တလော သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ရခိုင်အဆိုကျော်မှာ အသက် (၄၃)နှစ်ရှိပြီး ဈေးချိုရောဂါဖြင့် စိုကိုရီယာမြို့နယ် အာဇီနဂို ကျေးရွာတွင် သခြင်းသီဆိုနေစဉ် နေမကောင်း၍ ဆေးရုံသို့အသွားတွင် သေဆုံးသွားခြင်းဖြစ်ကာ ဇနီး၊ သားတယောက်နှင့် သမီးတယောက် ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

ဈေးချိုရောဂါဖြင့် လတ်တလော သေဆုံးသွားခဲ့သော ဦးအောင်ကျော်ဇံမှာ ရခိုင်ပြည်နယ် စစ်တွေမြို့တော် ကုန်တန်းရပ်မှ ဖြစ်သည်။

ယနေ့ (စနေနေ့)တွင် ကော့စ်ဘဇားမြို့သို့ ယူဆောင်လာပြီး အစိုးရဆေးရုံတွင် ခွဲစိပ်မှုများပြုလုပ်ကာ ရခိုင်ပြည်မှ မိသားစုများနှင့် ပတ်ဝန်းကျင်များကိုစောင့်၍ ယနေ့ည (၇)နာရီတွင် ကော့စ်ဘဇားမြို့မှ လူထုများလိုက်ပို့ သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ ဦးအောင်ကျော်ဇံ၏ ပရိတ်သတ်များ အနေဖြင့် ယခုကဲ့သို့ စောပြီးသေဆုံးသွားခြင်းအပေါ် အထူးစိတ်မကောင်း ဖြစ်ရပြီး ၀မ်းနည်းကြကြောင်း ထုတ်ဖေါ်ပြောဆိုကြသည်။

ဦးအောင်ကျော်ဇံမှာ ပန်းထိမ်ပညာနှင့် ဂီတအနုပညာကို နှံစပ်အောင် ကျွမ်းကျင်သူဖြစ်ကြောင်းနှင့် သူတတ်ထားသည့် ပညာများကို ဘင်္ဂလာရှိ ရခိုင်အမျိုးသားများကို မျှဝေရန် စေတနာအထူးထက်သန်ခဲ့ကြောင်း သူနှင့် ရင်းနှီးကျွမ်းဝင်သူ အဆိုကျော် တယောက်မှ ပြောသည်။

မြန်မာ့မူးယစ်ဆေးဝါး ဘင်္ဂလာတွင် ဖမ်းဆီးခံ

ဂစ္ဆပသတင်းဌာန
ဧပြီလ (၁၈)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

မြန်မာ့မူးယစ်ဆေးဝါး ဘင်္ဂလာတွင် ဖမ်းဆီးခံ

မြန်မာနိုင်ငံမှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ တရားမ၀င် တင်ပို့သော ရာဘား မူးယစ်ဆေးဝါး ၁၃၃၇၃ လုံးနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ရေး သမား(၃)ဦးကို Bangladesh Guard Border (BGB) မှ ဧပြီလ (၁၅)ရက်နေ့က နတ်မြစ်အလယ်မှ ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာမြို့အခြေစိုက် အမှတ်(၄၂) ဘီဂျီဘီ တပ်ရင်းမှ မိုဟာမတ် ဇော်ဇော် မီယာရ် ဦးဆောင်သော လှုပ်ရှားအဖွဲ့မှ နတ်မြစ်အတွင်း နယ်စပ်လုံခြုံရေးအတွက် ကင်းလှည့်ချိန်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် မြန်မာ့ မူးယစ်ဆေးဝါး ရာပြားဆေးပြားလုံးများ၊ ငါးဖမ်းပိုက်(၂)ခု၊ မိုဘိုင်းဖုန်း (၂)လုံးနှင့် လှေတစင်း စုစုပေါင်း တန်ဖိုးမှာ ကာလပေါက်ဈေးအားဖြင့် တာကာ ၄၁ သိန်း တန်ဖိုးရှိကြောင်း သက်ဆိုင်ရာမှ ထုတ်ဖေါ်ပြောပြချက်အရ သိရှိရသည်။

မြန်မာ့မူးယစ်ဆေးဝါး ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကြားရေးသမားများမှာ ဘင်္ဂလီများ ဖြစ်ကြောင်းနှင့် ၎င်းတို့မှာ တာခ်နာမြို့ နတ်တောင်ကျေးရွာမှ ဇိုဘိုင် (၂၀)နှစ်၊ မိုဟာမတ် အီစ်မိုက်လ် (၂၀)နှင့် ဟာဘီဘူရ် ရော်ဟ်မာန် (၁၈)နှစ်တို့ ဖြစ်ကြောင်း သက်ဆိုင်ရာမှ ထုတ်ဖေါ်ပြောဆိုသည်။

ဘီဂျီဘီအနေဖြင့် ယခုဖမ်းဆီးရမိခြင်းမှာ မြန်မာ-ဘင်္ဂလာနှစ်နိုင်ငံအကြား နယ်စပ်တလျှောက် မူးယစ်ဆေးဝါး အများအပြား ကုန်ကူးနေ သည့် အဖွဲ့ဖြစ်နိုင်ကြောင်း ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံမှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ တင်ပို့သည့် မူးယစ်ဆေးဝါးများမှာ မြန်မာလုပ် အရက်မျိုးစုံ၊ ရာဘားဆေးပြားမျိုးစုံနှင့် တချို့ မူးယစ် ဆေးဝါးများလည်း ပါဝင်နေကြောင်း နယ်စပ်မူးယစ်ဆေးဝါးသတင်းရပ်ကွက်နှင့် နီးစပ်သူများက ပြောသည်။

တာခ်နာမြို့ အခြေစိုက် အမှတ်(၄၂)တပ်ရင်းမှ ဒုရင်းမှူး မန်ဇူရေ ခိုဒါ မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖေါက်ကြားရေး သမားများကို အသေးစိပ် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်းနှင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မြန်မာမှ ဘင်္ဂလာသို့ တရားမ၀င် မှောင်ခိုလမ်းများမှ ၀င်ရောက်သည့် မြန်မာလုပ်အရက်မျိုးစုံ၊ ရာဘားဆေးပြားလုံးနှင့် တချို့ပစ္စည်း များအား လွန်ခဲ့သော ရက်အနည်းငယ်အတွင်းတွင် တာခ်နာအခြေစိုက် နယ်စပ်လုံခြုံရေး တပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့သည်။

Wednesday, April 13, 2011

မြန်မာနှင့် ဘင်္ဂလာ ရေပြင်အငြင်းပွားမူ ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် ဖြေရှင်းမည်

မြန်မာနှင့် ဘင်္ဂလာ ရေပြင်အငြင်းပွားမူ ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် ဖြေရှင်းမည်
4/13/2011
www.narinjara.com

မြန်မာနှင့် အငြင်းပွားနေသော ရေပြင်ပိုင်နက် ပြဿနာကို နိုင်ငံတကာ ခုံရုံးမှ ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ဘက်က ပြောသည်။




ယူအန် လက်အောက်ခံ The International Tribunal for Law of the Sea (ITLOS) က မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ရေပြင်ပိုက်နက် အငြင်းပွားမူကို ယခုနှစ်ကုန်ပိုင်းတွင် ဆုံးဖြတ်ပေးမည့် အကြောင်းကို နိုင်ငံခြားရေးဌာန အတွင်းဝန် ကာချေး အာလန်က ယခုကဲ့သို့ပြောသည်။

“ မြန်မာနဲ့ ဘင်္ဂလာဒေခ်ျ့ အကြား ဖြစ်ပွားနေတဲ့ ရေပြင်ပိုင်နက် အငြင်းပွားမူနဲ့ ပတ်သက်ပြီး လိုအပ်တာတွေကို ITLOS ကို ယခုနှစ် ဇူလိုင်လမှာ အပြီးသတ် တင်ပြရမယ်။ ကြားနာ စစ်ဆေးမူကို ဒီနှစ် စက်တင်္ဘာနဲ့ အောက်တိုဘာလမှာ ပြုလုပ်မှာ ဖြစ်တယ်။ နှစ်ကုန်ပိုင်းမှာတော့ စီရင် ဆုံးဖြတ်ချက် ချမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းပြင်သူက “ ကျွန်တော်တို့ ဒီနှစ် အကုန်ပိုင်းမှာ အပြီးသတ် စီရင်ချက် ထွက်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ကာချေး အာလန်က ပြောသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ရေပြင်ပိုင်နက် အငြင်းပွားမူကြောင့် ၂၀၀၈ ခုနှက် နှစ်ဘက် ရေတပ် သင်္ဘောများကို ရေပြင်ပိုင်နက် အငြင်းပွားရာ နယ်နမိတ်ထိ စေလွတ်ခဲ့ရပြီး နောက်ပိုင်းတွင် ငြိမ်းချမ်းစွာ ဖြေရှင်းရန် သဘောတူညီခဲ့သည်။

ယခု မြန်မာနှင့် ဘင်္ဂလာဒေးခ်ျ့ အငြင်းပွားမူကို ဆုံးဖြတ်ရာတွင် ITLOS မှ ဂျူရီ လူကြီး ၂၃ ဦးမှ ဆုံးဖြတ်မည် ဖြစ်ကြောင်းနှင့် နှစ်ဘက်နိုင်ငံ၏ ကြားနာမူ ကို စတင် စစ်ဆေးပြီးနောက် ဆုံးဖြတ်ချက် ချမည် ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံ အနေဖြင့် အမေရိကန် အခြေစိုက် Foley Hoag ကုမ္ပဏီမှ ရှေ့နေ အဖွဲ့ တခုကို အဆိုပါ အငြင်းပွား ရေပြင်ပိုင်နက် ကိစ္စ အတွက် လိုက်ပါ ဆောင်ရွက်ရန် ဌားရမ်းထားကြောင်း သိရသည်။ ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ စိန်မာတင် ကျွန်းနှင့် တေလ်ပါတီ အမှတ်သား နေရာထိ အထိ ကီလိုမီတာ ၇၀၀ ကွာဝေးပြီး အဆိုပါ နေရာအတွင်း ကီလိုမီ ၉၀၀ အား ဘင်္ဂလာဒေခ်ျ့က သူတို့ပိုင်နက် အဖြစ် တောင်းဆိုထားကြောင်း သိရသည်။

အစမရိုးတဲ့ အစိုးရ

အစမရိုးတဲ့ အစိုးရ


နိုင်ငံတ၀ှမ်း လူ (၃၀၀၀) ကျော်ကို သတ်ဖြတ်ပြီး စစ်အာဏာသိမ်း န၀တ ၊ နအဖ စစ်အုပ်စု က ကိုယ့်ဟာကိုယ် အစိုးရလို့ ကြေညာခဲ့သည်။ ပါတီစုံ ဒီမိုကရေစီကို လက်ခံပါ တယ်လို့လဲ ဗြောင်လိမ်ခဲ့သည်။ ရွေးကောက်ပွဲကိုလဲ လိမ်စဉ်ကြီး တခုလို ကျင်းပပေးခဲ့ပြီး အပြတ် အသတ် အနိုင်ရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို အာဏာ လွဲမပေးတဲ့အပြင် နိုင်ငံရေးသမား အားလုံးကို နိုင်ငံအနှံ့ အကျဉ်းထောင်တွေထဲ ထည့်ပြီး နိုင်ငံရေးသမား (၁၀၀) ကျော်ကို ထောင်ထဲမှာပဲ သတ်ပစ်ခဲ့သည်။ ခုလောလောဆယ်မှာကို အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား (၂၁၀၀) ကျော် ရှိနေသေးသည်။ ဒီပဲယင်း လူသတ်ပွဲနဲ့ (၂၀၀၇) ရွှေဝါရောင် သံဃာ့ အရေးအခင်းမှာ သံဃာတော်တွေကိုတောင် သတ်ဖြတ်ခဲ့သည်။ လယ်မဲ့ ယာမဲ့ လယ်သမားအမြောက်အများ ပေါ်ပေါက်လာအောင် နိုင်ငံအနှံ့မှာ မြေယာတွေ အမြောက်အများကို သိမ်းပိုက်ထားသည်။ နိုင်ငံမှာ အလုပ်သမား တဦးရဲ့ အနိမ့်ဆုံး လစာငွေဟာ (၁၂၀၀၀) ကျပ်ဖြစ်ပြီး နိုင်ငံဝန်ထမ်း တဦးရဲ့ အနိမ့်ဆုံး လစာငွေဟာ (၃၀၀၀၀) ကျပ်သာ ရရှိကာ အဆင်းရဲဆုံး နိုင်ငံဘ၀ ရောက်ရှိ နေရသည်။ လာဘ်ပေး လာဘ်ယူ အဂတိ အလိုက်စားဆုံး နိုင်ငံဘ၀ ရောက်အောင်ကို စစ်အုပ်စု အုပ်စီးမှုအောက်မှာ အကျင့်ပျက် နေကြသည်။ ဒါနဲ့တောင် အနာဂတ် နိုင်ငံရေးကို စစ်တပ်က ဦးဆောင် အုံးမယ်တဲ့။

အမျိုးပျောက်မှာ စိုးကြောက်ပါလှသည် သီချင်းကို ကြားယောင် လာမိပါသည်။ ဒီမိုး ဒီလေ ဒီစစ်တပ် တွေကြောင့် တိုင်းပြည် သံဃာစင် မှောက်နေသည်ကို ဘယ်ပြည်သူ တဦး တယောက်ကမှ လက်ပိုက် ကြည့်နေကြမည်တော့ မဟုတ်တော့ပါ။ ယခု စစ်အုပ်စု ရုပ်သေး လွှတ်တော်တွေက အလိမ်အညာ ဖြေကြားချက်ကို ကြည့်ပြီး မယုံလျှင် လွှတ်တော် သွားမေးလို့ ပြည်သူတွေက ဟာသ လုပ်နေကြပြီ။ မတော်မတရား ဥပဒေ တသီတတန်းကြီး ထွက်ပေါ် လာအုံးမယ်ဆိုတော့ သွေးစုပ်မှုက သားရေတထပ်ကို အထပ် တရာ ဆုတ်ခွါခံကြ ရပါတော့မည်။ လာမယ့်ဘေး ပြေးတွေ့စရာပင် မလိုတော့။

ပညာရှင်တွေပြောတဲ့ (De facto) တရားမ၀င် အစိုးရက (De jure) တရားဝင် အစိုးရ တရပ် ဖြစ်လာလျှင် ဒီထက် အဆတရာ ဆိုးသွမ်း ယုတ်မာနိုင်ဖို့ စစ်တပ်အတွက် လူသတ်တာမဟုတ် ဥပဒေအတွက် လူသတ်တာလို့ ပြောလာနိုင်အောင် ဥပဒေ ဗလပွတွေကို ထုတ်ပြန် ပါတော့မယ်။ ဥပဒေ စက္ကူဖြူ စာတမ်းတွေကို ဆွဲဆုတ်ပစ်နိုင်ရန် ပြင်ဆင်ထားဖို့ လိုအပ်လာ ပါတယ်။ ဥပဒေဆိုတာ ဥပဒေထုတ်သူတွေ အကျိုးအတွက် ဆိုတာကို ပြည်သူများက အပွေးမြင်အပင်သိ ကြပါသည်။ တရားဝင် အစိုးရ တရပ်ဖြစ်တည် နိုင်ပါရန် န၀တ နအဖ မှာ အရည်အချင်း ပြည့်စုံပါ၏လော။ အဖြေကို ပြတ်ပြတ်သားသား ဖြေ၀ံ့ရပါမည်။

နံပါတ်တစ် – ကိုယ်ထုတ်သည့် ဥပဒေကို ကိုယ်ကိုယ်တိုင် လိုက်နာပါ၏လော။ လာဘ်ဦး ကျိုးပြီးသား ဖြစ်နေသည်။ (၁၉၉၀) ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုဘဲ ရွေးကောက်ပွဲ အရ တက်လာမည့် လွှတ်တော်ကသာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲရမည် ဆိုသော စစ်အုပ်စု ပြဌာန်းခဲ့သည့် ဥပဒေကို စစ်အုပ်စုကိုယ်တိုင်က မလိုက်နာခဲ့။ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုခဲ့သည်။ ဟုတ် မှန်ပါ၏လော။ နောက်ဆုံး နအဖ စစ်အုပ်စု ဆေးဖော်ထားသည့် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုပင် နအဖကိုယ်တိုင် မစားဝံ့ဖြစ်နေသည်။ ဥပဒေအတိုင်း မဟုတ်တော့ဘဲ ဆင်ဝှေ့ရန်ရှောင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေပါသည်။ မင်းမှာဂတိ လူမှာသစ္စာ မြန်မာ့သမိုင်းထဲမှာ ရခိုင်ဘုရင်မင်းထီးက နန်းတော်တိုင် ထုံးမသုတ်ရ အမိန့်ထုတ်ပြီးမှ သူကိုယ်တိုင် ထုံးသုတ်မိလို့ သူ့လက်ညိုးသူ ဖြတ်ပြခဲ့သည့်ထုံးကို နုလုံး မူသင့်ပါသည်။

နံပါတ်နှစ်– အနိုင်ရမဲစာရင်းများမှာ တိကျပါ၏လော။ (၁၉၈၃) ခုနှစ်နောက်ပိုင်းတွင် တိကျသည့် သန်းခေါင်စာရင်း ကောက်ယူ မှု မရှိကြောင်းကို နိုင်ငံတကာနှင့် သက်ဆိုင်ရာ ယခု လွှတ်တော်များက ဗြောင် ၀န်ခံထားပြီး ဖြစ်နေသဖြင့် မဲထည့်ရသည့် လူဦးရေစာရင်း ရရှိသည့် မဲစာရင်းတို့မှာ တိကျ မှန်ကန်စွာ မပြနိုင်ဘဲ ရွေးကောက်ပွဲ ကော်မရှင်က ပေါ်ပေါ်လွင်လွင် လိမ်ညာခဲ့ သည်ကို ငြင်းချက် ထုတ်နိုင်ပါမည်လော။ မှောင်ခိုမဲ ဗြောင်တိုမဲ သူခိုးမဲတွေနဲ့ သူခိုးအစိုးရ ဖွဲ့မည်ဆိုပါက ခိုးသားငါးရာ ဇာတ်ကိုသာ ကြည့်ရပါတော့မည်။

နံပါတ်သုံး – ကျင်းပခဲ့သော လွှတ်တော်များတွင် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ မေးမြန်းခွင့်ကို လုံးဝ ပိတ်ပင်ထားသည်ကို တွေ့ရ ပါသည်။ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာချက် အပိုဒ် (၁၉) တွင် “လူတိုင်း လွတ်လပ်စွာ ထင်မြင် ယူဆပိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟ တင်ပြ ပိုင်ခွင့်ရှိသည်။ ထိုအခွင့်အရေးအရ မိမိ တင်ပြယူဆချက်များကို အနှောက်အယှက် အဟန့်အတားမရှိ ခံယူ ကျင့်သုံးပိုင်ခွင့် ရှိသည်။ နယ်မြေပိုင်းခြားမှု မရှိဘဲ သတင်း စာနယ်ဇင်းများမှ တဆင့် သတင်းများ၊ အယူအဆများကို ရှာဖွေ ဆည်းပူးပိုင်ခွင့်၊ လက်ခံပိုင်ခွင့်နှင့် ဖြန့်ဖြူး ပိုင်ခွင့်တို့ရှိသည်။” ဟုပြဌာန်းချက်ကို ချိုးဖောက်ထားကြောင်း တွေ့ရှိရပါသည်။ ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်ပါလျက် ပြည်သူ့ကိုယ်စား လွတ်လပ်စွာ တင်ပြပိုင်ခွင့် လွှတ်တော်အတွင်းတွင် လုံးဝမရှိကြောင်းကို တွေ့ရသည်။ နှုတ်ပိတ်ခံ လွှတ်တော်များမှာ လူ့အခွင့်အရေး ချိုးဖောက်နေသည် မဟုတ်ပါလား။

နံပါတ်လေး – လွှတ်တော်အတွင်း ဖြေကြားချက်များမှာ လုံးဝ အလိမ်အညာ မပါရှိရပါ။ ပြန်လည် ဖြေရှင်းခွင့် ပေးရပါမည်။ ဆွေးနွေးခွင့် ပေးရပါမည်။ လယ်ဆည်ဝန်ကြီး ဦးဌေးဦး ကဲ့သို့ အလိမ်အညာ ဖြေကြားချက်များမှာ လွှတ်တော်အားလုံးကို ပြည်သူလူထု အယုံအကြည် မဲ့သွားစေပါသည်။ ဤလွှတ်တော်များက ဖွဲ့စည်းပေးလာမည့် အစိုးရ ဆိုသူများကိုလည်း ဘယ်ပြည်သူကမျှ အယုံအကြည် မရှိနိုင်တော့ပါ။ စစ်အုပ်စု အတွက် စစ်အစိုးရသာ ဖြစ်သည့်အတွက် မျောက်လောင်း မျောက်လောင်းပင် ဖြစ်နေပါတော့သည်။ ပြည်သူအကျိုးအတွက် ပြည်သူ့အစိုးရ လုံးဝ ဖြစ်မလာ နိုင်တော့ပါ။

နံပါတ်ငါး – ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည့် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုသည်ကို လွှတ်တော် ကိုယ်စားလှယ်များပင် သဘော မပေါက်ကြပါ။ ဘေးတွင် (၂၅) ရာခိုင်နှုန်းသော စစ်ဗိုလ်များ ထိုင်နေသည်ကိုသာ သိကြပါ သည်။ ဥပဒေ မမည်သော (၂၀၀၈) အခြေခံ ဥပဒေကို ပြည်သူလူထု နားလည်အောင် ဘယ်တုန်းအခါကမှ မရှင်းပြခဲ့ဘူးဘဲ ကြိုတင်မဲ၊ အဓမ္မမဲတွေနဲ့ နာဂစ်မုန်တိုင်းကာလတွင် အတင်းအကြပ် မဲထည့် ခိုင်းခဲ့ပါသည်။ ယခုပြည်သူအများ လုံးဝလက်မခံပါ။ စက္ကူဖြူ စာတမ်းအဖြစ် ဆွဲဆုတ်ပစ်ရန် လူထုတိုက်ပွဲ ကော်မီတီများ ပေါ်ပေါက်နေပေပြီ။ လူထုဆန္ဒဖြင့် ရေးဆွဲ အတည်ပြုခဲ့ သည့် ဥပဒေ မဟုတ်ပါ။

နံပါတ်ခြောက် – (၂၀၁၀) တရားစီရင်ရေး ဥပဒေ၊ ပုဒ်မ (၆၄) တွင် “တရားသူကြီးအဖြစ် ဆောင်ရွက်ရန် တရားရေး အရာရှိများအား စီရင်ပိုင်ခွင့် အာဏာ အရပ်ရပ်ကို အပ်နှင်းခြင်း၊ တာဝန် ၀တ္တရားများ သတ်မှတ်ပေးခြင်း ပြုလုပ်ရမည်။” ဟုပါရှိသဖြင့် ၀န်ထမ်း အရာရှိတရား စီရင်ရေးစနစ် ဖြစ်ကြောင်း တွေ့ရှိရသည်။ ပါတီစုံ ကျင့်သုံးသော နိုင်ငံများတွင် ၀န်ထမ်း အရာရှိ တရားစီရင်ရေးမှာ အံဝင်ဂွင်ကျ မဖြစ်တော့သည့်အတွက် ခေတ်မမှီတော့ပါ။ ဗြိတိသျှ ကိုလိုနီနယ်ချဲ့ တရားစီရင်ရေးစနစ် အတိုင်း ကိုယ့်နိုင်ငံ၏ တရားစီရင်ရေးစနစ်ကို သင်းမသတ် သင့်ပါ။ လွတ်လပ်သည့် တရားစီရင်ရေး စနစ်ကိုသာ အကောင် အထည်ဖော်သင့်ပါသည်။

နံပါတ် ခုနှစ် – စစ်ဗျူရိုကရက် အုပ်ချုပ်ရေး စနစ်ကို အတိအလင်း ဖော်ပြထားသည့် (၂၀၀၈) ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ စာအုပ်တအုပ်လုံးပါ ပုဒ်ထီး၊ ပုဒ်မများမှာ တရားဥပဒေ စိုးမိုးမှု အခြေခံ အားလုံးကို ဖျက်ဆီးထားပြီးသား ဖြစ်နေပါသည်။ တရားဥပဒေ စိုးမိုးမှုရှိသည့် အရပ်သား စစ်စစ် အစိုးရ စနစ်ကိုသာ ထူထောင်သင့်ပါသည်။

နံပါတ် ရှစ် – ပြဌာန်းထားသည့် ပြဌာန်းလာအုံးမည့် အထူးဥပဒေ အားလုံးမှာလည်း နအဖ ဖက်ဆစ် ဥပဒေ စနစ်အရ ပြဌာန်းချက်များ ဖြစ်နေပါသည်။ တရားဥပဒေဆိုင်ရာ မူများသည် နိုင်ငံတကာစံချိန် စံညွန်းများကို စံချိန်မီ လိုက်လျော ညီထွေမှုရှိအောင် ပြဌာန်းရပါသည်။ တရားမျှတ တန်းတူ အခွင့်အရေး (Equal Right) တွင် ညီမျှခြင်းဆိုသော လောကပါလ တရားနှင့် ကိုက်ညီအောင် အဆင့်အတန်း ညီမျှမှု (Equality of Status) အခွင့်အလမ်း ညီမျှမှု (Equality of Opportunities) နှင့် တရားဥပဒေ ရှေ့မှောက်တွင် ညီမျှမှု (Equality before the Law) တို့နှင့်ပြည့်စုံရန် ပြဌာန်းရပါသည်။ နအဖ စစ်အုပ်စု တလျှောက်လုံး ပြဌာန်းလာသည့် အထူးဥပဒေအားလုံးမှာ အထက်ပါ ညီမျှမှု တစုံတရာမှ ပါမလာသည်ကို တွေ့နေရပါသည်။ (၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ စာအုပ်တအုပ်လုံး ကိုယ်တိုင်က သက်သေခံချက် ဖြစ်နေပါပြီ။

နံပါတ်ကိုး – တရားဥပဒေ လွှမ်းမိုးမှုရှိသော လူ့အဖွဲ့အစည်းကို ထူထောင်နိုင်ရန် ရှိသင့် ရှိထိုက်သော အရည်အချင်းများ လုံးဝ ကင်းမဲ့ နေသည်ကို တွေ့နေရပါသည်။ စံပြုထိုက်သော အောက်ပါအချက်များ အလျဉ်းမရှိသည်ကိုတွေ့ရပါသည်။

* လွတ်လပ်ပြီး ဒီမိုကရေစီကျသော ရွေးကောက်ပွဲ
* အုပ်ချုပ်ရေး လုပ်ငန်း ဆောင်ရွက်မှုများ အတွက် ဥပဒေပြုအဖွဲ့ (သို့မဟုတ်) မဲဆန္ဒရှင်များကို တာဝန်ခံရသော ကိုယ်စားပြု အစိုးရ အဖွဲ့ထားရှိခြင်း
* အစိုးရနှင့် အစိုးရအာဏာပိုင်များ၏ တာဝန်သည် အခြေခံဥပဒေကို လိုက်နာရန်နှင့် ဥပဒေနှင့် အညီသာ ပြုမူဆောင်ရွက်ခြင်း
* နိုင်ငံတော်နှင့် နိုင်ငံရေးပါတီများ အကြား ရှင်းရှင်းလင်းလင်း ခွဲခြားမှုရှိခြင်း
* စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် အရပ်သား အစိုးရ၏ ထိန်းချုပ်မှုအောက်တွင်ရှိပြီး အရပ်သား အစိုးရကို တာဝန်ခံရခြင်း
* လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များကို ဥပဒေဖြင့် အာမခံခြင်း
* လူတိုင်းသည် ဥပဒေရှေ့မှောက်တွင် အညီအမျှ ဖြစ်ခြင်းနှင့် ဥပဒေ၏ အကာအကွယ်ကို ရယူရာတွင် ခွဲခြားမှု မရှိဘဲ ရယူ ခံစားပိုင်ခွင့် ရှိခြင်း
* တရားစွဲဆိုခံရသူတိုင်းအား တရားမျှတမှုရှိ၍ အများပြည်သူ တက်ရောက် နားထောင်နိုင်သော တရားခွင်တွင် စစ်ဆေးစီရင်ခြင်း တို့ဖြစ်ပါသည်။

အထက်ပါ စံထားချက်များနှင့် ကိုက်ညီမှသာလျှင် တရားဝင် အစိုးရတရပ်၏ အရည်အချင်းနှင့် ကိုက်ညီ သည်ဟု သတ်မှတ်ရပါမည်။

ယခု ကျမ်းသစ္စာ ကျိန်ဆိုကြမည့် အစိုးရအဖွဲ့ဝင် အားလုံး အထက်ပါ အရည်အချင်းနှင့် ကိုက်ညီကြပါ၏လော။ ကိုယ့်လိပ်ပြာ ကိုယ်မရှက်စတမ်း၊ ၀န်ခံစရာရှိလျှင် ရဲရဲ ၀န်ခံကြရ ပါမည်။ နိုင်ငံ၏ အစိုးရကောင်း တရပ်ကို ဘယ်နည်း ဘယ်ပုံ အကောင်အထည် ဖော်ကြပါမည်နည်း။ ပြည်သူတွေက ဒီအတိုင်း လက်ပိုက် ကြည့်နေ ကြမည်တော့ မဟုတ်ပါ။

ဦးမျိုး (ဥပဒေ)

၃၀ – ၃ – ၂၀၁၁

သစ်လုပ်ငန်းလုပ်ဆောင်ရန် လျှောက်လွှာတင်ထားသူတဦး နစကထံ သစ်လုပ်ငန်းခွင် ဖမ်းဆီးခံရ

ဂစ္ဆပသတင်းဌာန
ဧပြီလ ၁၃ ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

သစ်လုပ်ငန်းလုပ်ဆောင်ရန် လျှောက်လွှာတင်ထားသူတဦး နစကထံ သစ်လုပ်ငန်းခွင် ဖမ်းဆီးခံရ

မောင်တောမြို့ နစက အမှတ်(၁) လူဝင်လူထွက်ဂိတ်မှ အမှတ်(၁)ကမ်းနားလမ်းရပ်ကွက်မှ တရားဝင် သစ်လုပ်ငန်းလုပ်ဆောင်ရန် လျှောက်လွှာတင်ထားသူ တဦးအိမ်မှ တရားမ၀င် သစ်လုပ်ငန်း လုပ်ကိုင်နေမှုဖြင့် ဧပြီလ (၉)ရက်နေ့က သွားရောက်ပြီး သစ်စုစုပေါင်း (၄ တန်ခွဲကျော်)၊ ၁၈ ကောင်အားရှိ သစ်စက်တလုံးနှင့် လွှဝိုင်းများအား ဖမ်းဆီးယူသွားကြောင်း မျက်မြင်တဦးမှ ပြောသည်။

နစကထံ သစ်စုစုပေါင်း ၄ တန်ခွဲကျော်၊ သစ်စက်နှင့် လွှဝိုင်းများအား ဖမ်းဆီးခံရသူမှာ စစ်တွေမြို့သို့ ခရီးသွားနေခိုက်ဖြစ်၍ လွတ်မြောက်သွားခဲ့သော်လည်း မောင်တောသို့ ပြန်လာလျှင် အမှတ်(၁)နစကမှ ထပ်မံဖမ်းဆီးမည်ဖြစ်ကြောင်း အမည်မဖေါ်လိုသူ မျက်မြင်သက်သေတဦးက အောက်ပါအတိုင်း အတည်ပြုပြောသည်။

“နစကတွေ ကို ဦးစိုးသန်းအိမ်ကို နံက် ၁၂ နာရီနီးပါးခန့် ရှိမယ်ထင်ပါတယ်၊ ကို ဦးစိုးသန်း အိမ်ကိုရောက်တာနဲ့ ကျွန်းသစ်နှင့် တခြား သစ်မာ ၄ တန်ခွဲကျော်ကို သိမ်းယူပါတယ်၊ လွှဝိုင်း ၃၆လက္မ တခုနဲ့ လွှ ၁၂ လက္မတခု ၁၈ ကောင်အားရှိတဲ့ သစ်စက်ကို သိမ်းယူသွား ပါတယ်၊ အိမ်သားတွေကို အိမ်ရှင် ဦးစိုးသန်း ဘယ်သွားသလဲ မေးမြန်းပါတယ်၊ မိသားစုဝင်တွေက စစ်တွေသို့သွားပါတယ်ဟု ဖြေကြား တော့ ပြန်လာရင် တရားမ၀င် သစ်လုပ်ငန်း လုပ်ဆောင်နေမှုနဲ့ ဖမ်းဆီးအရေးယူမယ်လို့ ခြိမ်းခြောက်သွားပါသေးတယ်၊ ကျွန်တော် အထင်အရတော့ ဒီကိစ္စက မကြေနပ်တဲ့သူ၊ သစ်လုပ်နေတဲ့သူတယောက်ယောက်က နစကကို သွားတိုက်တာဖြစ်နိုင်တယ်။”

အတင်းအဓမ္မ သစ်လုပ်ငန်းခွင် တခုလုံးအား နစကထံတွင် သိမ်းယူခံရသူမှာ သစ်လုပ်ငန်းလုပ်ဆောင်ရန် တရားဝင် လုပ်ပိုင်ခွင့် ရရှိရန် အတွက် လျှောက်လွှာတင်ထားပြီး လုပ်ပိုင်ခွင့်ကို စောင့်နေသူတဦး ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ နစကအနေဖြင့် ယခုကိစ္စတွင် မောင်တောသစ်တောဌာနမှ သစ်တရားမ၀င် လုပ်နေသည့်အပေါ်တွင် ဟန့်တားမှု တစုံတရာ မရှိသည့် အတွက်ကြောင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း နစကသတင်းရပ်ကွက်တွင် ဖြစ်ပေါ်နေသည်။ နစကများ ဖမ်းဆီးယူသွား သည့် သစ်များမှာ တခြားဖမ်းဆီးထားသည့် သစ်များနှင့်အတူ ဘင်္ဂလာသို့ တင်ပို့မည်ဟု ယူဆရကြောင်း မောင်တောမြို့ခံများမှ သုံးသပ်ကြသည်။

အခုအခါ မောင်တောမြို့နယ် နစကနယ်မြေ (၁)နှင့် (၂)နယ်မြေအတွင်းရှိ သစ်များကို သစ်ကုမ္ပဏီတခုနှင့် ပူးပေါင်းပြီး လွန်ခဲ့သော နှစ်လလောက်မှ သစ်ခုတ်လှဲနေသည့်အပြင် အဆိုပါ နယ်စပ်ဒေသများသို့ ဘင်္ဂလာဒေ့ခ်ျနိုင်ငံဖက်မှ သစ်ခုတ်သမားများလာရောက်ကာ သစ်ခုတ်နိုင်ကြောင်း နစကနှင့် ဘီဒီအာရ်များ နားလည်မှု သဘောတူညီမှုများ ရယူထားပြီးဖြစ်သည်။

ရခိုင်ပြည်မှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ တင်ပို့သည့် သစ်များမှာ ကျွန်းသစ်တဖုတ်ကို (၄၅၀၀)တာကာ၊ စကားဝါသစ် တဖုတ်ကို (၁၆၅၀)နှင့် ကမ်းကျင်တဖုတ်ကို (၁၀၀၀)တာကာ ဈေးရရှိသည်။ ယခုအခါ ရခိုင်ပြည်နယ်မှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာဆိပ် ကမ်းသို့ တင်ပို့သည့်သစ်တန်ချိန်မှာ တရက်လျှင် ဖြန်းမျှအားဖြင့် တန်ချိန် ၁၅၀ ကျော်မျှရှိကြောင်း စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်မှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ ရေကြောင်းမှ သစ်တန်ချိန်အမြောက်အများ လွန်ခဲ့သော ၁၂ နှစ်ကျော် ကာလမှ တင်ပို့လျှက်ရှိသည်။ အဆိုပါ သစ်တင်ပို့မှုမှာ မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအတွင်း တရားဝင်မဟုတ်သော်လည်း မြန်မာစစ်တပ်နှင့် ရေတပ်များကို တရားမ၀င် အကောက်ပေး၍ တင်ပို့ခွင့်ရရှိကြသည်။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် ကမ်းသို့ ဆိုက်ရောက်လာသည့် သစ်ဘုတ်များ ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံလျှက်ရှိနေသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလာသို့ တင်ပို့နေကြသည့် သစ်ကုန်သည်များမှာ ဘင်္ဂလီများထံ ဈေးနှိမ်ခံရပြီး မကြာခဏ လိမ်လည်ခံရမှုများ အမြောက်အများရှိသော်လည်း ဆက်လက်တင်ပို့လျှက် ရှိနေသည်။ အဆိုပါ သစ်ကုန်တင်ပို့မှုများတွင် များသောအားဖြင့် ဒေသဆိုင်ရာ စစ်တပ်မှ အာဏာပိုင်များ အနေဖြင့် ပါးစပ်ဖြင့်အစုရှယ်ယာများ ပါဝင်လုပ်ဆောင်လျှက် ရှိနေကြသောကြောင်း ရခိုင်သစ်တုံးများမှာ ပိုမိုပြီး ဘင်္ဂလာသို့ လွယ်ကူစွာ တင်ပို့နိုင်ခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

အခုအခါ ရခိုင်ပြည်နယ်မှ သစ်တောများမှာ စစ်အာဏာပိုင်များ နည်းမျိုးစုံဖြင့် အိမ်နီးချင်းနိုင်ငံများ၊ သစ်ကုမ္ပဏီများအပြင် သစ်ကုန်သည် များကို အလွဲသုံးစား ခုတ်လှဲရောင်းစားခြင်းများကြောင့် တဖြည်းဖြည်း ပြုန်းတီးလာကြောင်း လေ့လာသူများကဆိုသည်။

Tuesday, April 12, 2011

ရခိုင်ပြည်အမျိုးသားကောင်စီသို့

ရခိုင်ပြည်အမျိုးသားကောင်စီသို့

တာနာမြီ
ဂုဏ်ရှိန်ကျော်ကြား မျိုးစောင့်သားရို့
မျိုးခြားလက်အောက် ကျွန်သဘောက်ဘဝ
လွတ်မြောက်ဖို့ချိန် တန်ပါဗျာလ်။

ခိုင် မြဲမဏ္ဍိုင် ပြည်ရခိုင်လည်း
ယိမ်းယိုင်ပြိုပျက် သွီးအိမ္မက်ထဲ
ကြေကွဲဒါဏ် ဝေဒနာနန့်
လုံးဖက်ခံစား ရန်သူကြားမှာ
ချောက်သျှားဗျာဗွီ မျက်ရည်ကြွီရ။

ပြည် သူ့ရင်ဝယ် မျှော်ရည်တမ်းတ
မိဖစင်စစ် မိတ္တာရိပ်ကို
မှေးမှိတ်ခိုနား နိန်ချင်ငြားလည်း
တစ်ပါးရင်ခွင် ငြိုငြင်နှိပ်စက်
အိပ်ပျက်ညပေါင်း ကုဋေကဋာ။

တွေးတစ်စ သက်သီပြဖို့
ဆန္ဒရည်သန် ကြံ့ကြံ့ခံရင်း
မြဲမြံသစ္စာ ခိုင်မာစိတ်ဓါတ်
မားမားရပ်ပနာ နန်းတော်ရာလည်း
တောခြုံထဲမှာ ငိုနိန်ဆဲ။

မျိုး ဂုဏ်မထောက် သစ္စာဖေါက်လို့
ပြည်ပျောက်နိန်ရ ဒေဘ၀ကို
နောင်တဂုခါ မယူပါဂေ
ဇာတာကျွန်တွင်း မလွတ်ကင်းနိုင်။

သား သမီးမကောင်း မိဖဂေါင်း - လတ်
ဖြစ်ကြောင်းစုံရာ တွေးကြည့်ပါဂေ
ပြည်ရွာရေးထက် ၀မ်းရေးခက်သူ
ဗိုလ်လူတသိုက် အသိမိုက်လို့
ကျွန်ဖြစ်နိန်ရ ကတ်ကေလေ့ -။

ကောင် စီအဖြစ် လူ့ဘောင်သစ်နန့်
အတိတ်သမိုင်း ပြည်တံတိုင်းကို
မျှော်မှန်းတည်ဆောက် အချိန်ရောက်ဗျာလ်။

စီ ကာပတ်ကုန်း ပြောမဆုံးလည်း
ယူကျူံးမရ ဒေဘ၀က
ရုန်းထလွတ်မြောက် သဘောက်ကျွေးကျွန်
မခံစိတ်ဓါတ် အကျင့်မြတ်နန့်
မျိုးမြတ်ဂုဏ်ရောင် ထွန်းတောက်ပြောင်ဖို့
ညီနောင်သားချင်း ရိုင်းပင်းကူညီ
စုပေါင်းညီညွတ် လုပ်ဆောင်ကတ်မေ။

သို့ လော သို့လော
တွေးတောဝေဖန် အချိန်လွန်ဂေ
မမှန်စိတ်ဓါတ် အကျင့်ချွတ်ဂေ
မလွတ်ကျွန်တွင်း ကျွန်တလင်းမှာ
လမ်းခင်းဘ၀ ရောက်လိမ့်မေ။

ကိုကျော်ဇံ
(၁၅၊ ၀၃၊ ၀၆)

Monday, April 11, 2011

မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်တွင် အဆင့်မြင့် လေတပ်အခြေစိုက် စခန်း တည်ဆောက်

မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်တွင် အဆင့်မြင့် လေတပ်အခြေစိုက် စခန်း တည်ဆောက်

4/8/2011


-------------
တာကလူး
-------------
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောမြို့၏ အနောက်မြောက်ဘက် ၅၇ ကီလိုမီတာ အကွာအဝေးတွင်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇာ (ခေါ်) ဖလောင်းချိတ်မြို့တွင် အဆင့်မြင့် လေတပ် အခြေစိုက် စခန်း တစ်ခုကို စတင် တည်ဆောက်နေပြီဖြစ်သည်။

NLD
အဆိုပါ လေတပ်အခြေစိုက်စခန်း တည်ဆောက်ရေးကို ၀န်ကြီးချုပ် ချိတ်ဟာဆီးနာက ဧပြီလ ၃ ရက်နေ့က ကော့စ်ဘဇာသို့ လည်ပတ်စဉ် စတင် အုတ်မြစ်ချ ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းပြင် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်သည် မြန်မာနယ်စပ်အထိ ဖောက်လုပ်မည့် ရထားလမ်းပိုင်း စီမံကိန်းကိုလည်း အုတ်မြစ်ချ ဖွင့်လှစ်ပေးခဲ့သည်။

ဝန်ကြီးချုပ်ဟာဆီးနာက လေတပ်စခန်း အုတ်မြစ်ချဖွင့်ပွဲ မိန့်ခွန်း ပြောကြားရာတွင် “တိုင်းပြည်ရဲ့ လေပြင်ကိုသာမက ရေပြင်ကိုပါကာကွယ်ဖို့ လေတပ်ကို ကမ္ဘာအဆင့်မှီ ဖွဲ့စည်း တပ်ဆင်သွားမယ်” ဟု ထုတ်ဖေါ်ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က တိုင်းပြည်၏ ရေပြင်ပိုင်နက် လုံခြုံရေးကို ထိရောက်သေချာစွာ ကာကွယ်နိုင်ဖို့ ကော့စ်ဘဇားတွင် အဆင့်မြင့် လေတပ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်မည်ဟု လွန်ခဲ့သော ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကျင့်ပခဲ့သည့် လေတပ် ဘွဲ့သဘင် အခမ်းအနား တစ်ခုတွင် မိန့်ခွန်း ပြောကြားခဲ့ပြီးနောက်ပိုင်း သုံးလအကြာတွင် ယခုကဲ့သို့ စတင် အကောင်အထည်ဖော် တည်ဆောက်လာခြင်းဖြစ်သည်။

ယခု လေတပ်အခြေစိုက်စခန်းသစ် တည်ဆောက်နေသည့် ကော့စ်ဘဇာ၏ ကမ်းလွန် ပင်လယ်ပြင်တွင် ဘင်္ဂလာဒေ့ရှ် နှင့် မြန်မာနိုင်ငံတို့အကြား ရေပြင်ပိုင်နက် အငြင်းပွါးလျက်ရှိသည်။

အဆိုပါ ပင်လယ်ရေပြင်ပိုင်နက် အငြင်းပွါးမှုကို ကုလသမဂ္ဂမှ ကြားဝင်ဖြေရှင်းပေးရန် ဘင်္ဂလာဒေ့ရှ် နှင့် မြန်မာနှစ်နိုင်ငံစလုံးမှ သဘောတူ လက်ခံပြီးလည်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်မှ ၄င်း၏ရေပြင်ပိုင်နက် တောင်းဆိုမှုကို ကုလသမဂ္ဂသို့ လွန်ခဲ့သော ဖေဖေါ်ဝါရီ လကုန်ပိုင်းတွင် တင်သွင်းခဲ့ပြီး၊ မြန်မာနိုင်ငံမှ ၂၀၀၈ ခု ဒီဇင်ဘာလတွင် တင်သွင်းခဲ့သည်။

၂၀၀၈ ခုနှစ်တွင် နှစ်ဘက်နိုင်ငံစလုံးမှ အငြင်းပွါးရာ ရေပိုင်နက်အနီးသို့ စစ်သင်္ဘောများ စေလွှတ်ခဲ့သည်အထိ တင်းမာမှုများဖြစ်ပွါးခဲ့ပြီးနောက်ပိုင်း နှစ်ငံအကြားဆွေးနွေးမှုများစွာ ပြုလုပ်ခဲ့ကြပြီး ငြိမ်းချမ်းသော ဆွေးနွေးပွဲများဖြင့် ပြဿနာကို ဖြေရှင်းရန် သဘောတူခဲ့သည်။

ယခုကဲ့သို့ အငြင်းပွါးနေသော ရေပိုင်နက်အနီး ဘင်္ဂလားဒေ့ရှ်ဘက်မှ ၄င်း၏ ရေပိုင်နက် လုံခြုံရေးကို ကာကွယ်နိုင်မည့် လေတပ်အခြေစိုက်စခန်း တည်ဆောက်လိုက်ခြင်းမှာ နည်းဗျူဟာ အရ အလွန်အရေးပါသော လုပ်ရပ်တစ်ခုဖြစ်သည်ဟုလည်း လေ့လာသုံးသပ်သူများ၏ ပြောကြားချက်အရ သိရသည်။

ဝန်ကြီးချုပ် ချိတ်ဟာဆိနာသည် လေတပ်စခန်း အုတ်မြစ်ချဖွင့်ပေးခဲ့သည့် တနေ့တည်းတွင်ပင် မြန်မာနယ်စပ်အထိ ဆက်သွယ်ဖောက်လုပ်မည့် ရထားလမ်းပိုင်းတစ်ခုကိုလည်း အုတ်မြစ်ချဖွင့်လှစ် ပေးခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်းမြို့တော် စစ်တကောင်းမှ မြန်မာနယ်စပ် ဂေါင်းတုံးအထိ ဆက်သွယ်ဖေါက်လုပ်မည့် အဆိုပါရထားလမ်းမှာ အရှည် ၁၂၈ ကီလိုမီတာ အကျယ် တစ်မီတာ ရထားလမ်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၅၅ သန်းအကုန်ကျခံကာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် အပြီးသတ် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်မှ ၄င်းရထားလမ်းကို ဒေသတွင်း ဆက်သွယ်ရေးအတွက်သာမက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ဖြတ်ပြီး အာရှရထားလမ်းနှင့် တရုတ်နိုင်ငံ ကူမီးမြို့ထိ ဆက်သွယ်နိုင်ရန် ရည်ရွယ် ဖောက်လုပ်ခြင်းဖြစ်သည်။ မြန်မာစစ်အစိုးရမှလည်း ရခိုင်ပြည်နယ်အတွင်း ရထားလမ်းများ ဖေါက်လုပ်နေရာတွင် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ကူမီးမြို့ အထိ တည်ဆောက်နေသည့် ရေနံဓါတ်ငွေ့ ပိုက်လိုင်းများနှင့်အတူ ရထားလမ်းတစ်ခုကိုလည်း လာမည့် ၂၀၁၅ တွင် အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သို့သော်လည်း ဘင်္ဂလားဒေ့ရှ်ရထားလမ်းကို အာရှရထားလမ်း (သို့) တရုတ်နိုင်ငံသို့ ဆက်သွယ်ခွင့်ပြုရန် မြန်မာစစ်အစိုးရအနေဖြင့် ရခိုင်ပြည်အတွင်း မောင်တောမှ ကျောက်တော်အထိ ရထားလမ်းပိုင်းတစ်ခုကို တည်ဆောက်ပေးရမည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာကိုဖြတ်ပြီး ရထားလမ်း ကားလမ်းများဖြင့် မြန်မာအပါအ၀င် တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်မှုတိုးမြှင့်လုပ်ဆောင်ရန် အထူးစိတ်ဝင်စားနေသော်လည်း ဆယ်စုနှစ်တစ်ခုနီးပါး တိုးတက်မှုမရှိဘဲ ရပ်တန့်နေသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ ချစ်ကြည်ရေးလမ်းမနှင့် ရခိုင်ပြည်နယ်စပ်တွင် အခိုင်အမာ ကာရံနေသည့် နယ်စပ်ခြံစည်းရိုးကို ကြည့်ခြင်းအားဖြင့် မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်နှင့် ကားလမ်း (သို့) ရထားလမ်းဖြင့် ဆက်သွယ်ရန် စိတ်ဝင်စားမှု မရှိကြောင်းကို ပြသနေသည်ဟု လေ့လာသုံးသပ်သူများက ပြောသည်။

သတင်းစာကကျေညာသော်လည်း ရခိုင်လူငယ်များ သင်္ကြန်ပွဲ ဆင်နွဲကြမည် မဟုတ်

သတင်းစာကကျေညာသော်လည်း ရခိုင်လူငယ်များ သင်္ကြန်ပွဲ ဆင်နွဲကြမည် မဟုတ်

4/9/2011


မြန်မာ အာဏာပိုင်များက ရခိုင်သင်္ကြန်အား လိုင်သာယာ မြို့နယ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း အစိုးရပိုင် သတင်းစာက ကျေညာသော်လည်း ရခိုင်လူငယ်များ ပါဝင် ဆင်နွဲကြတော့မည် မဟုတ်ကြောင်း သတင်း ရရှိသည်။

Rakhine-Water-Festival.jpg
ရန်ကုန်နေ ရခိုင်လူငယ် အများစုမှာ အစိုးရ တာဝန်ရှိသူများ၏ လူမျိုးရေးအရ အနိုင်ကျင့်မူကြောင့် သတင်းစာက ရခိုင်သင်္ကြန် စည်ကားစွာ ကျင်းပမည်ဟု ကျေညာသော်လည်း ယခုနှစ် သင်္ကြန်အတွင်း မိမိဒေသသို့ ပြန်သွားခဲ့ကြသည်ဟု ရခိုင်လူငယ် တစ်ဦးက ပြောသည်။

“ ခါတိုင်းနှစ်တွေမှာ ဆိုရင် ရခိုင်လူငယ်တွေက သင်္ကြန် ရန်ကုန်မှာဘဲ ပါဝင်ဆင်နွဲခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ လိုင်သာယာမှာ ဗုံးကွဲပြီးတဲ့နောက် ရိုးရိုးသာမန် လုပ်ကိုင်စားသောက်နေတဲ့ ရခိုင် လူငယ်တွေကို ရဲအဖွဲ့က ခေါ်ယူနှိပ်စက်တာတွေ ရှိတဲ့ အပြင် လူမျိုးရေးအရ စော်ကားတာတွေ ရှိခဲ့ အတွက် ရခိုင်လူငယ်တွေ အကုန်လုံးနီးပါး ရခိုင်ကို ပြန်သွားကြပါတယ်။ ဘယ်သူမှ လည်း လိုင်သာယာမှာ ရေကစားကြမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

စစ်အစိုးရ သတင်းစာ ကြေးမုံက ဧပြီလ ၆ ရက်နေ့တွင် “ ရခိုင်ရိုးရာသင်္ကြန်ပွဲပျော်ရွှင်စွာဆင်နွဲမည်” ခေါင်းစဉ်ဖြင့် ထူးထူးခြားခြား သတင်းရေးသား ဖေါ်ပြခဲ့သည်။

အဆိုပါ သတင်းတွင် “ ရန်ကုန်မြို့တွင် ရခိုင်ရိုးရာ သင်္ကြန်ပွဲများ ဆင်နွဲလျှက် ရှိသည် အနက် လိုင်သာယာ မြို့နယ် အောင်မြေသာယာရွှေ စေတီတော် ဘုရားရှေ့ တံတားဖြူ မှတ်တိုင် အနီး ညောင်တုန်းလမ်းမပေါ်တွင် ယဉ်ကျေးမူ မဏ္ဍပ်၊ ရေလောင်းမဏ္ဍပ်များ ဆောက်လုပ်ကာ သတ္တမ အကြိမ်မြှောက် စည်ကား သိုက်မြိုက်စွာ ကျင်းပကြမည် ဖြစ်သည်။ ရိုးရာ အစဉ်အလာမပျက် ကျင်းပသည့် ပွဲများ အနက် အဖိတ်နေ့တွင် နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲကို ဆင်နွဲကြမည်။ ထို့အပြင် စည်တော်ယိမ်း၊ ဆီမီးခွက်ယိမ်း၊ မင်းလဲ- ရခိုင်၊ ငါလဲ- ရခိုင် သီချင်း၊ တစ်ကိုယ်တော် သီချင်းဆိုပွဲတို့ ပါဝင်မည် ဖြစ်ပါသည်” စသဖြင့် ရေးသား ဖေါ်ပြထားသည်။

“ သူတို့ ကျေညာတာကလည်း တော်တော် ထူးခြားပါတယ်။ ရခိုင်လူငယ်တွေ အကြား အချင်းချင်း မခွဲခြားကြဖို့ ရေးဖွဲ့သီကုံးထားတဲ့ လူငယ်တွေ အကြိုက်များတဲ့ မင်းလဲ-ရခိုင်၊ ငါလဲ -ရခိုင် သီချင်းကိုတောင် ထည့်ပြီး ကျေညာထားပါတယ်။ ဒါပေမယ့် ရခိုင်လူငယ်တွေက အကုန်လုံး ပြန်ကုန်ပါပြီ။ အာဏာပိုင်တွေက ဗုံးကွဲတာနဲ့ မဟုတ်မတရား ရခိုင်တွေကို ခေါ်ယူနှိပ်စက်တာကြောင့် တချို့ လူငယ်တွေဆိုရင် ရူးသွားတာတွေ ရှိတဲ့ အတွက် ရခိုင်အမျိုးသားတွေက အထူး မကျေမနပ် ဖြစ်ပြီးတော့ ကိုယ်ဒေသကို ကိုယ်ပြန်သွားကြပါတယ်။ ကျနော်အမြင်ရတော့ လိုင်သာယာမှာ ရှိတဲ့ သူတွေ အကုန်လုံး ပြန်သွားကြပါတယ်။ အနည်းအကျဉ်းဘဲ ကျန်ခဲ့မယ် တင်ပါတယ်” ဟု ပြောသည်။

ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ ရန်ကုန်မြို့ လိုင်သာယာ မြို့နယ် စတိုးဆိုင်အနီး တစ်ခုတွင် ပေါက်ကွဲခဲ့သော ဗုံးကြောင့် အာဏာပိုင်များက ရခိုင်များ ဗုံးခွဲသည်ဟု ဆိုကာ ရခိုင်လူငယ် ၁၀၀ ကျော်နီးပါးကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းခဲ့သည်။ ရပ်ကွက် အတွင်းရှိ ရခိုင်အိမ်များ၊ ရခိုင်ဘုန်းတော်ကြီးကျောင်းများကိုလည်း ၀င်ရောက် မွေနှောက် ရှာဖွေမူများ ပြုလုပ်ခဲ့သည်။

စစ်ဆေးစဉ်အတွင်း ညှဉ်းပမ်းနှိပ်စက်မူများ ပြင်းပြင်းထန်ထန်ရှိခဲ့ပြီး လူမျိုးအရေး ဆဲရေး စော်ကားမူများလည်း ရှိခဲ့သည်။ ဗမာများ ဗုံးခွဲက ဗမာများကို ခေါ်ယူနှိပ်စက်ခြင်းး မရှိဘဲ ရခိုင်များဗုံးခွဲက ရခိုင်များကို ဖမ်းဆီးပြီး ခေါ်ယူ စစ်ဆေး မေးမြန်း နှိပ်စက်မူ ပြုလုပ်ခြင်းမှာ တရား ဥပဒေနှင့် မကိုက်ညီသည့် အပြင် လူမျိုးရေး အရ စော်ကားသည်ဟု အမြင်ရှိသဖြင့် ရခိုင်အမျိုးသားများက အထူး မကျေမနပ် ဖြစ်ခဲ့ကြသည်။

အဆိုပါ ပြဿနာ ဖြစ်ပွားပြီးနောက် လိုင်သာယာမြို့နယ်တွင် နေထိုင်သူ ရခိုင်များက မိမိဒေသ ရခိုင်သို့ ပြန်သွားခဲ့ကြသည်။

သို့သော်လည်း လှိုင်သာယာမြို့နယ်တွင် အလျှားပေ ၈၀ နှင့် အနံပေ ၂၇ ပေရှိသော “ပန်းမြတ်သဇင်ရေ လောင်းမဏ္ဍပ်” တစ်ခုကို ဆောက်လုပ်ပြီး စည်ကား သိုက်မြိုက်စွာ ကျင်းပမည့် အကြောင်းကို ကျင်းပရေး ကော်မီတီ ဘဏ္ဍာရေးမှူး ဦးစံထွန်းကျော်က နိရဉ္စရာကို ယခုကဲ့သို့ပြောသည်။

“ခါတိုင်းနှစ်တွေထက် စည်စည်ကားကားဖြစ်အောင်ပြုလုပ်မှာပါ။ အဲဒီရေလောင်းမဏ္ဍပ်မှာ သီဆိုဖြေ ဖျော်ဖို့အတွက် နာမည်ကြီးရခိုင်အဆိုတော်များလာရောက်ကြမှာဖြစ်တယ်။ ပီးရင်ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို ဖိတ်ခေါ်ထားပြီးတော့ ရေလောင်းပွဲ စနစ်တကျ ဖြစ်အောင် ကြပ်မက်ပေးဖို့အတွက်စီစဉ်ထားပါတယ်။” ဟု ပြောသည်။

Sunday, April 10, 2011

သင်တန်းဆင်းဗိုလ်လောင်းများက ခြေလှမ်းအနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား အလေးပြု တိုင်းရင်းသားအကျိုးကို ဟန်လုပ်ခြင်းဖြင့် အမျိုးသားရေးကိုတည်ဆောက်ကြဟု မင်းအောင်လှိုင် ပြောကြား

ဂစ္ဆပသတင်းဌာန
ဧပြီလ ၁၀ ရက်၊ ၂၀၀၁။
http://gissapa.blogspot.com

သင်တန်းဆင်းဗိုလ်လောင်းများက ခြေလှမ်းအနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား အလေးပြု
တိုင်းရင်းသားအကျိုးကို ဟန်လုပ်ခြင်းဖြင့် အမျိုးသားရေးကိုတည်ဆောက်ကြဟု မင်းအောင်လှိုင် ပြောကြား


တပ်မတော်(ကြည်း) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁၄) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြသည်ဆိုသည့် အခမ်းအနားကို စနေနေ့ နံက် (၇)နာရီခွဲတွင် ကျင်းပခဲ့ရာ သင်တန်းဆင်းဗိုလ်လောင်းများက ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား ခြေလှမ်းအနှေး လျှောက်၊ အမြန် လျှောက်ဖြင့် အလေးပြုခဲ့ကြကြောင်း ဧပြီ (၉)ရက်နေ့ထုတ် မြန်မာ့အလင်း မျက်နှာဖုံးတွင် ဖေါ်ပြလိုက်သည်။

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ဗထူးတပ်မြို့ စစ်ရေးပြကွင်း၌ ကျင်းပရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အသစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားအကျိုးကိုလုပ်ဟန်ဖြင့် အမျိုးသားရေးနှင့် တပ်မတော်စစ်အင်အား ကြီးထွားရေးကို ဇောင်းပေးပြောကြားသွားခဲ့သည်။

ဗိုလ်လောင်းသင်တန်းဆင်း အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေးဦး စီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ တပ်မတော် အရာရှိကြီးများ၊ ကလောတပ်နယ်မှူး၊ ဗထူးတပ်နယ်မှူးနှင့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း ကျောင်းအုပ်ကြီးနှင့် တချို့ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့သည်ဟု ဖေါ်ပြထားသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗိုလ်လောင်းတပ်ခွဲများကို စစ်ဆေးစဉ် တပ်ခွဲများ၏ ခြေလှမ်း အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုခြင်းကို ခံယူခဲ့ရ၍ မြန်မာ့အလင်းက အဓိက ဂုဏ်ပြုဖေါ်ပြထားသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁၄)မှ အကောင်းဆုံး ဗိုလ်လောင်းဆု ရရှိသူ ဗိုလ်လောင်းအမှတ် (၅၉) ဗိုလ်လောင်း ဖြိုးဝေအောင်အား ငွေဓါးဆုချီးမြှင့်ခဲ့ကြောင်း ဖေါ်ပြထားသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က မိမိတို့တပ်မတော်သည် နိုင်ငံတော်တာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ရန်အတွက် စစ်ရေး စွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်ဆိုသည့် စွမ်းရည်သုံးရပ်အစဉ်ပြည့်ဝနေရန် လိုအပ်ကြောင်း၊ တိုင်းရင်းသား ပြည်သူများ အကြားမှ သန္ဓေတည်ပေါက်ဖွားလာသည့် ပြည်သူ့တပ်မတော်ဖြစ်သောကြောင့် ရဲဘော်တို့သည် တာဝန်ကျရာ အသီးသီးတွင် ဒေသခံ တိုင်းရင်းသားပြည်သူများအား ကာကွယ်စောင့်ရှောက်ရန်၊ ပြည်သူများနှင့်အတူ လက်တွဲပြီးပြည်သူ့ အကျိုးစီးပွားကို ဖေါ်ဆောင်ပေးရန် တို့မှာ တပ်မတော်၏ အမျိုးသားနိုင်ငံရေးတခုပင်ဖြစ်ကြောင်း၊ ရဲဘော်တို့အနေဖြင့် ဒို့တာဝန် အရေးသုံးပါးကို အသက်နှင့်လဲပြီး ကာကွယ်စောင့်ရှောက် ရမည်ဖြစ်ကြောင်း၊ ယနေ့ကာလတွင် မိမိတို့တပ်မတော်ကို အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်အဖြစ် တည်ဆောက်လျှက်ရှိကြောင်း၊ ဤကဲ့သို့ တည်ဆောက် နိုင်မှသာ နိုင်ငံတော်မှ ယုံကြည်အားကိုးသည့် တပ်မတော်၊ နိုင်ငံတော်က လေးစားရသည့် တပ်မတော်အဖြစ် ရောက်ရှိလာမှာဖြစ်ကြောင်း၊ အရေးကြုံလာလျှင် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်နိုင်ငံကိုကာကွယ်နိုင်အောင် လုပ်ဆောင်ကြရမှာပင်ဖြစ်ကြောင်း၊ ခေါင်းဆောင်မှုအပြည့်အ၀ ရရှိရန်အတွက် ခေါင်းဆောင်မှုအင်္ဂါရပ် (၁၆)ရပ်နှင့် ပြည့်စုံအောင် ကြိုးစားလုပ်ဆောင်ကြရန် စသည့် မိန်းခွန်းများကို ကစဉ်ကလျား ပြောဆိုခဲ့ကြောင်း ဖေါ်ပြထားသည်။

ဂစ္ဆပသတင်းဌာနမှ မြန်မာနိုင်ငံမှာ အခုပိုင် မတ်လ (၂၈) ရက်နေ့ကစတင်ပြီး ရန်ကုန်တိုင်းမှော်ဘီအခြေစိုက် ခလရ (၉၁)တပ် ရင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားတို့မှ ရန်ကုန်တိုင်း တိုင်းမှူးထံအချက်(၄)ချက်ပါ တောင်းဆိုချက်တို့ကို တောင်းဆို နေစဉ်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်(အသစ်)က မနေ့က(စနေနေ့) အမှတ်စဉ် (၁၁၄) ဗထူးတပ်မြို့ စစ်ရေးပြကွင်း၌ ဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် ပြည်တွင်း၊ ပြည်ပမှ နိုင်ငံတော် အီးချမ်းသာယာရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၇) ပုဒ်မ (၃၃၉)အရ နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပအန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရန် အတွက် တပ်မတော်က ဦးဆောင်ရမည့်အကြောင်း၊ ဗိုလ်လောင်းဆင်းများကို နိုင်ငံခေါင်းဆောင်များ ဖြစ်လာစေဖို့အစား စစ်ခေါင်းဆောင်များဖြစ်လာရန် တိုက်တွန်းပေးခြင်း၊ နိုင်ငံတော်ရှေ့ဆက်သွားမည် မူဝါဒလမ်းစဉ် (၇)ချက်အတိုင်း အဆင့်ဆင့် အောင်မြင် ဆောင်ရွက်နိုင်ခဲ့၊ တိုင်းရင်းသားများကို ကူညီစည်းလုံးဟန်ဖြင့် မဟာဗမာစစ်ဝါဒီစစ်အာဏာရှင်အကျိုးနှင့် စစ်တပ်ကြီး စိုးရေး စသည်တို့ကို မိန်းခွန်း ပြောဆိုသွားခဲ့သည့်အပေါ်မှာ ALP အထွေထွေအတွင်းရေးမှူး အနေဖြင့် မည်သို့ရှု့မြင်သုံးသပ်ပါ သနည်း။ တဖက်မှာ တပ်မတော် သားတွေအနေဖြင့် မည်သို့ပင် အခြေအနေတွင် လက်နက်အပြည့်အစုံဖြင့် တပ်မှထွက်ပြေးပြီး တော်လှန်ရေးသမားများနဲ့ ပူးပေါင်းဖို့ မကြာခဏ ကြိုးပမ်းနေကြပါသနည်း။

“နိုင်ငံတော်အာဏာကို အရပ်သားအစိုးရ လက်ထဲသို့ လွှဲအပ်လိုက်ပြီဆိုရပေအံ့၊ ဟန်ပြလုပ်ဆောင်ခြင်း တခုသာဖြစ်ပါတယ် ဆိုတာကို ပြည်သူတွေအပါအ၀င် စစ်မှန်တဲ့နိုင်ငံရေး-တော်လှန်ရေးသမားတွေ အားလုံးက အမြဲတမ်းသတိရှိနေဖို့ လိုပါတယ်၊ တပ်မတော်ဆိုတာ ဟာပြည်သူ့အသက်အိုးအိမ်စိမ်းစိမ်တွေကို ကာကွယ်ဖို့ရာအတွက် ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အင်အားစုကြီး ဆိုရင် မမှားနိုင်ပါဘူး၊ လက်တွေ့မှာတော့ လက်အောက်ငယ်သား ရဲဘော်တွေဟာ စစ်ဗိုလ်ကြီးတွေ ခိုင်းသမျှ လုပ်နေကြရတယ်၊ လက်နက်အားကိုးနဲ့ ပြည်သူ တွေကို အနိုင်ကျင့်ချင်တိုင်း ကျင့်နေတယ်၊ ပြည်တွင်းစစ်ကြီးကို နှစ်ရှည်ဖန်တီးထားတာတွေ တွေ့နေရတယ်၊ ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင်က အမှတ်စဉ် ၁၄၄ ဗိုလ်လောင်း သင်တန်းဆင်းပွဲမှာ ဗိုလ်လောင်းတွေကို စစ်ခေါင်းဆောင်တွေအဖြစ် ကြိုးစားဖို့ တိုက်တွန်းသွား ခဲ့တာဟာ စစ်အာဏာရှင်စနစ်ကို ပိုမိုခိုင်မြဲအောင် ကြိုးစားဖို့ မှာကြားနေ ခြင်းဖြစ်တယ်လို့ ကျမ မြင်ပါတယ်၊ မြန်မာ ပြည်ရဲ့ အဓိက ပြဿနာဟာ နိုင်ငံရေးပြဿနာဖြစ်တယ်၊ နိုင်ငံရေးပြဿနာကို အားလုံးသော စစ်မှန်တဲ့ နိုင်ငံရေး-တော်လှန်ရေးတွေက စားပွဲ ပေါ်တင်ပြီး ဆွေးနွေးယင်း အဖြေရှာလိုကြတယ်၊ ဒါပေမဲ့ ဗိုလ်ချုပ်ကြီး သန်းရွှေခေါင်းဆောင်တဲ့ နအဖ၊ ယခင် န၀တ၊ မဆလ အဆက် ဆက်က လက်နက်အားကိုးနဲ့သာ ဖြေရှင်းဖို့ ကြိုးစားခဲ့ကြတယ်၊ လက်ရှိ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ဟန်ပြအရပ်သား အစိုးရကလည်း အ၀တ်အစားမတူတာကလွဲရင် အားလုံးအရင်အတိုင်း ဖြစ်ဖို့များပါတယ်၊ တိုင်းပြည်ရဲ့ပြဿနာကို လက်နက်အား ကိုးနဲ့ ဖြေရှင်းလေ ပြဿနာပိုမိုများ လေဘဲဖြစ် မယ်၊ ယခုပြည်သူတွေသာမက သူတို့စစ်တပ်အချင်းချင်းပင် ပစ်ခတ်မှုတွေ ဖြစ်လာ ပြီးပြီ၊ ရဲဘော်တွေ အမြဲ ထွက်ပြေး နေကြတယ်၊ ဒါဟာ တပ်မတော်သားတွေပင်လျှင် စစ်မှန်တဲ့ နိုင်ငံရေး၊ တော်လှန်ရေးတွေကို တန်ဖိုးထားလာကြ တယ်ဆိုတာ ပြသနေခြင်းဖြစ်တယ်။”ဟု ALP အထွေထွေအတွင်းရေးမှူးချုပ် ခိုင်အောင်မိုးဝေ မှ သုံးသပ် ပြောဆိုခြင်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပြောကြားရာတွင် တိုင်းရင်းသားပြည်သူများ၏ အန္တရာယ်ကိုကာကွယ်စောင့်ရှောက်ပေးခဲ့ကြောင်း၊ သွေးခွဲသပ်လျှို့လုပ်ဆောင်မှုများကို ကာကွယ်ထိမ်းသိမ်းပေးခဲ့ကြောင်း၊ ပြည်ပအင်ကြီးနိုင်ငံများက သူတို့၏ သြဇာခံနိုင်ငံ ဖြစ် အောင် အမျိုးမျိုးကြံဆောင် လုပ်ဆောင်မှုများကို ကြံ့ကြံ့ခံတွန်းလှန်ရပ်တည်ခဲ့ကြောင်း လိမ်လည်ပြောဆိုခဲ့သည်။

တဆက်တည်းမှာ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ်ဖြစ်သော လေ့ကျင့်ရေးနှင့် တည်ဆောက်ရေး၊ အုပ်ချုပ်ရေးနှင့်တည်ဆောက်၊ သက်သာချောင်ချီရေးနှင့်တည်ဆောက်၊ စိတ်ဓါတ်နှင့် တည်ဆောက်ခြင်းများဖြင့် မိမိတို့တပ်မတော်ကို တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်သားဘ၀ကို ခံယူလိုက်သည့်အခါ နယ်ဘက်ဥပဒေကို ဆက် လက်စောင့်ထိန်းရသည့်အပြင် စစ်ဘက်ဥပဒေကိုလည်း ထမ်းပိုးလိုက်နာကြသူများဖြစ်ကြောင်း၊ တပ်မတော်အဖွဲ့အစည်းသည် စစ်ဘက်၊ နယ်ဘက်စည်းမျှဉ်း၊ စည်းကမ်း၊ ဥပဒေများကို ပိုပြီးတိကျစွာ လိုက်နာရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၇) ပုဒ်မ(၃၃၉)အရ နိုင်ငံတော်အားပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင် ရမည်ဟု ပြဌာန်းထားချက်နှင့်အညီ တိုင်းပြည်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ဟန့်တားနှောက်ယှက်သည့် ပြည်တွင်း၊ ပြည်ပ အကြမ်းဖက် လုပ်ရပ်များချုပ်ငြိမ်းသွားရန်၊ တပ်မတော် (ကြည်း)တွင် စစ်စွမ်းရည်ပြည့်ဝသော အရာရှိကောင်းများ ဖြစ်ပေါ် လာစေရန်၊ ခြေလျင်တပ်စုတစုအား ပိုင်နိုင်စွာ ဦးစီးကွပ်ကဲ၍ စစ်မြေပြင်တွင် တိုက်ပွဲဝင်နိုင်ရန်တို့ဖြစ်ကြောင်း၊ နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇)ရပ်အတိုင်း အဆင့်ဆင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံ့ခေါင်း ဆောင်ကြီးများ ဖြစ်ရေးထက် စစ်ရေး၊ တပ်မတော်ရေးသာကို ဦးစားပေးပြောခဲ့သည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဗိုလ်လောင်းများအား ပြောကြားခြင်းများမှာ မတ်လ (၂၈) ရက်နေ့တွင် ရန်ကုန်တိုင်းမှော်ဘီ အခြေစိုက် ခလရ (၉၁)ရှိ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများမှ ရန်ကုန်တိုင်း တိုင်းမှူးထံအချက်(၄)ချက်ပါ တောင်းဆိုချက်များဖြစ်သော -

(၁) လက်ရှိ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအား ပြန်လည်ပြင်ဆင်ရေးဆွဲရန်။
(၂) လက်ရှိလစာထက် ပိုမိုတိုးမြင့်ပေးရန်။
(၃) ဝန်ထမ်းဟောင်းများရဲ့ ပင်စင်လစာငွေအားတိုးမြင့်ပေးရန်။
(၄) ဗိုလ်ချုပ်လမ်းစဉ်အတိုင်း ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင်အဖ ဆိုတာကိုခံယူပြီး တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ အပေါ် လက်နက်အားကိုးနှင့် မဖြေရှင်းပဲ တွေ့ဆုံဆွေးနွေးရေးဖြင့်ငြိမ်းချမ်းစွာဖြေရှင်းကြရန်တို့ကို နည်းမျိုးဖြင့် ဆန့်ကျင် ပယ်ချလိုက် ခြင်းဖြစ်သည်။

ထို့အပြင် အခြားသော တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တပ်ရင်း၊ တပ်မများသော်လည်းကောင်း၊ ရန်ကုန်တိုင်းမှော်ဘီအခြေစိုက် ခလရ (၉၁)ရှိ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများ၏ အချက် (၄)ချက်ပါ တောင်းဆိုချက်များသော်လည်းကောင်း၊ ယခုဗိုလ်သင်တန်း ဆင်းသည့် ဗိုလ်လောင်းများနှင့် စိတ်ဝမ်းကွဲအက်သွားစေရန် အစီအစဉ်ရှိရှိ ဖန်တီးပြောဆိုလိုက်ခြင်းဖြစ်သည်။

(၁) ယနေ့ မြန်မာနိုင်ငံ၏ ဆိုရွားလှသောလူမှု ဒုက္ခအလုံးစုံတို့သည် မှားယွင်းသော စစ်ခေါင်းဆောင်တချို့၏ အုပ်ချုပ်မှုကြောင့် ဖြစ်သည် ကို တပ်မတော်သားကောင်းများ အသိပင်ဖြစ်ကြောင်း၊ (၂) ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင်အဖ ဆိုသည့်တပ် မတော်၏ ဆောင်ပုဒ်သည် စစ်အာဏာရှင်တချို့၏ အုပ်ချုပ်မှုကြောင့် တပ်မတော်သာလျှင်အမိ၊ တပ်မတော်သာလျှင်အဖ အဖြစ်သို့ ပြောင်းလဲ ခေါ်ဝေါ်သုံးစွဲခဲ့သည့် အဆင့်သို့ရောက်ရှိခြင်း၊ (၃) ကမ္ဘာ့အလယ်တွင် မြန်မာ့တပ်မတော်၏ဂုဏ်သိက္ခာသည် အဖတ် ဆည်၍ မရလောက် အောင်ကျဆင်းခြဲ့ခင်း၊ (၄) နှစ်ပေါင်းများစွာ စစ်ခေါင်းဆောင်တွေရဲ့ သွေးခွဲအုပ်ချုပ်မှုစနစ်အောက်တွင် တပ်မတော်နဲ့ပြည်သူ အထင်လွဲ အမြင်လွဲဖြစ်ကာ စည်းလုံးညီညွတ်မှုများဆုံးရှုံးခဲ့ရခြင်းနှင့် (၅) တိုင်းရင်းသားကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အဓမ္မခိုင်းစေခြင်းများနှင့် အမျိုးသမီးများကို မုဒိန်းကျင့်သတ်ဖြတ်ခြင်း မျက်ဝါးဝါးထင်ထင် ရှိနေမှုများကြောင့် အထက်ဖော်ပြပါ လုပ်ရပ်ဆိုးများပပျောက်ရန် တပ်မတော်သားကောင်းတိုင်းတွင် တာဝန်အပြည့်ရှိသည်ဟု မြန်မာနိုင်ငံ လူထု လှုပ်ရှားမှု အင်အားစုများမှ လေးနက်စွာယုံကြည်ကြောင်း ၎င်းတို့ ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

မြေအောင်းပွေး (ဂါမဏိ)

မြေအောင်းပွေး

mole (နာမ်)။ ၁။ ပွေးသတ္တဝါ။

၂။ တဖက်ရန်သူအတွင်း အယုံသွင်းမြှုပ်နှံထားသော သူလျှို။

(ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ထုတ် အင်္ဂလိပ်-မြန်မာအဘိဓာန် မှ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ဟာ အာဏာရှင်ကက်စထရို အုပ်စိုးတဲ့ ကျူးဘားနိုင်ငံက မိုင် ၉၀ အကွာပင်လယ် ခြားလျက်ရှိတဲ့နယ်မြေဖြစ်ပါတယ်။ ကျူးဘားနိုင်ငံဟာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းနိုင်ငံဖြစ်တာကြောင့် ကျူးဘား ပြည်ထဲ နေမရတဲ့ အတိုက်အခံတွေ ဒီမိုကရေစီသမားတွေ ဒုက္ခသည်တွေအတွက် ဖလော်ရီဒါပြည်နယ်မြို့တော် မိုင်ယာမီဟာ အချက်အခြာလွတ်မြောက်ဒေသဖြစ်နေရုံတင်မက စားဝတ်နေရေးအတွက်ထွက်လာသူ ကျူးဘား ရွှေ့ပြောင်းအလုပ်သမား တွေအဖို့လဲ အရေးပါတဲ့ အားကိုးခိုနားရာဖြစ်နေပါတယ်။ ဒီကနေ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ဟာ မြန်မာအတိုက်အခံမျိုးစုံအတွက် ဗဟိုချက်ဖြစ်နေသလိုမျိုး ဖြစ်ပါတယ်။

ဒါကြောင့် ကျူးဘားအစိုးရ ထောက်လှမ်းရေးဟာ မိုင်ယာမီမှာရှိတဲ့ အဝေးရောက်အဖွဲ့အစည်းပေါင်းစုံထဲကို နှစ်ပေါင်း ၄၀ ကျော် စိမ့်ဝင်ထိုးဖောက်ခဲ့ပြီး အဲဒီအတိုက်အခံအဖွဲ့တွေကို သတင်းထောက်လှမ်းရုံတင်မက ချုပ်ကိုင် စေခိုင်းနိုင်တဲ့ အထိ စွမ်းဆောင် ခဲ့ပါတယ်။ ဒီအတိုက်အခံအဖွဲ့တွေထဲက အတက်ကြွအလှုပ်ရှားဆုံးအဖွဲ့ရဲ့ စစ်ဆင်ရေးမှူးဟာ အာဏာရှင် ဖီဒယ်ကက်စ်ထရို ဆီကို ၁၀ နှစ်ကျော် လျှို့ဝှက်သတင်းပို့နေခဲ့သလို စီအိုင်အေက သိမ်းသွင်းခဲ့တဲ့ ကျူးဘားအတိုက်အခံ ၄၀-၅၀ လောက်ဟာလဲ တကယ့်လက်တွေ့မှာ ကျူးဘားထောက်လှမ်းရေးလူတွေ ဖြစ်နေခဲ့ပါ တယ်။

ကျူးဘားနိုင်ငံကို လေယာဉ်နဲ့ စာသွားကြဲ၊ လူခေါ်ထုတ်တာတွေလုပ်တဲ့ ထိပ်သီးအတိုက်အခံအဖွဲ့ရဲ့ အမှုဆောင် ကျူးဘား လေတပ်လေသူရဲဟောင်း ဟွမ်ပါဘလိုရော့က် ဟာ မထင်မှတ်တဲ့တနေ့မှာ ကျူးဘားရုပ်မြင်သံကြားမှာ ပေါ် လာပြီး သူ့အဖွဲ့ကို စီအိုင်အေသြဇာခံအဖွဲ့လို့ ရှုတ်ချတာတွေ လုပ်လာမှ ဒီလူဟာ ကက်စထရိုမြှုပ်ထားတဲ့ မြေအောင်း ပွေးမှန်း အားလုံးသိသွား ကြပါတော့တယ်။ သူသတင်းပေးလို့ အတိုက်အခံလေယာဉ် ၂ စင်းကို ကက်စထရို လေတပ် က ပစ်ချနိုင်ခဲ့ပါတယ်။

ရာနဲ့ချီတဲ့ ကျူးဘားသူလျှိုတွေ ပွေးတွေဟာ အခုထိ အမေရိကန်နိုင်ငံမှာ နေထိုင် အလုပ်လုပ်နေကြတယ်လို့ ၁၉၈၇ ခုမှာ ဘက်ပြောင်းလာတဲ့ ကျူးဘားထောက်လှမ်းရေး ဗိုလ်မှူးဖလော်ရင်တီနိုအက်စ်ပီလဂါက ထုတ်ဖော်ပြောခဲ့ပါတယ်။ ၁၉၆၄-၆၅ ခုနှစ်လောက်ကစပြီး စီအိုင်အေသိမ်းသွင်းခဲ့တဲ့ ကျူးဘားလူမျိုးအများစုကြီးဟာ ကက်စထရိုအတွက် လျှို့ဝှက်အလုပ်လုပ်ပေးနေတဲ့ နှစ်ဖက်ချွန်တွေ ဖြစ်တယ်လို့လဲ ဖော်ထုတ်ခဲ့ပါတယ်။ ဒီဗိုလ်မှူးပြောတာမှန်ကြောင်း ၁၉၉၁ ခုမှာ သက်သေအထောက်အထား တွေ့ခဲ့ရပါတယ်။

ကျူးဘားပွေးတွေဟာ အတိုက်အခံခေါင်းဆောင်တွေ၊ ဒုတိယတန်းခေါင်းဆောင်တွေ၊ သံတမန်တွေ၊ တက္ကဆီကား မောင်းသမား တွေ၊ လက်နက်အရောင်းအဝယ်သမားတွေ၊ မူးယစ်ဆေးကုန်ကူးသမားတွေ၊ မီဒီယာသမားတွေအဖြစ် အသွင်ယူလှုပ်ရှား နေကြပါတယ်။ မိုင်ယာမီမြို့ရဲ့ ကျူးဘားရပ်ကွက်က အရက်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ လှုပ်ရှားနေကြပါတယ်။ ကျူးဘား ထောက်လှမ်းရေးတွေ မြေအောင်းပွေးတွေကို အဓိကကွပ်ကဲကြီးကြပ်နေတာက တော့ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ ကျူးဘားသံရုံးဖြစ်ပါတယ်။

ဟွမ်ပါဘလိုရော့က်ကို အမေရိကန် အက်ဖ်ဘီအိုင် ထောက်လှမ်းရေးအဖွဲ့က လစာ ဒေါ်လာ ၆ ထောင်ကျော်ပေးပြီး ကျူးဘားနဲ့ ပတ်သက်တဲ့သတင်းတွေ ထောက်လှမ်းပေးပို့ခိုင်းထားတာ ဖြစ်ပါတယ်။ ဒီအနေအထားကိုအသုံးချပြီး ကျူးဘားထောက်လှမ်း ရေးဟာ ရော့က်ကတဆင့် အက်ဖ်ဘီအိုင်ကို ကိုင်တွယ်ကစားခဲ့ပါတယ်။ လိုရင်လိုသလို သတင်းမှားတွေ သတင်းလွဲတွေ ခွံ့ပေး ပြီး အက်ဖ်ဘီအိုင်အဖွဲ့ကြီးကိုလဲ တန်ပြန်ထောက်လှမ်း၊ ကျူးဘားအတိုက်အခံ အဖွဲ့တွေကိုလဲ ဂျောက်ကျအောင်လုပ်နိုင်ခဲ့ပါတယ်။

ဟိုဆေးရာဖယ်လ်ဖာနန်ဒက်ဇ်ဘရင်းနစ္စ ကတော့ ၁၉၈၈ ခုမှာ ကျူးဘားသင်္ဘောသားဘဝကနေ အမေရိကန်မှာ ခုန်ချပြီး အမေရိကန်အစိုးရအလုပ်တခု ရခဲ့ပါတယ်။ သူဟာ အမေရိကန်အစိုးရ အထောက်အပံ့နဲ့ (လွတ်လပ်သော ဥရောပအသံ၊ လွတ်လပ်သောအာရှအသံတို့နဲ့အဆင့်တူ) မာတီ ရုပ်သံလွှင့်ဌာနကို တည်ထောင်ပြီး ကက်စထရို ဆန့်ကျင်ရေးတွေ ထုတ်လွှင့် ခဲ့ပါတယ်။ ၁၉၉၀ ခု မတ်လမှာ မာတီ ရုပ်သံ စလွှင့်လွှင့်ချင်း ကျူးဘားအစိုးရက ရုပ်သံ လှိုင်းကို တိတိကျကျ ထိထိရောက် ရောက်ဖျက်နိုင်ခဲ့ပါတယ်။ ဒါဟာ ဘရင်းနစ္စ လျှို့ဝှက်ပေးပို့ထားတဲ့ လှိုင်းနှုန်းနဲ့ နည်း ပညာအချက်အလက်ကြောင့် ချက်ခြင်း အတိအကျဖျက်နိုင်တာ ဖြစ်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေအလုပ်ဆုံး အပြင်းထန်ဆုံးကက်စထရိုဆန့်ကျင်ရေးအဖွဲ့တခုဖြစ်တဲ့ အယ်လ်ဖာ ၆၆ အဖွဲ့ ခေါင်း ဆောင် ဖရန်စစ္စကိုအဗီလာအက်ဇ်ကျွီ ဟာ အမေရိကန်အက်ဖ်ဘီအိုင်နဲ့ ကျူးဘားထောက်လှမ်းရေးကို တပြိုင် တည်း လျှို့ဝှက် သတင်းပေးနေသူဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်မှာ ကျူးဘားနိုင်ငံကို အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်မှု တခု စီစဉ်ခဲ့ပြီး အက်ဖ်ဘီ အိုင်ကို သတင်းပို့အကူညီယူခဲ့သလို ကျူးဘားထောက်လှမ်းရေးကို သတင်းပို့ပြီး အယ်လ်ဖာ ၆၆ တပ်ဖွဲ့ဝင် ရဲဘော် ၇ ယောက် အဖမ်းခံစေခဲ့ပါတယ်။ သူဟာ ကက်စထရိုဆန့်ကျင်ရေးထိပ်သီးခေါင်းဆောင် ၄၀ ရဲ့ သွားလာလှုပ်ရှားနေထိုင်မှုတွေကိုလဲ ကျူးဘားနိုင်ငံဆီ သတင်းပို့ခဲ့ပါတယ်။

xxx

အဇ္ဇရေးထောက်လှမ်းရေး အီလီကိုဟင်ဟာ ဆီးရီးယားအစိုးရထဲ စိမ့်ဝင်ထိုးဖောက်ခဲ့ရာမှာ ကာကွယ်ရေးဝန်ကြီးဌာန အကြံပေး အရာရှိချုပ်ဖြစ်လာပြီး ကာကွယ်ရေးဝန်ကြီးရာထူး ရလုနီးပါးဖြစ်ခဲ့ပါတယ်။ သူ့ကြောင့် ဆီးရီးယားနိုင်ငံရဲ့ ဂိုလန်ကုန်းမြင့် ခံစစ်ပြင် ဆင်မှုအသေးစိတ်၊ ဆီးရီးယားတပ်မတော် စစ်အင်္ဂါစဉ်၊ လက်နက်အင်္ဂါစဉ်တွေကို အဇ္ဇရေးက အပြည့်အစုံရသွားခဲ့ပါတယ်။ ဒါတင် မက ဆီးရီးယားတပ်စခန်းတိုင်းမှာ 'စစ်သားတွေအရိပ်ရအောင်' ဆိုပြီး ယူကလစ် ပင်တွေစိုက်ခိုင်းခဲ့တဲ့အတွက် TRP (ပစ်မှတ် ညွှန်မှတ်) ဖြစ်သွားပြီး အဇ္ဇရေးလက်နက်ကြီးတွေ ချိန်ရလွယ်သွားစေပါ တယ်။ ၁၉၆၅ ခုမှာ အယောင်ဆောင်မှုပေါ်သွားလို့ ကွပ်မျက်ခံခဲ့ရပေမဲ့ သူပေးခဲ့တဲ့ အချက်အလက်တွေကြောင့် ၁၉၆၇ အာရပ်-အဇ္ဇရေးစစ်ပွဲမှာ ရက်ပိုင်းအတွင်း ဂိုလန်ကုန်းမြင့်ကို အဇ္ဇရေးတပ်တွေ သိမ်းနိုင်ခဲ့ပါတယ်။

အဇ္ဇရေးနိုင်ငံက နောက်ထပ်နာမယ်ကျော်မြေအောင်းပွေး ဝုလ်ဖ်ဂဲင်းလော့ဇ်ဟာလဲ ဂျာမန်စီးပွားသမား အသွင်ယူပြီး အိဂျစ်နိုင်ငံ ကာကွယ်ရေးအသိုင်းအဝိုင်းထဲ ထိုးဖောက်နိုင်ခဲ့လို့ အိဂျစ်နိုင်ငံရဲ့ ဒုံးပျံစခန်းတွေ၊ အိဂျစ်ကိုကူညီနေတဲ့ ဂျာမန်သိပ္ပံပညာရှင်တွေ အကြောင်း သတင်းရယူပြီး အဇ္ဇရေးနိုင်ငံကိုပို့ပေးနိုင်ခဲ့ပါတယ်။

၁၉၇၅ ခုမှာ ခမာနီသူပုန်တွေ ကမ္ဘောဒီးယားတနိုင်ငံလုံးကို သိမ်းလိုက်တဲ့အခါ ပြုတ်ကျသွားတဲ့ အမေရိကန်သြဇာခံ ဗိုလ်ချုပ်ကြီး လွန်နိုးအစိုးရထဲက ဝန်ကြီးတယောက်ဟာ နှစ်ရှည်လများမြှုပ်ထားတဲ့ ခမာနီမြေအောင်းပွေး ဖြစ်နေတာ တွေ့ကြရပါတယ်။ ဒီနှစ် ဧပြီလထဲမှာဘဲ တောင်ဗီယက်နမ်လေတပ်ထဲမှာ နှစ်နဲ့ချီမြှုပ်ထားတဲ့ ဗီယက်ကောင်းပွေး လေသူရဲ ငုယင်ထန်ထရန်းက အက်ဖ်-၅ တိုက်လေယာဉ်နဲ့ တောင်ဗီယက်နမ်သမတနန်းတော်ကို ဗုံးကြဲပြီး မြောက် ဗီယက်နမ်နိုင်ငံကို သူ့တိုက်လေယာဉ်နဲ့ ထွက်ပြေးခိုဝင်သွားခဲ့ပါတယ်။

ရန်ဖက်အဖွဲ့အစည်းတွေထဲကို ကိုယ့်ထောက်လှမ်းရေးအဖွဲ့ဝင်တွေကို မြေအောင်းပွေးအဖြစ် ရေရှည်မြှုပ်နှံကြတာတွေ ရှိသလို တဖက်အဖွဲ့အစည်းထဲကလူတွေကို ချဉ်းကပ်စည်းရုံးပြီး မြေအောင်းပွေးအဖြစ် သိမ်းသွင်းတာတွေလဲ ကမ္ဘာ့နိုင်ငံရေးမှာ ထုံးစံဖြစ်နေပါတယ်။

ဆိုဗီယက်ရုရှားနိုင်ငံရဲ့ ကေဂျီဘီ ထောက်လှမ်းရေးအဖွဲ့ဟာ ဗြိတိသျှထောက်လှမ်းရေးအဖွဲ့ဝင် ကင်မ်ဖှီလ်ဘီ နဲ့ ဂိုင်း ဘားဂျက်စ် တို့ကို ရုရှားအတွက် မြေအောင်းပွေးအဖြစ် ကိမ်းဘရစ်တက္ကသိုလ်ကျောင်းသားဘဝကတည်းကစပြီး နှစ်ရှည်မွေးမြူခဲ့သလို အမေရိကန်စီအိုင်အေအဖွဲ့ဝင် အဲလ်ဒရစ်ခ်ျအေးမစ္စကိုလဲ နှစ်နဲ့ချီပြီး ပွေးမွေးနိုင်ခဲ့ပါတယ်။ စီအိုင် အေကလဲ ရုရှားစစ်ထောက် လှမ်းရေးအရာရှိ ဗိုလ်မှူးကြီးပင်ကော့ဗ်စကီး (နောက်ပိုင်း သစ္စာဖောက်မှုနဲ့ကွပ်မျက်ခံရ) နဲ့ ကေဂျီဘီထောက်လှမ်းရေးထိပ်သီး ဗိုလ်ချုပ်ကြီးအိုးလစ်ဂ်ျကာလူဂျင် တို့ကို သိမ်းသွင်းနိုင်ခဲ့ပါတယ်။ ပင်ကော့ဗ်စကီး ဆီကရတဲ့အချက်အလက်တွေဟာ ၁၉၆၂ ခု ကျူးဘားဒုံးပျံအရေးအခင်းမှာ အမေရိကန်အတွက် အင်မတန်တန်ဖိုးရှိခဲ့ ပါတယ်။ ဗိုလ်ချုပ်ကြီးကာလူဂျင်ကတော့ ဆိုဗီယက် အာဏာရှင်စနစ်ပြိုကွဲသွားတဲ့အခါ ဘောရစ္စယဲ့လ်ဆင် ရဲ့ လက်ရုံး ဖြစ်လာခဲ့ပြီး ဗလာဒီမာပူတင် လက်ထက်မှာတော့ အမေရိကန် မှာခိုလှုံနေတဲ့ ဗိုလ်ချုပ်ကြီးဟာ မျက်ကွယ်မှာ တရား စီရင် ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

xxx

ဗမာပြည်က နအဖစစ်အစိုးရဟာ တော်လှန်ရေးတပ်ဖွဲ့တွေထဲမှာရော အပစ်ရပ်အဖွဲ့တွေထဲမှာပါ မြေအောင်းပွေးတွေ မွေးဖို့ ကြိုးစားခဲ့ပါတယ်။ ၁၉၉၁ ခုက ကချင်ပြည်နယ်မှာရှိတဲ့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) တပ်ဖွဲ့အတွင်း ဖြုတ်ထုတ် သတ်ပွဲ အကြီးအကျယ်ဖြစ်ခဲ့တာဟာ ဂန္ဓဝင်မြောက်တဲ့ မြေအောင်းပွေးစီမံချက်ဖြစ်ပါတယ်။

ကိုးကန့်ငြိမ်းအဖွဲ့ထဲမှာ ပယ်စောက်ချဉ်ကို ရခဲ့တဲ့အတွက် ၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ် ပြဿနာတက်တဲ့အခါ အဖွဲ့တွင်း အာဏာသိမ်းပွဲလုပ်ခိုင်းပြီး နအဖစစ်တပ်တွေ ဝင်စွက်ခွင့်ရသွားစေပါတယ်။ အလားတူဘဲ ရှမ်းပြည် တောင်ပိုင်းက ရလလဖ (ပအိုဝ်းနီ) ငြိမ်းအဖွဲ့ထဲမှာ ခွန်ချစ်မောင်ကို ပွေးမွေးနိုင်ခဲ့ပြီး အဖွဲ့တွင်း အာဏာသိမ်းပွဲတွေ အကွဲအပြဲတွေ ဖန်တီး၊ နောက်ဆုံး ၂၀၀၇ ခုမှာ အကြွင်းမဲ့လက်နက်ချစေခဲ့ပါတယ်။ ပလောင်ငြိမ်းအဖွဲ့မှာတော့ ဥက္ကဌ အိုက်မုန်းကို ပွေးမွေးပြီး ၂၀၀၅ ခုမှာ အကြွင်းမဲ့လက်နက်ချစေနိုင်ခဲ့ပါတယ်။ မြိုင်ကြီးငူဆရာတော် ဦးသုဇန၊ ပီအဲန်အို (ပအိုဝ်းဖြူ) ဥက္ကဌ အောင်ခမ်းထီတို့ဟာလဲ နာမယ်ကျော် မြေအောင်းပွေးတွေ ဖြစ်ပြီး ၁၉၉၅ မှာ ကေအဲန်ယူ နဲ့ ဒီကေဘီအေ ကွဲအောင်၊ ၁၉၉၁ မှာ မဒတ/ဒီအေဘီ ကနေ ပီအဲန်အို သစ္စာဖောက်အောင်နဲ့ ၂၀၁၀ ခုမှာ ပအိုဝ်း ပြည်သူ့စစ် အသွင်ပြောင်းအောင် အချိန်ကိုက်စွမ်းဆောင်ပေးခဲ့ ကြပါတယ်။

နအဖဟာ ငြိမ်းအဖွဲ့တွေတင်မကဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာလဲ မြေအောင်းပွေးတွေ မွေးဖို့ ကြိုးပမ်းခဲ့ပါ တယ်။ အဖွဲ့ချုပ်ခေါင်းဆောင် ဗိုလ်မှူးချုပ်ဟောင်းအောင်ရွှေနဲ့ ဗိုလ်မှူးကြီးဟောင်းမောင်လွင်တို့ကို သိမ်းသွင်းခဲ့ပုံတွေ၊ နာမယ်ကြီးမျိုးရိုး နောက်ခံရှိ ပြည်ပရောက်တွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီး ဒေါ်စုအစ်ကိုရင်း အောင်ဆန်း ဦး၊ ကုလအတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်ရဲ့ သမီး အေးအေးသန့်၊ သားမက် တင်မြင့်ဦး၊ မြေး သန့်မြင့်ဦး၊ ဖဆပလ ဝန်ကြီး ဟောင်း ဦးကျော်ငြိမ်းရဲ့ သားနှစ်ယောက် တို့ကို သိမ်းသွင်းခဲ့တာတွေကို ကိုယ်တိုင်ပါဝင်စည်းရုံးခဲ့တဲ့ နအဖ ထောက်လှမ်း ရေးဟောင်း ဗိုလ်မှူးအောင် လင်းထွဋ်က ဖော်ထုတ်ပြခဲ့ပါတယ်။ အေးလွင်ကိုလဲ စောစောပိုင်းထောင်ကျ ကတည်းက သိမ်းသွင်း နိုင်ခဲ့တာကို တခြားထောက် လှမ်းရေးဟောင်းတွေက ပြန်ပြောပြခဲ့ပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ် မဖော်ထုတ်ပြသေးပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ အချိန်ကိုက်ပြီး နအဖဘက်လိုက်တဲ့ လေသံတွေ ဗြောင်လွှင့်လာတဲ့ ကနေဒါနိုင်ငံသား ရှမ်းပဒေသရာဇ်ဟန်ညောင်ရွှေ၊ အိန္ဒိယနိုင်ငံရောက် လေယာဉ်အပိုင်စီး သမားစိုးမြင့်၊ ထိုင်းနိုင်ငံအခြေစိုက် ဗဟုပိဋကအိုးကွဲအဖွဲ့တို့ဟာလဲ မြေအောင်းပွေးတွေ ဖြစ်ပုံရပါတယ်။ ရန်ကုန်က အီးဂရက်ပိဋက အိုးကွဲအဖွဲ့ဟာ ပွေးဖြစ်တယ်ဆိုတာကိုတော့ ဗိုလ်မှူးအောင်လင်းထွဋ်က ဖွင့်ချခဲ့ပြီးပါပြီ။

xxx

အခုနောက်ဆုံး အုတ်အော်သောင်းတင်းဖြစ်လာတဲ့ ဗမာမြေအောင်းပွေးသတင်းကတော့ ပြည်ပရောက်အတိုက်အခံ တွေထဲ အကြီးဆုံးအဖွဲ့ သို့မဟုတ် ထိပ်သီးအကျဆုံးအဖွဲ့ဖြစ်တဲ့ အဲန်စီယူဘီတပ်ပေါင်းစုကြီးရဲ့ အထွေထွေအတွင်းရေး မှူး ဦးမောင်မောင် သတင်းဖြစ်ပါတယ်။ အရင်ကတည်းက သူနဲ့ဆက်တဲ့ယူဂျီတွေ ထောင်ထဲရောက်သွားတာ၊ မဲဆောက်မှာ အက်ဖ်တီယူဘီ ညီလာခံလာတက်တဲ့ ပြည်တွင်းကကိုယ်စားလှယ်ဆိုသူတွေ ထောင်မကျဘဲ နအဖက ပြန်လွှတ်ပေးလိုက်တာတွေ ကြားခဲ့ဖူးပါတယ်။

ပြည်တွင်းမှာ ဦးတင်ဦး-ဦးဝင်းတင်တို့က ရွေးကောက်ပွဲသပိတ်မှောက်ရေး အားကြိုးမာန်တက် လုံးပမ်းနေချိန်၊ ပြီးခဲ့တဲ့ အောက်တိုဘာ-နိုဝင်ဘာမှာ တော်လှန်တဲ့လွှတ်တော် ဆိုတာကို ဦးမောင်မောင်ခေါင်းဆောင်ပြီး နယ်စပ်မှာ ဖွဲ့စည်း ခဲ့တာဟာ ပြည်တွင်းတိုက်ပွဲကို အာရုံလွှဲ လမ်းလွှဲဖို့လုပ်တာလို့ အများထင်စရာဖြစ်ခဲ့သလို ဦးတင်ဦး-ဦးဝင်းတင်တို့ဆီ က သဘောတူ ထောက်ခံကြောင်း အသံဖိုင်ပို့အကြောင်းကြားတယ်လို့ လီဆယ်ပြီး တိုင်းရင်းသားတွေနဲ့ တခြား ကိုယ်စားလှယ်တွေကို ဆိုးဆိုး ဝါးဝါး ဖိုးတွမ်တီးရိုက်ခဲ့တဲ့ ဧရာမနိုင်ငံရေးရာဇဝတ်မှုကြီး ကျူးလွန်တာလဲ ကြားခဲ့ရပါ သေးတယ်။

အခုတော့ နအဖနဲ့ ဆက်သွယ်ဝင်ထွက်တဲ့အထောက်အထား ခိုင်ခိုင်မာမာပေါ်လာခဲ့ပါပြီ။ ထိုင်းနိုင်ငံမှာအဓိကအကျ ဆုံး ဗမာအတိုက်အခံခေါင်းဆောင်ကြီး ဗမာပြည်ခိုးသွားတာကို ထိုင်းထောက်လှမ်းရေးကလဲ မသိဘဲမနေပါဘူး။ ထိုင်း ထောက်လှမ်း ရေး မသိလိုက်ဘူးဆိုရင်တော့ တော်တော်ညံ့တဲ့ထောက်လှမ်းရေးလို့ဘဲ မှတ်ချက်ချစရာရှိပါတယ်။ ဘန် ကောက်မှာရှိတဲ့ နအဖသံရုံးနဲ့ မဲဆောက်တဖက်ကမ်း မြဝတီကို အဲန်စီယူဘီအစည်းအဝေးသတင်းတွေ အတိအကျ အပြည့်အစုံ နေ့မကူးဘဲ ဝင်နေတာကို ထိုင်းထောက်လှမ်းရေးတွေ သိနေတာတော့ ကြာပါပြီ။ အခုတော့ ၁ နဲ့ ၁ ပေါင်းလိုက်ရင် ၂ ထွက်တာကို ကောက်ချက်ချလို့ ရသွားလောက်ပါပြီ။

မဲဆောက်က အဝေးရောက်အတိုက်အခံအဖွဲ့ အတော်များများရဲ့ ရုံးခန်းတွေဖောက်ထွင်းခံရပြီး ကွန်ပျူတာဟာ့ဒ်ဒစ် တွေ လက်ပ်တော့ကွန်ပျူတာတွေ မကြာခဏခိုးခံရတာတွေဟာလဲ အတွင်းလူမြေအောင်းပွေးတွေအကူအညီ မပါဘဲ မဖြစ်နိုင်ပါဘူး။ မြေအောင်းပွေးတွေဟာ ဒေါ်အောင်ဆန်းစုကြည် ကွန်ယက်ဖွဲ့စည်းရေး မပြောခင်ကတည်းက ထိုင်း နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံတို့မှာ ဒီမိုကရေစီဆန့်ကျင်ရေး စစ်အာဏာရှင်ထောက်ခံရေး ပွေး ကွန်ယက် ဖွဲ့စည်းထားပြီး ဖြစ်ပုံရပါတယ်။

xxx

ထိပ်သီးပြည်ပရောက်အတိုက်အခံအဖွဲ့ကြီးအတွင်းက မြေအောင်းပွေးအမှုကို စစ်ဆေးဆုံးဖြတ်နိုင်ဖို့အတွက် စုံစမ်းရေး ကော်မရှင် တခုကို အဲန်စီယူဘီက ဖွဲ့ထားတာတွေ့ရပါတယ်။

ဗမာပြည်တွင်းဥပဒေအရ ကြည့်ရင်တော့ အစိုးရအဆက်ဆက်ဟာ ဒီလို မြေအောင်းပွေးအမှု သို့မဟုတ် သူလျှိုမှု အတွက် ရာဇသတ်ကြီးဥပဒေ နိုင်ငံတော်သစ္စာဖောက်မှု ပုဒ်မ ၁၂၁၊ ၁၂၂ နဲ့ သေဒဏ် သို့မဟုတ် တသက်တကျွန်း၊ ၁၉၅၉ ခု တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၂ အရ သေဒဏ်၊ ၁၉၅၀ ခု အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၂ နဲ့ ၃ အရ သေဒဏ် သို့မဟုတ် တသက်တကျွန်း၊ ၁၉၂၃ ခု နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ အရ ၁၄ နှစ်အထိ ထောင်ဒဏ်တွေ တိတိကျကျသတ်မှတ်ထားပါတယ်။ ဒီအမှုမျိုးမှာ အာမခံပေးခွင့်မရှိပါဘူး။ (နအဖထိပ်သီး ဗိုလ်ချုပ် ရွှေမန်းရဲ့ မြောက်ကိုးရီးယား ခရီးစဉ် သတင်းပေါက်ကြားစေခဲ့တယ် ဆိုတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်ကိုတော့ နအဖက ၁၉၅၀ ခု အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၃ နဲ့ သေဒဏ်ချခဲ့ပါတယ်။)

ဒါ့အပြင် သက်သေ အထောက်အထားတွေကို ဝိုင်းဝန်းပြင်ဆင်တာ ဖျောက်ဖျက်တာတွေကလဲ ရာဇသတ်ကြီးဥပဒေ မမှန်မကန် သက်သေခံမှုပုဒ်မ ၁၉၁၊ ၁၉၂၊ ၁၉၃၊ ၂၀၁ တို့နဲ့ငြိစွန်းနေပြီး ရာဇဝတ်မကင်းသောပူးပေါင်းကြံစည်မှု ပုဒ်မ ၁၂၀(က)(ခ)၊ နိုင်ငံတော်သစ္စာဖောက်မှုကိုအားပေးမှု ပုဒ်မ ၁၂၃၊ ထိန်ချန်မှု ပုဒ်မ ၁၂၄ တို့နဲ့လဲ ငြိပါတယ်။ အစိုးရ ဌာနတွင်း စုံစမ်းစစ်ဆေးရေးနဲ့ ပတ်သက်တဲ့ ဂျီဆာကျူလာ လုပ်ထုံးလုပ်နည်းတွေလဲ ရှိပါသေးတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် စစ်မှန်တဲ့တော်လှန်ရေးအဖွဲ့အစည်းများအနေနဲ့ တော်လှန်ရေးသတိ၊ လုံခြုံရေးအသိတွေ အစဉ် နိုးကြားနေဖို့ လိုအပ်ကြောင်းပါ။



ဂါမဏိ